VOM ရဲ့တပတ်တာ သီးနှံစျေးကွက်

ဩဂုတ် ၆ – ၂၀၂၃
VOM (GG)

ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့ကစပြီး ဆန်၊စပါး ၊ပဲ မျိုးစုံ နဲ့ သီးနှံ စျေးကွက် အားလုံးနီးပါး စျေးနူန်းတွေ မြင့်တက်လာတယ်လို့ ကုန်စည်ဒိုင်တွေက သိရပါတယ် ။

ငွေလဲလှယ် စျေးနူန်း မတည်ငြိမ်တာ ၊ စျေးကွက်မှာ သီးနှံဝင်ရောက်မှုနည်းတာ ၊ ပြည်ပကနေ တင်သွင်းရတာ စတဲ့ အခြေအနေတွေကြောင့် စျေးကွက်က အတက်ဘက်ကို ဦးတည်လာတာဖြစ်တယ်လို့ သိရပါတယ် ။

(ဆန်)
ပြီးခဲ့တဲ့ ဇူလိုင်လမှာဆိုရင် ပြည်တွင်းဆန်စျေးမှာ ရွှေဘိုပေါ် ဆန်းက ရန်ကုန်ဝါးတန်းဘုရင့်နောင်ကုန်စည်ဒိုင်မှာ တစ်အိတ်ကို အမြင့်ဆုံး ၁၁၅၀၀၀ သာရှိခဲ့ပေမယ့် လက်ရှိ ဩဂုတ်လထဲမှာတော့ တစ်အိတ်ကို ၁၃၀၀၀၀ ကျပ်အထိ စျေးတက်လာပါတယ်။
ပြင်ပဆန်လက်လီလက်ကားစျေးကွက်မှာဆိုရင် နေရာဒေသအပေါ်လိုက်ပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို အမြင့်ဆုံး ၁၅၀၀၀၀ ကျပ်အထက်အထိ စျေးတန်းကအမြင့်မှာရှိနေပါတယ်။
ဒါကြောင့် ဇူလိုင်လနဲ့ ယှဥ်ရင် ​ဩဂုတ်လမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို အနည်းဆုံး ၁၅၀၀၀ ကျပ် ခုန်တက်လာပြီး ကျန်တဲ့ ဆန်ကြမ်း ၊ စားဆန် တွေလည်း တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ လောက် တက်လာတယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေဆီကသိရပါတယ်။

(စပါး)
ဆန်စျေးတက်လာသလို စပါးစျေးလည်းအနည်းငယ်ပြန်တက်လာပြီး စျေးကွက် အဝယ်လိုက်လာကြောင်း ၊ လက်ရှိမှာ နွေစပါးက စပါးအမျိုးအစားအပေါ်လိုက်ပြီး ၁၃ သိန်းကနေ ၁၉ သိန်းအထိရှိပြီး ၂၀၂၂ မိုးစပါးအဟောင်းက သိန်း ၂၀ ကနေစပြီး ရွှေဘိုပေါ်ဆန်းက ၃၅ သိန်းလောက်အထိစျေးပေါက်နေတယ်လို့ သိရပါတယ် ။

(မတ်ပဲ)
မတ်ပဲ ကလည်း ဇူလိုင်လ နောက်ဆုံးပတ်လောက်ကတည်းက အခုထိ ဆက်တိုက်အမြင့်စျေးနဲ့ ရှိနေပြီး ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၃၆၈၀၀၀ စျေး ရှိနေပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၀၀၀၀ ကျော်လောက် စျေးမြင့်တက်လာတာဖြစ်ပါတယ်။
ဟင်္သာတ ကုန်စည်ဒိုင် နဲ့ ပဲခူးအနောက်ခြမ်း ပဲပွဲရုံတွေကတော့ မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၇၇၀၀၀ ကနေ ၇၇၅၀၀ ကျပ်ထိ စျေးဖွင့်ထားပါတယ်။
မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၃၀၀၀၀ ကနေ ၂၄၀၀၀၀ စျေးတန်းရှိနေပါတယ်။
အောင်လံကုန်စည်ဒိုင်မှာတော့ မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၇၅၀၀၀ ကျပ် စျေးဖွင့်ထားပြီး အဲ့ဒီဘက်က မတ်ပဲထွက်ရှိမှုနည်းလို့ စျေးတန်းက နည်းနေတာဖြစ်တယ်လို့ အောင်လံ ကုန်စည်ဒိုင်ကနေ သိရပါတယ်။
လက်ရှိ မတ်ပဲကတော့ တောင်သူတွေလက်ထဲမှာ လက်ကျန်မသိပ်မရှိတော့တာကြောင့် စျေးကွက်ကို အဝင်နည်းပေမယ့် အရောင်းအဝယ်အေးကတော့ ဝင်သလောက်အရောင်းအဝယ်ဖြစ်တဲ့ အနေအထားဖြစ်တယ်လို့သိရပါတယ်။

(ပဲတီစိမ်း)
ပဲတီစိမ်းကို တရုတ်ဘက်က အရည်အသွေးအပေါ်လိုက်ပြီး အဝယ်ရှိနေတာကြောင့် စျေးတန်းက ကျဆင်းသွားတာမရှိဘဲ အမြင့်ပိုင်းမှာပဲ ငြိမ်နေပါတယ်။
ပြည်တွင်းမှာလည်း ပဲတီစိမ်းက လက်ကျန်ရှိနေသလို စျေးကွက်ကိုလည်း ဝင်ရောက်မှုရှိနေလို့ အရောင်းအဝယ် ကပုံမှန်ရှိနေတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။
မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၅၀၀၀ စျေးရှိရာ အရင်တပတ်နဲ့ယှဥ်ရင် ၂၀၀၀၀ ကျပ် စျေးတက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၃၃၀ ကျပ်၊ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၆၆၅ မှ ၂၉၇၀ ကျပ်နဲ့ စျေးတန်း ငြိမ်နေပါတယ်။

(ထောပတ်ပဲ)
ထောပတ်ပဲကလည်း ဈေးကွက်ထဲ ပဲအဝင်နည်းတာက တကြောင်း၊ ပြည်ပကအဝယ်ရှိနေတာကြောင့် ဈေးက ဆက်တိုက်မြင့်တက်လာတယ်လို့ သိရပါတယ် ။
ရန်ကုန်ဈေးကွက်မှာဆိုရင် တစ်ပိဿာကို ၄၅၂၀ ကျပ်စျေးတန်းရှိပြီး အရင်အပတ်ကထက် တစ်ပိဿာကို ၃၅၀ ကျပ် မြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၃၀၀၀၀၀ ကနေ ၃၄၀၀၀၀ စျေးတန်းအမြင့်မှာ ရှိပြီး အရင်အပတ်ကထက် ၁၀၀၀၀ ကျပ်စျေးတက်လာပါတယ်။

(ပဲစဉ်းငုံနီ)
စျေးတန်းငြိမ်နေတဲ့ ပဲစင်းငုံနီကလည်း ၂၀၀၀၀ တန်ထုတ်အပြီး ဇူလိုင်လကုန်ကစပြီး စျေး ခုန်တက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာ အရင်အပတ်က တစ်တန်ကို သိန်း ၃၀ ရှိခဲ့ရာကနေ ဩဂုတ်လပထမပတ်မှာ တစ်တန်ကို ၃၂၄၂၅၀၀ ကျပ်အထိ စျေးတက်လာတာကြောင့် တစ်တန်ကို ၂၄၀၀၀၀ ကျော် မြင့်တက်လာတာတွေ့ရပါတယ်။
စျေးကွက်မဖွင့်ခဲ့တဲ့ မန္တလေးစျေးကွက်မှာလည်း အခုတပတ်မှာတော့ ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၀၅၀၀၀ ကနေ ၃၁၀၀၀၀ ကျပ်နဲ့ စျေးဖွင့်လာတာတွေ့ရပါတယ်။
အောင်လံကုန်စည်ဒိုင်နဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာလည်း ပဲစဥ်းငုံနီ ပိဿာ ၂၀ တစ်တင်းကို ၁၀၄၀၀၀ ကျပ်ထိစျေးတက်လာတာတွေရပါတယ်။
ပဲစဥ်းငုံနီက စျေးအမြင့်တန်းမှာရှိနေပေမယ့် ပြည်တွင်းဈေးကွက်မှာ လက်ကျန်နည်းပြီး စျေးကွက်အဝင်နည်းတာကြောင့် စျေးတက်လာတာဖြစ်တယ်လို့ သိရပါတယ် ။ပဲစဥ်းငုံနီက အိန္ဒိယကို အဓိကတင်ပို့နေရတာဖြစ်ပါတယ်။

(ကုလားပဲ)
ကုလားပဲကလည်း လက်ကျန်နည်းပြီး စျေးကွက်ကိုအဝင်နည်းပေမယ့် အဝယ်သွက်နေလို့ စျေးတန်းကတော့ ဆက်တိုက် မြင့်တက်နေတာဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာဆိုရင် ကုလားပဲ ၉၂၉ တစ်အိတ်ကို ၂၆၂၀၀၀ ကျပ်၊ ကုလားပဲ(V2)က ၅၇.၂၅ ပိဿာ တစ်အိတ်ကို ၂၆၀၀၀၀ ကျပ်၊ V7 က တစ်အိတ်ကို ၂၆၃၀၀၀ ကျပ် စျေးတန်းရှိနေပြီး အရင်တပတ်ကနဲ့ယှဥ်ရင် တစ်အိတ်ကို ၅၀၀၀ လောက်တက်လာတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူ နဲ့ ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၄၅၀၀ ကနေ ၄၅၈၅ ကျပ် စျေးတန်တူရှိနေပါတယ်။

(စားတော်ပဲ)
ပြည်ပကနေ တင်သွင်းတဲ့ ကနေဒါ စားတော်ပဲ စျေးကလည်း ငွေစျေးအပေါ်လိုက်ပြီး ဆက်တိုက်ဈေး မြင့်တက်လာသလို ပြည်တွင်း စားတော်ပဲ(ကျွန်း)ကလည်း စျေးတက်လာပါတယ်။
ပြည်တွင်း စားတော်ပဲ(ကျွန်း)က တစ်အိတ်ကို ၃၉၀၀၀၀ ကနေ ၄၁၀၀၀၀ ထိစျေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ၊ ကနေဒါစားတော်ပဲက တစ်အိတ်ကို ၂၁၀၀၀၀ ကျပ်ရှိနေပါတယ်။
စားတော်ပဲက ပြည်တွင်းစားသုံးမှုများတဲ့ ပဲ ဖြစ်လို့ လက်ရှိ ပဲဈေးကွက်မှာ စျေးတန်းအမြင့်ဆုံး ရရှိနေတဲ့ ပဲလည်း ဖြစ်ပါတယ်။

(မြေပဲ)
မန္တလေးစျေးကွက်မှာလည်း မြေပဲလုံးဆံနီက တစ်ပိဿာကို ၉၅၀၀ ကျပ်ဖြစ်လာပြီး အရင်လကထက် ၅၀၀ ကျပ်မြင့်လာကြောင်း ၊ မြေပဲလုံးဆံဖြူကတော့ တစ်ပိဿာကို ၇၄၀၀ ကျပ်ဖြစ်ပြီး အရင်လကထက် ၆၀၀ ​ကျပ်တက်လာကြောင်း ၊ မြေပဲပြန် S1 ဆီကြိတ်တဲ့မြေပဲဆံကတော့ တစ်ပိဿာကို ၇၀၀၀ ကျပ်အထိဖြစ်လာတယ်လို့သိရပါတယ်။
မြေပဲဆီ တစ်ပိဿာကို စက်ဆီက တစ်ပိဿာကို ၁၄၀၀၀ ကျပ်က စပြီး ရောင်းချနေကြသလို ဆုံဆီကတော့ တစ်ပိဿာကို ၁၆၀၀၀ ကျပ်အထိရောင်းချနေကြပါတယ်။
မြေပဲလုံးဆံကို တရုတ်ဘက်က အဝယ်ရှိနေပြီး ဆီဆံကိုတော့ ဆီစက်တွေက ဝယ်ယူနေကြတာကြောင့် စျေးတွေတက်လာတာဖြစ်တယ်လို့ မန္တလေးစျေးကွက်ကသိရပါတယ်။

(ကြက်သွန်နီ)
ကြက်သွန်နီကတော့ စျေး အနည်းငယ်ပြန်တက်လာပြီး လက်လီစျေးကွက်မှာ အချောအသန့်က တစ်ပိဿာကို ၃၀၀၀ ကျပ်ကျော် ပြန်ဖြစ်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၁၈၀၀ ကနေ ၂၄၀၀ အထိစျေးတန်းရှိပြီး ပခုက္ကူစျေးကွက်မှာတော့ ယောစ နွေအသစ် တစ်ပိဿာ ၁၃၅၀ ကျပ်ကနေ ၂၂၀၀ စျေးတန်းဖွင့်ထားပါတယ်။
စျေးတန်းက အနည်းငယ်တက်လာပေမယ့် အရောင်းအဝယ် သွက်နေကြောင်း ၊ အခုရက်ပိုင်းမှာ ပခုက္ကူ စျေးကွက်ကို ကြက်သွန်နီ ကုန်ချိန်ဝင်ရောက်မှုက တစ်ရက်ကို ၁၃၀၀၀ ကနေ ၂၆၀၀၀ အထိ ဝင်ရောက်မှုရှိတယ်လို့သိရပါတယ်။
ရန်ကုန်စျေးကွက်ကိုတော့ နေ့စဉ် ကြက်သွန်နီ ကားအစီးရေ ၁၃ စီးကနေ ၂၅ စီးအထိ အဝင်ရှိပြီး ပိဿာချိန် ၉၀၀၀၀ ကနေ ၁၅၀၀၀၀ အဝင်ရှိတယ်လို့ သိရပါတယ် ။

(ကြက်သွန်ဖြူ)
ကြူကုတ် ကြက်သွန်ဖြူကတော့ တရုတ်ကနေတင်သွင်းရတာဖြစ်ပြီး လက်ရှိမှာ စျေးကွက်ဝင်ရောက်မှုရှိပေမယ့်လည်း အဝင်နည်းတဲ့အတွက် စျေးတန်းက အမြင့်မှာပဲ ဆက်ရှိနေပါတယ်။
ရန်ကုန်စျေးကွက်မှာ ကြူကုတ်ရှယ် တစ်ပိဿာကို ၇၁၀၀ ကနေ ၇၂၀၀ စျေးပေါက်ပြီး လက်လီစျေးကွက်မှာ ၇၅၀၀ ကနေ ၉၀၀၀ ကျော်အထိ စျေးတန်းရှိနေပါတယ်။
ရန်ကုန်စျေးကွက်ကို ကြက်သွန်​ဖြူဝင်ရောက်မှုအနေနဲ့က တစ်ရက်ကို အိတ်ရေ ၆၀၀ ဝင်နေပြီး ကုန်ချိန် ၁၈၀၀၀ လောက် ပုံမှန်အဝင်ရှိတယ်လို့သိရပါတယ်။

(အာလူး)
အာလူးကလည်း စျေးကွက်ကို အဝင်ရှိနေပေမယ့် စျေးတန်းက တစ်ပိသာကို ၃၃၀၀ ကနေ ၄၀၀၀ ကျပ်အထိရှိပြီး ရန်ကုန်စျေးကွက်ကို ကား ၈ စီး ၊ ပိဿာချိန် ၄၈၀၀၀ လောက်အဝင် ရှိနေတယ်လို့သိရပါတယ်။ စျေးတန်းကတော့ အငြိမ်အနေနဲ့ဆက်ရှိနေပါတယ်။

(ခရမ်းချဥ်)
ခရမ်းချဥ်သီးကတော့ ရှမ်းပြည်နယ်က အဓိကထွက်ပြီး လက်ရှိ အောင်ပန်းကုန်စည်စျေးကွက်မှာ ခရမ်းချဥ်သီး အမှည့်က တစ်ပိဿာကို ၁၃၀၀ ကနေ ၁၉၅၀ ကျပ်ရှိပြီး လက်လီ စျေးကွက်မှာက ၂၅၀၀ ကျပ်ကနေ ၃၀၀၀ ဝန်းကျင် စျေးတန်းရှိပါတယ်။
တောင်သူတွေ ရောင်းချရတဲ့ စိုက်ခင်းအတွင်း စျေးနူန်းကတော့ တစ်ပိဿာကို ၈၀၀ ၊ ၉၀၀ ကျပ်သာရရှိတယ်လို့ တောင်သူတွေဆီကသိရပါတယ်။

(သကြား)
သကြားကတော့ ကမ္ဘာ့သကြားပေါက်ဈေးနှုန်းမြင့်တက်မှုနဲ့အတူ ပြည်တွင်းမှာလည်း အဝင်နည်းတဲ့အတွက် ဈေးတန်းက အမြင့်မှာပဲ ဆက်ရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၃၃၈၀က နေ ၃၄၀၀ စျေးတန်းရှိပြီး လက်လီစျေးကွက်မှာ သကြားတစ်ပိဿာကို ၄၀၀၀ ကျပ်အထက် စျေးတန်း ရှိပါတယ် ။

အခုဖော်ပြပေးခဲ့တာကတော့ ဇူလိုင်လ ၃၁ ရက်နေ့ကနေ ဩဂုတ်လပထမပတ် ၅ ရက်နေ့အထိ
ဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်နဲ့ ဇူလိုင်လအတွင်းဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်အပေါ် နှိုင်းယှဥ်သုံးသပ်ချက်ဖြစ်ပါတယ်။

#voiceofmyanmar #VOM #သီးနှံစျေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW