အိမ်နီးချင်းနိုင်ငံတွေရဲ့ စစ်ရေးကြားဝင်မယ်ခြိမ်းခြောက်မှုကြောင့် နိုင်ဂျာလေပိုင်နက်ကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ပိတ်ပြီ

နီယာမေ၊ သြဂုတ်-၇-၂၀၂၃
မျိုးဆက်(VOM)

အိမ်နီးချင်းနိုင်ငံတွေကနေ စစ်ရေးအရကြားဝင်မယ်လို့ ခြိမ်းခြောက်မှုတွေကြောင့် နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်တွေက နိုင်ငံလေပိုင်နက်ကို ပိတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီအမိန့်ဟာ နောက်ထပ်အမိန့်တစုံတရာမထုတ်ပြန်မချင်း တည်မှာဖြစ်ပြီး လေယာဉ်ပျံသန်းမှုခြေရာခံဝက်ဆိုဒ် Flightradar24 ရဲ့အချက်အလက်တွေမှာလည်း နိုင်ဂျာလေပိုင်နက်မှာ လေယာဉ်ပျံသန်းမှုမရှိကြောင်း ပြသနေပါတယ်။

ရွေးကောက်ခံသမ္မတ မိုဟာမက်ဘာဇိုရမ်ကို သြဂုတ် ၆ ရက် ည ၁၁ နာရီတိတိမှာ ရာထူးအာဏာပြန်မအပ်ရင် စစ်ရေးအရကြားဝင်မယ်လို့ အနောက်အာဖရိက ဒေသတွင်းအဖွဲ့ဖြစ်တဲ့ အီကိုဝပ်စ်က အစောပိုင်းမှာ သတိပေးထားပါတယ်။

နိုင်ဂျာစစ်တပ်ဟာ နိုင်ငံကိုကာကွယ်ဖို့ အဆင်သင့်ရှိနေကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မစ္စတာဘာဇိုရမ်ဟာ ဇူလိုင် ၂၆ က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး သမ္မတရဲ့ကိုယ်ရံတော်တပ်မှူး ဗိုလ်ချုပ်ကြီး Abdourahmane Tchiani က သူ့ကိုယ်သူ နိုင်ငံခေါင်းဆောင်အဖြစ် ကြေညာခဲ့ပါတယ်။

နိုင်ဂျာစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး နိုင်ဂျာကိုယခင်က ကိုလိုနီပြုခဲ့တဲ့ပြင်သစ်အပါအဝင် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက ရှုတ်ချထားပါတယ်။

Ref: BBC
Photo:Reuters

#voiceofmyanmar#VOM#နိုင်ဂျာလေပိုင်နက်#စစ်ရေးကြားဝင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW