မော်လမြိုင်က နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ စာသင်ကျောင်းကြီး မီးလောင်မှုဖြစ်ပွားခဲ့

ဩဂုတ် ၄ – ၂၀၂၃
SN (VOM)

မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်မှ နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ အမှတ် ၉ အထက်တန်းကျောင်း မီးလောင်မှု မနေ့ ဩဂုတ် ၃ ရက်၊ ည ၁၁ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ပြီး Level 4 အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

အဲ့ဒီ့ ကျောင်းမီးလောင်မှုကြီးကို မီးသတ်ယာဉ် (၄) စီး၊ မီးသတ်ရေသယ်ယာဉ် (၁၀) စီး၊ လူမူကယ်ဆယ်ရေး ရေသယ်ယာဉ် (၆) စီး၊ စည်ပင်ရေသယ်ယာဉ် (၄) စီး၊ အပြင်ရေသယ်ယာဉ် (၆) စီး၊ စုစုပေါင်း ယာဥ်အစီး (၃၀)၊ ရေဂါလံ (၆၀၀၀၀)ကျော်နဲ့ အချိန်(၁)နာရီဝန်းကျင်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

“နှစ်ပေါင်း (၁၀၀)ကျော် သက်တမ်းရှိတဲ့ ကျောင်းကြီးပါ။ ကျောင်းက အင်္ဂလိပ်အက္ခရာ H ပုံစံ။ မီးလောင်တာ ကျောင်းတခြမ်းလုံး ကုန်သွားတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ လောလောဆယ်တော့ သောကြာ၊ စနေ ကျောင်းပိတ်ထားမယ်၊ ကျောင်းဖွင့်ရက်ကို ပြန်လည် ကြေညာ‌ပေးမယ်လို့တော့ သိရပါတယ်”လို့ ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့ကျောင်းကြီးဟာ နှစ်ပေါင်း (၁၂၄) နှစ် သက်တမ်းရှိတဲ့ ကျောင်းကြီးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသားကျောင်းဖြစ်ကာ အရင်က “ရှင်မဟာဗုဒ္ဓဃောသကျောင်း” လို့ အမည်တွင်ခဲ့ပြီး အမျိုးသားရေး လှုပ်ရှားမှုဖြစ်ခဲ့တဲ့ ၁၉၂၀ ခုနှစ်ထက် ၂၁ နှစ်စောကာ ဖွင့်လှစ်ခဲ့တဲ့ ကျောင်းကြီးဖြစ်တယ်လို့ သိရပါတယ်။

“ရှေးဟောင်းသစ်သားကျောင်းကြီးပါ။ အခုတော့ အထက(၉) ခေါ်တယ်။ အရင်ကတော့ ရှင်မဟာဗုဒ္ဓဃောသကျောင်းလို့ခေါ်တဲ့ ကျောင်း
ကြီး၊ ညက အရှိန်ပြင်းပြင်းနဲ့ကို မီးလောင်သွားတာ။ ကျောင်းက သမိုင်းအမွေအနှစ်တွေ ကုန်လုနီးပါး ဖြစ်သွားပြီ။ သမိုင်းဝင်အမျိုးသားရေးကျောင်းကြီးပါ။ အရမ်းကို နှမြောဖို့ကောင်းတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှင်မဟာဗုဒ္ဓဃောသကျောင်းကို ၁၈၉၉ ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ သာသနဓရအသင်းကြီးမှ ထူထောင် ဖွင့်လှစ်ခဲ့ပြီး ရာမညတိုင်းမှစတင်ကာ မြန်မာတစ်ပြည်လုံးအတွက် သာသနာကျေးဇူးကြီးတဲ့ အရှင်သူမြတ်ရဲ့အမည်ကို ကျောင်းရဲ့အမည်အဖြစ် စတင်အသုံးပြုခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ပြည်သူပိုင်သိမ်းပြီးနောက် မော်လမြိုင်မြို့ရှိ အခြားသောကျောင်းတွေနည်းတူ ကျောင်းရဲ့ အမည်တွေကို အမှတ်စဉ်နဲ့ပြောင်းလဲခဲ့ရာမှာ ရှင်မဟာဗုဒ္ဓဃောသကျောင်းဟာ အ.ထ.က (၉) မော်လမြိုင် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ကျောင်းရဲ့ထင်ရှားခဲ့တဲ့ ဖြစ်ရပ်တွေကတော့ အိန္ဒိယခေါင်းဆောင် မဟတ္တမဂန္ဒီ ခွဲရေးတွဲရေးကိစ္စအတွက် မြန်မာပြည်ကို လာရောက်စဉ် ရှင်မဟာဗုဒ္ဓဃောသကျောင်းမှာ ဟောပြောပွဲ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗုဒ္ဓကလျာဏယုဝအသင်း (Y.M.B.A) အသင်းကြီးရဲ့ ဆဌမမြောက်ညီလာခံကို အဲ့ဒီ့ကျောင်းမှာပဲ ၁၉၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့ကနေ (၂၄) ရက်နေ့အထိ ကျင်းပခဲ့ပြီး ဖေ-ပု-ရှိန် လို့ လူသိများတဲ့ ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့လည်း အဲ့ဒီ့ညီလာခံကို တက်ရောက်ခဲ့ကာ တရားပွဲတွေ ကျင်းပခဲ့သလို ကျောင်းကို ဗမာလွတ်လပ်ရေးတပ်မတော် (BIA) ရဲ့ စခန်းချရာအဖြစ်လည်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသားဟောင်းတွေထဲက ထင်ရှားသူတွေကတော့ ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူ ဆရာကြီး သိပ္ပံမောင်ဝ၊ တို့ဗမာအစည်းအရုံးဝင်နဲ့ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် စတင်တည်ထောင်သူ သခင်စိုး၊ နိုင်ငံတော်ဝန်ကြီးချုပ် သီရိပျံချီ ဦးစိန်ဝင်း၊ ခေတ်စမ်းစာပေလှုပ်ရှားသူ စာရေးဆရာ ကုသ (ဦးတိုးအောင်) တို့ ဖြစ်ကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မော်လမြိုင် #နှစ်၁၂၀ကျော်သက်တမ်းရှိကျောင်း #မီးလောင်မှုဖြစ်ပွား

Related posts

Leave a Comment

VOM News

FREE
VIEW