နွားထိုးကြီးမှာ ကျေးရွာအုပ်/မှုး လင်မယား အပါအဝင် ၄ ယောက်အသတ်ခံရ၊ အခင်းဖြစ်နေရာကိုသွားတဲ့ ရဲ ၄ ဦး မိုင်းထိ

သြဂုတ် ၁၂ -၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ကြောင်နံကျေးရွာမှာ မနေ့ သြဂုတ် ၁၁ ရက် ည ၉ နာရီဝန်းကျင်က လေးလောင်ပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး သွားရောက်စစ်ဆေးတဲ့ ရဲတွေ မိုင်းထိမှန်လို့ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” အသတ်ခံရလို့ သေဆုံးသူတွေက ကြောင်နံကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းဖေ ၆၃ နှစ် ၊ သူ့မိန်းမ ဒေါ်မိုး၆၇နှစ်၊ ဦးရဲမြင့် ၆၇ နှစ်၊ ဒေါ်အေးခိုင် ၅၄ နှစ်တို့ဖြစ်တယ် “လို့ ကြောင်နံရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သေဆုံးသူတွေကို လူမှုကူညီရေးအသင်းကားနဲ့ နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်သယ်ယူတဲ့အခါ နွားထိုးကြီးမြို့ရဲ့ အနောက်ဘက် ၁ မိုင်ခွဲခန့်နေရာအရောက်မှာ လမ်းဘေးမိုင်းပေါက်ကွဲမှုဖြစ်ပြီး ရဲ ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရသွတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး နွားထိုးကြီးမြို့နယ် ​ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” အခင်းဖြစ်နေရာကို မိတ္ထီလာတပ်နယ်က ဒီမနက်ကသွားရောက်ပြီး နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ် ၊ မနေ့ညက ၈ နာရီမှာ မင်းရွာအထက်တန်းကျောင်းကို ဆိုင်ကယ် ၄ စီးနဲ့ အမည်မသိ လူ ၈ ယောက် ရောက်လာတယ် ၊ စာသင်ကျောင်းဝန်းထဲက စာသင်ဆောင် ၂ ဆောင် ၊ ဆရာ/ဆရာမ နားနေဆောင် ၁ လုံး မီးရှို့ဖျက်စီးခံရတယ် ၊ အဲ့ဒီအပြင် လူ ၄ ယောက်လည်းပစ်သတ်သွားတယ် ၊ အသတ်ခံရတဲ့သူတွေကို စစ်ဆေးတဲ့အခါ ဦးအုန်းဖေ မှာက ဝမ်းဗိုက်ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ဝဲဘက်လက်ဖမိုး ဖောက်ဝင်/ထွက် ဒဏ်ရာ ၂ ချက်၊ ဦးခေါင်းယာဘက်ခြမ်းဖောက်ဝင်ဒဏ်ရာ ၁ ချက် ၊ ဒေါ်မိုး က လည်ပင်းပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ယာဘက်ချိုင်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ဝမ်းဗိုက်ဝဲဘက်ခြမ်းဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ၊ ဦးရဲမြင့် ကတော့ ဦးခေါင်းကြေမွ/ပွင့်ထွက်ဒဏ်ရာ ၁ ချက် ၊ နောက်ပြီး ဒေါ်အေးခိုင် က ယာဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက် နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်း ဝဲဘက် ခြမ်းပွင့်ထွက်ဒဏ်ရာ ၁ ချက်) တွေနဲ့ လဲကျသေဆုံးနေတာကိုတွေ့ရတယ် ၊ အမှုဖွင့် စုံစမ်းနေပါတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ကြောင်နံကျေးရွာက အုပ်ချုပ်ရေးမှူး လင်မယား အပါအဝင် လူ ၄ ယောက်ကို ပစ်သတ်သွားတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်သွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး ။

#voiceofmyanmar #VOM #နွားထိုးကြီး

Related posts

Leave a Comment

VOM News

FREE
VIEW