တရုတ်နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ် လုပ်ရခက်သလို အလိမ်ခံရသူများလာ

ဩဂုတ် ၄၊ ၂၀၂၃
Shy V(VOM)

မူဆယ်မှာ တရုတ်နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်လုပ်ရခက်လာသလို အလိမ်ခံရသူများလာတယ်လို့ မူဆယ်ခရိုင် ပြန်/ဆက်နဲ့ လိမ်လည်ခံရသူတွေဆီက သိရပါတယ်။

“လိမ်တာက ညီမတို့ ၁ ယောက်ဆီက လိမ်တာ မဟုတ်ဘူး၊ ရခိုင်ပြည်က ၆ ဦးနဲ့ အောက် ဗမာပြည်ဘက်က ၃ ဦးဖြစ်ပြီး သူတို့ အုပ်စုတွေက ပွဲစားငှားပေးတဲ့ တိုက်ခန်းမှာ နေထိုင်ပြီး ကိုယ့်စရိတ်နဲ့ စားသောက် လချီစောင့်ပြီး စရိတ်ပြတ်မှ ပြန်သွားကြရတယ်၊ တချို့‌‌တွေက ၁ ဦးကို သိန်း ၂၀ ကျော် နဲ့ အပြတ်ပေးထားရပြီး တချို့က တရက် ကို နှစ်သိန်း၊ သုံးသိန်း ထုတ်ပေးရတာ”လို့ ရခိုင်ပြည်နယ်က လိမ်လည်ခံရတဲ့ အမျိုးသမီး ၁ ဦးက ပြောပါတယ်။

မူဆယ်ခရိုင် ပြန်/ဆက် ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက “ဟုတ်တယ်။ အလိမ်ခံရတယ်။ အဲဒါတွေ။ ပြောရင်လည်း မကောင်း။ လူတွေက လိုချင်ပြီဟေ့ ဆိုရင်လေ ပိုက်ဆံရှိတဲ့လူဆိုရင် ဇွတ်ကြီး ယုံတာကော။ပွဲစားနဲ့ မလုပ်နဲ့လို့။ ပွဲစားကတော့ ၁၀၀ မှာ ၁၀၀ လုံး အလိမ်ခံရတာပဲ၊ အလိမ်ခံရလို့ မူဆယ်မှာ သောင်တင်နေသူတွေ အများအပြားရှိပြီး အိမ်ထောင်စု၊ မှတ်ပုံတင်တွေလည်း အတုက အစစ်ထက်တောင် ကောင်းနေတာကြောင့် ရုတ်တရက် ကြည့်ရင် မသိနိုင်ဘူး၊
လက်ရှိမှာ လိမ်လည်သူတွေနဲ့ အိမ်ထောင်စု၊ မှတ်ပုံတင်အတုလုပ်သူတွေကို ဖမ်းဆီး အရေးယူထားတာ ၅ မှုခန့် ရှိတယ်။” လို့ VOM ကို ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ် ဌာနဆိုင်ရာနဲ့ နီးစပ်သူ ၁ ဦးကတော့ တရုတ် နဲ့ မြန်မာ နယ်စပ်မှာ ၁၉၉၇ ကတည်းက MOU ထိုးထားတာမှာ မြန်မာဘက် မူဆယ်ခရိုင်နဲ့ တရုတ်ဘက် တယ်ဟုန်ပြည်နယ်ခွဲ စာအုပ်လုပ်၊ ဝင်/ထွက်ဖို့ပဲ ရှိတယ်လို့ ပြောပါတယ်။

နမ့်ဆန် က လိမ်လည်ခံခဲ့ရတဲ့ အမျိုးသား ၁ ဦး ကလည်း “တစ်ယောက်ကို သိန်း ၂၀။ နမ့်ဆန် နဲ့ ရခိုင်က ၁၀ ယောက်၊ အလုပ်ပါ ရမယ်ဆို‌တော့ တချို့က အထင်ကြီးပြီး ပိုက်ဆံအတိုးနဲ့ ချေးလာရတာဖြစ်ပြီး အခန်းပါ ငှားနေပြီး စောင့်ဆိုင်းကြတာ ဘာမှလည်း မရဘဲနဲ့ ငွေပြတ်မှ အိမ်ပြန်ရတယ်”လို့ ပြောပါတယ်။

ကိုဗစ် အလွန်ကာလ လက်ရှိမြန်မာနိုင်ငံရဲ့ဖြစ်ပျက်နေတဲ့ အခြေအနေ‌ကြောင့် အလုပ်အကိုင်ရှားပါးလို့ ပြည်သူတွေ ရရာအလုပ် ရှာနေကြတာကြောင့် ဝန်ဆောင်မှုပေးသူတွေ ပေါ်လာပြီး အလိမ်ခံနေကြရတာလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #နယ်စပ်ဖြတ်ကျော်စာအုပ် #လုပ်ရခက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW