ပို့/သွင်းကုန် လိုင်စင်ရပြီးတဲ့ ကုန်ပစ္စည်းတွေကို မြန်မာ – ထိုင်း မည်သည့်နယ်စပ်ပေါက်ကနေမဆို တင်သွင်းခွင့်ပြုမယ်

ဩဂုတ် ၉၊ ၂၀၂၃
Shy V(VOM)

မြဝတီ ကုန်သွယ်ရေးဇုန်ကနေ ပို့ကုန်/သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးတဲ့ ကုန်ပစ္စည်းတွေကို မြန်မာ – ထိုင်း မည်သည့်နယ်စပ်ပေါက်မှ မဆို တင်သွင်းလိုပါက စခန်းပေါက် ပြောင်းခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ မြဝတီကုန်သွယ်ရေးဇုန်ရဲ့ အသိပေးထုတ်ပြန်ချက်နဲ့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“လိုင်စင်ကျထားပြီးသား ဥစ္စာတွေကိုပဲအကျုံးဝင်တာ၊ ဒီလိုင်စင်ကိုင်ပြီးတော့ မြန်မာပြည်ထဲကို ကြိုက်တဲ့နယ်စပ်ပေါက်ကနေ ဝင်သွားလို့ရတယ်ဗျာ၊ မြဝတီမြို့ထဲကို မရောက်ထားဘူး၊ လိုင်စင်တော့ ကျပြီ၊ ပစ္စည်းက ဗမာပြည်ထဲကို ရောက်မလာသေးဘူးဆိုရင်တော့ အဲဒီပစ္စည်းကို ဟိုမှာ ရေကြောင်းကနေ ပတ်ပြီးတော့ ရန်ကုန်ဆိပ်ကမ်းကနေပဲ သယ်သယ်၊ ဒါမှ မဟုတ်လို့ရှိရင် ဟိုးဘက် ကော့သောင်းကိုပဲ သွားသွား၊ ဒါမှာ မဟုတ်လို့ရှိရင် ဟိုးဘက် ဘုရားသုံးဆူကုန်သွယ်ရေးဇုန်ကိုပဲ သွားသွား၊ ဒါမှ မဟုတ်ရင် တရုတ်ပြည်ကနေ ဝင်မလား ဆိုရင် မူဆယ်နယ်စပ်ကိုပဲ ပို့ပို့ အဲဒီ မြဝတီမှာ လျှောက်ထားတဲ့ လိုင်စင်နဲ့ ခွင့်ပြုမှာကိုပြောတာ လို့”လို့ နယ်စပ် ကုန်သည် ၁ ဦးက ပြောပါတယ်။

ကုန်သွယ်မှု နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် မြဝတီကုန်သွယ်ရေးဇုန်ကနေ ပို့ကုန်/သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးတဲ့ ကုန်ပစ္စည်းတွေကို မြန်မာ – ထိုင်း မည်သည့် နယ်စပ်ပေါက်မှ မဆို တင်သွင်းလိုပါက စခန်းပေါက် ပြောင်းပေးသွားမှာဖြစ်သလို ပင်လယ်ရေကြောင်းကနေ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုသွားမှာဖြစ်တယ်လို့ မြဝတီကုန်သွယ်ရေးဇုန်က မနေ့ ဩဂုတ် ၈ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

“လိုင်စင်ကျထားပြီးသားကလည်း မြဝတီမြို့ထဲကို ရောက်ထားပြီးသားဆိုရင် ဘယ်လိုနည်းနဲ့မှ အခြားနေရာကို ပြန်ပြောင်းလို့ မရတော့ဘူးလေ
၊မြန်မာနိုင်ငံထဲကို ဝင်သွားတဲ့ ကုန်ပစ္စည်းတွေကို ထိုင်းဘက်လည်း အဝင်လက်မခံတော့တာကြောင့် မြဝတီမြို့ထဲရောက်နေတဲ့ ကုန်တွေကိုတော့ ကားပေါက်စလေးတွေနဲ့ ကယ်ရီရိုက်ပြီး သယ်ရင်သယ်၊ မဟုတ်ရင်လည်း လမ်းပြီးမှ သယ်လို့ ရတော့မှာ”လို့ ကုန်သည် ၁ ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ ၇ ရက်က မြန်မာ – ထိုင်း ကုန်သွယ်မှုလမ်းကြောင်းဖြစ်တဲ့ မြဝတီလမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းလို့ လမ်းပိုင်းအချို့ပျက်စီးမှုတွေရှိခဲ့တာကြောင့် ပြင်ဆင်ဖို့ ဆောင်ရွက်နေတယ်လို့ မြဝတီကုန်သွယ်ရေးဇုန်ရဲ့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #နယ်စပ်ကုန်သွယ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW