ကတမ်းခုန်တမ်း ကစားကြရအောင်

ဆူးငှက်

ကျွန်တော် စာရေးတော့ ဆောင်းပါးအတိုအစလေးတွေမှာ သီချင်းအကြောင်း ဂီတအကြောင်းက မကြာခဏပါတတ်သည်။ မဖြစ်စလောက် ပြောဖူးဟောဖူးတော့လည်း သီချင်းတွေအကြောင်း ပါလိုက်သေးသည်။ အံမယ် ဘယ်ကီးနှင့်မှ မကိုက်သော အသံနှင့် သီချင်းတစ်ပိုင်းတစ်စက ဆိုလိုက်သေး။ ထို့ကြောင့် တချို့က ကျွန်တော့်ကို ဂီတရေးရာနှံ့စပ်သူ၊ဂီတနှင့်ပတ်သက်၍ တီးတတ်မှုတ်တတ်သူဟု ထင်ကြသည်။

တခြားမပြောပါနှင့် အရပ်နားနီးချင်းဖြစ်သော ကွယ်လွန်သူ ဂီတမှူးကြီး ဦးရွှန်းမြိုင် (ဆရာကြီးမြို့မငြိမ်း သား)ကပင် ကျွန်တော့်ကို ဂီတတတ်ကျွမ်းသူဟု ထင်မှတ်ပြီး တစ်ခါတရံ သူရေးထားသည့် ဂီတနုတ်စ်များကို ပြကာ အသံဖွဲ့စည်းပုံတွေ ပြောပြနေတတ်သည်။ တကယ်တော့ ကျွန်တော်က ထို ဂီတနုတ်စ်များကို ပဲတီပင်ပေါက်တွေ ဟူ၍လောက်သာ သိသည်။ ဒီထက် ဘာမှ ပိုမသိ။

ထို့အတူ နာမည်ကျော် စန္ဒရားဆရာ ဦးတင်ဝမ်းက ဂီတ အခမ်းအနားတစ်ခုတွင် ကျွန်တော့်ကို ညွှန်းသောအခါ မန္တလေး ပန်ထျာကျောင်းထွက်ဟု ဝိသေသပြုသည်။ ကျွန်တော်ဖြင့် ပန်တျာကျောင်းကို အရှေ့ပေါက်ကဝင်ပြီး အနောက်ပေါက်က ထွက်ခဲ့တာဟူသော လူရွှင်တော်ပြက်လုံး အတိုင်းပဲဖြစ်သည်။

ဂီတနှင့်ပတ်သက်၍ ကိုယ့်ကိုကိုယ်ဖော်ရလျှင် ဘယ်တူရိယာမှ မတီးတတ်။ မခေါက်တတ်။ ကျွန်တော်တို့ အလယ်တန်းကျာင်းသား ဘဝမှကျောင်းဘင်ခရာဝိုင်းတွေ ခေတ်စားတော့ ဘေးမှုတ်ပုလွေကို ကျောင်းသားအများစုက လွယ်လင့်တကူ သင်ယူနိုင်ခဲ့ကြသော်လည်း ကျွန်တော်က အဖြစ်မရှိ။ သုံးရက်လောက်နှင့် လက်လွှတ် အရှုံးပေးလိုက်ရသည်။ အိမ်ချင်းကပ်ရက် ဝမ်းကွဲအစ်ကို၏ ဝါးပတ္တလားမှာ နံပတ်တွေကပ်ပြီး ထံတျာတေရှင် တက်သည်။ရှေ့ကို တော်တော်နှင့် မရောက်။ ဒုံရင်းမှာပဲ တဝဲလည်လည်ဖြစ်နေတာ တစ်ပတ်လောက်မို့ အောင်မြင်စွာ ဆုတ်ခွာခဲ့ရပြန်သည်။ အိမ်က ယဉ်တီးဝိုင်းအသင်းသားဖြစ်သူ ယောက်ဖတော်၏ ထရန်ပက်ကို မှုတ်ရာ ဘာသံမှ မထွက်။ယောက်ဖက နူတ်ခမ်းကို ဘယ်လိုထား၊မောက်ကို ဘယ်လိုဖိ၊ ဘယ်လိုမှုတ် ဟု ဘယ်လိုသင်သင် ဖူးဖူးဖူး ဟူသော လေသံနှင့် တံထွေးတွေသာ ထွက်လာသည်။ ထရန်ပက်သံက မထွက်၊ ဒီတော့ ကိုသိန်းမောင်က သူ့ထရန်ပက်ကို မောက်ဖြုတ်ပြီး ကတ္တီပါခင်း သားရေအိတ်လေးထဲ ပြန်ထည့်လိုက်တော့သည်။

ကျွန်တော်ဖြင့် ကိုယ်လက်လှမ်းမီသော တူရိယာတွေကို စမ်းသပ်တီးကြည့် သင်ကြည့်သော်လည်း ကျွဲပါးစောင်းတီးသလို ဘယ်လိုမှ သင်မရ၍ လက်လျော့လိုက်ရသည်ချည်းဖြစ်သော်လည်း အိမ်ထဲက အခန်းထောင့်မှာ ချိတ်ထားသည့် တာပလာ ဗုံလေးနှင့်ကျ မဆိုးလှဟု ပြောရမည်။ ထိုတာပလာ ဗုံလေးကိုတွ့နေတာကြာပြီ။ သို့သော် မယူရဲ။ ဘယ်သူ့ ပစ္စည်းမှန်း မသိလို့ ဟူသာမက တီးခတ်စရာဟု မသိခဲ့ခြင်းကြောင့်ဖြစ်သည်။

တာပလာဗုံ ဆိုတာက ဖရုံသီးကြီးကြီးလို စတီးအိုးမှာ အပေါ်က သားရေကျက်ထားသည့် ပုံစံ ဗုံဖြစ်သည်။ အိန္ဒိယ ရုပ်ရှင်ကားတွေထဲ တွေ့ဖူးကြမှာပေါ့။ အခန်းထောင့်မှာ ချိတ်ထားတာ ကြာလို့ ဖုံအလိမ်းလိမ်းကပ်နေသော ထိုပစ္စည်းက တီးခတ်စရာဟု သိမှ ဖုံခါ အဝတ်စုတ်နှင့် သန့်ရှင်းလိုက်သည်။ ထိုအခါကျမှ ထိုပစ္စည်းလေးကို မြင်ဖူးတာပေါ့။ ကျွန်တော်တို့ အိမ်၏တောင်ဘက် ဒေါင်းရိုးပုဏ္ဏားစုထဲကတစ်ယောက် တီးနေတာ ခဏခဏမြင်ဖူးနေသည်။ ကုလားပဲသုတ် သွားဝယ်တိုင်း ပေါက်ပေါက်ဆုပ် သွားဝယ်တိုင်း တွေနေ ကြားနေဖူးသည်။ ထိုပုဏ္ဏားစုမှာ သူငယ်ချင်းတွေရှိသလို လူကြီးချင်း ရင်းနှီးနေကြတော့ သူတို့ရိုးရာပွဲလမ်းတွေဆိုလည်း ကိုယ်တိုင် မပါရုံတစ်မယ်ပဲဖြစ်သည်။

မဟာပိန္နဲလှည်းဆွဲပွဲ၊ စန္ဒီနတ်သမီးရေချပွဲ၊ ရာမဇာတ်ပွဲ၊ ဒီပါဝလီ မီးထွန်းပွဲ စသည်တို့မှာ ကျွန်တော်တိုမွေးကတည်းက မြင်တွေ့နေရသည်။ အထူးသဖြင့် မဟာပိန္နဲပွဲရောက်လျှင် အလွန်ပျော်သည်။ ညပိုင်းမှာကျင်းပသော ထိုပွဲက အိမ်ပေါက်စေ့ ဦးတိုက်သော ဘုရားလှည်းနောက် လိုက်ရင်း “ဟရာရေး ဟရာပိုရေး၊ ဟရာရေး ဟရာပိုရေး၊ ဟရာဟရာ ပိုရိုရေး” ဟု ပုဏ္ဏားသူငယ်ချင်း တင်တင်လှတို့ မာလာတို့ ရာပြည့်တို့ အောင်ကြည်တို့နှင့် လိုက်ပါ သီဆိုရတာ အလွန်ပျော်သည်။ “ဟရာရေး ဟရာပိုရေ၊ ဟရာရေး ဟရာပိုရေး၊ ဟရာဟရာ ပိုရိုရေး” ဟူသည်ကိုလည်း ကျွန်တော်တို့ရှေ့က ဦးလေးတွေ အစ်ကိုတွေကလည်း အလွတ်ရနေသလို ကျွန်တော်တို့ကလည်း ၄နှစ် ၅နှစ်သားလောက် ကတည်းက ရနေသည်။ ကျွန်တော့်အောက် တူတွေ တူမတွေကလည်း မသင်ရဘဲ ရနေကြသည်။ ကျွန်တော်က သန့်ရှင်းပြီးသော တာပလာဗုံလေးကို ယူ၍ အိမ်ရှေ့ ရသေ့ကျောင်းခုံကြီးပေါ် ထိုင်ရင်း စမ်းတီးကြည့်သည်။ ဟိုစမ်း သည်စမ်း တီးကြည့်ရင်း အဆို့အပိတ် အဖိအဖော့ အတို့အခတ်သဘောကို သိသလိုလိုရှိလာသည်။

ကျွန်တော် ထိုင်နေသည့် ရသေ့ကျောင်းခုံကြီရှေ့က စားပွဲမြင့်အာက်မှာ တူမလေးတစ်ယောက်က အရုပ်တွေနှင့ဆော့နေသည်။ သူက ဘာရှိဦးမလဲ၊ ၇နှစ်လောက်နမှာပေါ့။ ကျွန်တော်က သူ့ကိုကြည့်ပြီး တာပလာဗုံကို ခပ်ကျယ်ကျယ်လေး တီးပြသည်။ သူက အသံကြားလို့ မော့ကြည့်သည်။ ကျွန်တော်ကလည်း တာပလာကို ထပ်ကျော့သည်။ သုံးကြိမ်လောက် ကျော့လိုက်တာနှင့် တူမလေးကဆာ့နေရာမှ ထလာကာ “ဟရာရေး ဟရာပိုရေ၊
ဟရာရေး ဟရာပိုရေး၊ ဟရာဟရာ ပိုရိုရေး။ “ဟရာရေး ဟရာပိုရေ၊ ဟရာရေး ဟရာပိုရေး၊ ဟရာဟရာ ပို
ရို..ရေး” ဟူ၍ လိုက်ဆိုတော့သည်။ ထပ်ကျော့လေ၊ သူက ထပ်ဆိုလေ..၊နောက် အကျော့တွေမှာ အော်၍ပင် ဆိုလိုက်သည်။ ကျွန်တော်က ခေါင်းလေး ဆတ်ဆတ်ပြီး အခြား အဖိအဖော့တွေတီးတော့ သူက ထို ဟရာရေး ဟရာပိုရိုရေးကို သံစဉ်ပြောင်းကာ ဆိုပြန်လိုက်သေးတော့။ ကျွန်တော်တို့ တူဝရီး နှစ်ယောက်၏ အဆိုအတီးတွေကို ကြားရသည့် လူကြီးတွေက တသောသော ရယ်မောကြသည်။ တကယ်တော့ ကျွန်တော်တို့သည် မမွေးဖွားမီ မိခင်၏ ဝမ်းကြာတိုက်ထဲ ကတည်းက ဂီတနှင့် ထိတွေ့နေရသည်။ မွေးဖွားပြီး လသားအရွယ်မှာလည်း မိခင်နို့ကို တပြွတ်ပြွတ်စို့ရင်း ဘုရားပွဲ ပွဲခင်းကြားက ဂီတသံအကြား အိပ်မောကျရသည်။ လမ်းလျှောက်တတ်သော အရွယ်မှာတော့ မိခင်ထဘီစ ဆွဲရင်း ပွဲခင်းထဲတိုးဝှေ့ကာ အငြိမ့်စင်ပေါခေါင်းမော့ပြီး တခစ်ခစ်ရယ်မောရ၊ တထိတ်ထိတ် ရင်ခုန်ရ၊ တရှိုက်ရှိုက်ငိုကြွေးရနှင့် ဘာမှန်းမသိသော်လည်း ဂီတကိုတော့ ခံစားတတ်လာသည်။ လူမှန်းသိသည့် အရွယ်ရောက်တော့ မပြောပါနှင့်တော့၊ ၁၂ရာသီမပြတ် ပွဲလမ်းများ သာမက ကလေးပုခက်တင်က အစ ရပ်ကွက်ေဘာလုံးသင်အောင်ပွဲအထိ ပွဲခံကြတော့ စင်ထိုးကတည်းက စင်ပေါ် ကျွမ်းပစ် ပျော်ရွှင်ကာ ပွဲအသိမ်း သန်းခေါင်သန်းနွှဲအထိ အိမ်မပြန်တမ်း ပွဲကြိုက်ကြသည်။

ထိုသို့သော မိခင်ဝမ်းကြာတိုက်တွင်း ရှိစဉ်ကတည်းက သန္ဓေစိတ်ဖြင့် ကျွန်တော်တို့သည် ငယ်စဉ်က ကလေးဖော်ချင်း ဇာတ် က တမ်းလည်း ကစားကြသည်။ ဝါးခြမ်းအသစ်လေးများနှင့် ဇာတ်ခုံလေဆောက်ပြီး ဇာတ်ကတမ်း ကစားကြသည်။ ဇာတ်ကောင်က ဂျပ်စက္ကူပေါ် ရောင်စုံခဲတံနှင့်ရေးဆွဲ၍ ကပ်ကြေးဖြင့် ညှပ်ပြီး ဇာတ်ခုံလေး ဟိုဘက်ထိပ် သည်ဘက်ထိပ် တန်းထားသော အပ်ချည်တန်းပေါ် ချိတ်တင်ကာ ပါးစပ်က ဇာတ်လမ်းပြောခြင်းဖြစ်သည်။ ချိတ်ထားသော အရုပ်ကလေးများက ဇာတ်ဝင်စကားနှင့် ဟပ်မိအောင် အပ်ချည်ကြိုးတန်းကို လှုပ်ပေးရတာပေါ့။ရောင်စုံခဲတံတွေနှင့် အရုပ်တွေရေးခြယ်ကာ အရုပ်ကလေးတွေရအောင် ကပ်ကြေးဖြင့် ညှပ်သည်။ ဇာတ်ခုံ ပြင်တာ ဆင်တာကျ အိမ်က အမေ၏ ကတ္တီပါလုံချည်ဟောင်းတွေ၊ ပုဝါဟောင်းတွေနှင့်မို့ ဇာတ်ခုံက သားနားနေသည်။ သည်လိုတွေ ပြင်ဆင်ပြီး ကျွန်တော်တို့ ၅တန်း ၆တန်း ၇တန်းလောက်အထိ ဇာတ် ကတမ်း ကစားဖြစ်ကြသည်။

ထို့ပြင် ကလေးဘဝ၌ မိန်းကလေးများက အဖေ့ပုဆိုးဟောင်းကို ယူကာ ဗန့်ထဘီလုပ်ဝတ် နောက်ထပ်ပုဆိုးကိုကျ ခေါင်းပေါ် လိမ်၍စွပ်ကာ ဆံပင်ဆံထုံးလုပ်၊ အမေ့အင်္ကျီအပွကိုဝတ်ပြီး ခါး၂ဘက်တွင် မြက်တံမြက်စည်းရိုးချောင်း ထိုးထည့်၍ ခါးတောင်အင်္ကျီလိုဝတ်ပြီး ယောက်ျားလေးတွေကလည်း အဖေ့ပုဆိုး အဖေ့တိုက်ပုံတွေဝတ် အဖေ့ပုဝါ ခေါင်းပေါင်း၍ လူပြက်လုပ်ပြီး တဗြုန်းဗြုန်း ကခုန်ကြသည်။ အိပ်ရာပေါ်က ချည်ထည်စောင်က ကားလိပ်ပေါ့။ ထို့ကြောင့် ကလေး ဘာသာဘာဝဆာ့ ကစားနည်းများတွင် ဘောလုံးကန်ခြင်း၊တူတူပုန်းခြင်း၊ထွေခင်းခြင်း၊ ကျည်းသားရိုက်ခြင်း စသော ကစားနည်းများ သာမက “ကတမ်းခုန်တမ်း” ဟူသော ကစားခြင်းကိုလည်း ကျွန်တော်တို့ ကလေးဘဝက ပျော်မွေ့ခဲ့ကြတာ သတိရမိပါသည်။

အခုခေတ်ကျ ကလေးတွေသာမက လူကြီးတွေအထိလည်း ကတမ်းခုန်တမ်းဆော့ကြသတဲ့။ တချို့များ အဖေရော အမေရော လင်ရော မယားရော သားရော သမီးရော ဆော့ကြတာတဲ့။ ကျွန်တော်တို့ငယ်ငယ်တုန်းကလိုတော့မဟုတ် သူတို့က တစ်တော့ဆိုလား ယူကျုဆိုလား အဲဒါတွေပေါ်မှာ ဆော့ကြတာဆိုပဲ။ အံမယ် ကျွန်တော်တို့ ငယ်ငယ်က ကတမ်းခုန်တမ်းဆော့တာ ပုံမတော်ရင် မိဘတွေက မျက်စေ့နောက်လို့ အရိုက်ခံရသေး။ အခု သူတို့ ကတမ်းခုန်တမ်းဆော့ကြတာက သိန်းဆယ်ချီ ရာချီ ရကြသတဲ့။ ထို့ကြောင့် ကျွန်တော်လည်း အခုတလော အိုကြီးအိုမ အရွယ်ရောက်မှ ကတမ်းခုန်တမ်း ပြန်ဆော့ရကောင်းမလား စဉ်းစားနေမိပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW