စပါးစိုက်ပျိုးမှု လျော့ကျခြင်းက ဆန်၊စပါးစျေးကွက်ကို လှုပ်ခတ်စေသလား

ဩဂုတ် ၁၃ – ၂၀၂၃
GG(VOM)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ နယ်မြေမအေးချမ်းမှုတွေကြောင့် တိုင်းနဲ့ ပြည်နယ်အချို့မှာ နွေစပါး၊မိုးစပါး သီးနှံစိုက်ရာသီချိန် နှစ်ချိန်လုံး စပါးစိုက်ဧကတွေ လျော့ကျမှုရှိတယ်လို့ တောင်သူတွေဆီက သိရပါတယ် ။

စစ်ကိုင်းတိုင်း ၊ကယားပြည်နယ်၊မကွေးတိုင်း ၊ချင်းပြည်နယ် စတဲ့မြို့နယ်အချို့မှာ တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေမတည်ငြိမ်လို့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာကြောင့် စပါးစိုက်ပျိုးခြင်းကို လုပ်ဆောင်နိုင်​ခြင်းမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ဖြစ်ပွားခြင်းမရှိတဲ့ နယ်မြေဒေသတွေမှာလည်း စပါးစိုက်ပျိုးဖို့ ဆည်ရေမရရှိတဲ့အတွက် စပါးစိုက်ပျိုးမှုလျော့ကျလာသလို မြေဩဇာစျေးနူန်းကြီးမြင့်ခြင်း၊ စိုက်ပျိုးရေးဆေးစျေးနူန်းကြီးမြင့်ခြင်း ၊ အလုပ်သမားငှားရမ်းခမြင့်တက်ခြင်း၊လယ်ထွန်စက်မောင်းခစျေးနူန်း နှစ်ဆတက်ခြင်း စတဲ့ကုန်ကျစရိတ် မြင့်တက်ခြင်းတွေကြောင့် လုံလောက်တဲ့ပမာဏအသုံးမပြုနိုင်တဲ့အတွက်လည်း စပါးအထွက်နူန်းတွေလျော့ကျလာတယ်လို့ သိရပါတယ် ။

” နွေစပါး ဆည်ရေမရလို့ မစိုက်ရတဲ့ ဧကပေါင်းက တနိုင်ငံလုံးဆို မနည်းဘူးလေ၊ ဆည်တွေရှိပြီး ရေမပေးနိုင်လို့ စပါးမစိုက်ရဘူးဆိုတာ အလုပ်မှမဟုတ်တာဗျာ။နောက်တဆင့်ကမှ ​မြေဩဇာသုံးသင့်သလောက် မသုံးနိုင်လို့အထွက်လျော့မယ်၊နောက်ဆုံးဆန်စျေးမှာထိတာပဲ”လို့ စပါးစိုက်တောင်သူတစ်ဦးကပြောပါတယ်။

စပါးစိုက်ဧက လျော့ကျခြင်း၊စပါးအထွက်နူန်းလျော့ကျခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးက ဆန်စျေးနူန်းကို မြင့်တက်လာစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်အပါအဝင်ဖြစ်တယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်ကြပါတယ်။

ဒါ့အပြင် စစ်ဖြစ်ပွားခြင်းမရှိတဲ့ ဒေသတွေမှာဆန်စက်လုပ်ငန်းတွေလည်ပတ်ဖို့အတွက် လျှပ်စစ်မီးမရရှိတာကြောင့် ဆန် ကြိတ်ခွဲမှုလုပ်ငန်းတွေ နှောင့်နှေးပြီး မီးစက်အသုံးပြုရတဲ့အတွက် ကုန်ကျစရိတ်မြင့်တက်လာခြင်း၊ သယ်ယူစရိတ်တွေ ပိုမိုကုန်ကျခြင်း စတဲ့ကုန်ကျစရိတ်တွေ ထပ်မံကုန်ကျခြင်းကြောင့်နောက်ဆက်တွဲအနေနဲ့ ဆန်စျေးနူန်း မြင့်တက်လာရခြင်းဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

” စစ်ကိုင်းတိုင်းမှာ နယ်မြေ မတည်ငြိမ်တော့ စပါးစိုက်ဧကလျော့တယ်။ရွှေဘိုစပါး စိုက်ဧက လျော့တော့ ဆန်အထွက်လည်းလျော့ပြီး စျေးကွက်ထဲအဝင်လည်းလျော့ပြီး စျေးတွေကမြောက်ကုန်တယ်၊နောက်ထပ် ငွေလဲစျေးနူန်း မတည်ငြိမ်တာတွေ၊၂၀၀၀၀ တန်ဂယက်တွေ၊ဘဏ်ပိတ်ဆို့အရေးယူတာတွေ၊ လှောင်သမားတွေ ကစားတာတွေကြောင့်လည်း တက်သွားတဲ့အနေအထားပါ”လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

ရွှေဘိုစပါး အဓိကစိုက်ပျိုးတဲ့ စစ်ကိုင်းတိုင်းက နေရာအချို့မှာ စပါးမစိုက်ပျိုးနိုင်တဲ့အတွက် စပါးစိုက်ပျိုးမှုလျော့ကျပြီး ဆန်အထွက်နူန်းလည်း လျော့ကျကာ ရွှေဘိုစပါးစျေးနဲ့ဆန်စျေး က ဆက်တိုက်ဆိုသလို မြင့်တက်လာခြင်းဖြစ်တယ်လို့လည်း ဆန်ကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

နောက်ပြီး မြန်မာနိုင်ငံကိုရိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအရှိန်ကြောင့် စိုက်ခင်းသီးနှံတွေ ရေနစ်မြုပ်ပျက်စီးခဲ့ရတာကြောင့်လည်း ဆုံးရှုံးမှုတွေရှိခဲ့လို့ တောင်သူတွေဟာ အခုနှစ် မိုးစပါးစိုက်ပျိုးဖို့ အရင်းအနှီးစိုက်ထုတ်နိုင်ခြင်းမရှိတာကြောင့် အခုမိုးစပါး စိုက်ဧကတွေ လျော့ကျမှုလည်းရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ဆန်စျေးနဲ့ စပါးစျေးဟာ အကျဘက်ကို ပြန်သွားဖို့မရှိဘဲ အမြင့်စျေးတန်းမှာပဲ အချိန်တစ်ခုအထိ ရှိနေနိုင်တယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

” ဆန်စျေးက ကြားတောင်မကြားဘူးတဲ့စျေးတွေဖြစ်နေပြီ၊ ရွှေဘိုပေါ်ဆန်းဆို တအားကိုတက်တယ်၊ စစ်ကိုင်းက စစ်ဖြစ်နေတော့ မစိုက်နိုင်ဘူး၊ဒါတွေကလည်း စျေးတက်ရခြင်းတချက်ပါ။စျေးတအားတက်လို့ မစားနိုင်ကြတော့ဘူး။စားသူ တအားနည်းလာပြီ ၊ ကျနော်တို့ဆန်စျေးကွက်ကို နွေဆန် သိပ်မဝင်လာဘူး။ဘယ်သူတွေဝယ်လှောင်နေလည်းမပြောတတ်ဘူး။ဆန်အဝင်နည်းပါတယ် “လို့ ရန်ကုန်အခြေစိုက် ဆန်လက်လီလက်ကားရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ရွှေဘိုပေါ်ဆန်း စပါးစိုက်ပျိုးမှုမှာ အရင်က နှစ်စဉ် စပါးစိုက်ဧက ၃ သိန်း ၈ သောင်းနီးပါး စိုက်ပျိုးနိုင်ခဲ့ပေမယ့်လည်း ၂၀၂၁ ခုနှစ် နောက်ပိုင်းကစပြီး စိုက်ဧကလျော့ကျကာ ဧက ၃ သိန်း ၃ သောင်းလောက်သာ စိုက်ပျိုးနိုင်ကြောင်း ၊ အဲ့ဒီနောက်မှာ စိုက်ပျိုးဧက ထပ်မံလျော့ကျမှု ရှိလာသလို အခုနှစ်မိုးစပါးစိုက်ပျိုးမှုလည်း အရင်ကထက် ပိုပြီးလျော့ကျမှုရှိနိုင်တယ်လို့ ရွှေဘိုစပါးစိုက်ပျိုးသူတွေဆီက သိရပါတယ်။

” ဧရာဝတီတိုင်းက စပါးစိုက်တဲ့သူတွေကိုယ်တိုင် ငြီးကြတယ်၊သူတို့ကိုယ်တိုင် ဆန်ကွဲစားနေရပါတယ်တဲ့။စပါးစိုက်ပြီး ဆန်ကွဲစားနေရတယ်။၊အခုဆို ဆန်ကွဲနဲ့ဆန်ဝါ စားတဲ့သူ အရမ်းများလာတယ်၊ ကျနော်တို့ ဆန်ကွဲ ၊ဆန်ဝါကို ချင်းပြည်နယ်ကိုအိတ်ရေ ထောင်ချီပြီးပို့ရတယ်။အဲဒီဘက်က စစ်ဖြစ်တော့ စပါးမစိုက်ပျိုးနိုင်ဘူးလေ”လို့ နောက်ထပ်ဆန်ရောင်းချသူတစ်ဦးကပြောပြပါတယ်။

လက်ရှိမှာ ရွှေဘိုပေါ်ဆန်မွှေးစပါးစျေးက သိန်း ၄၀ ဝန်းကျင်အထိဖြစ်လာပြီး ဆန်စျေးက ၁၂၅၀၀၀ ကနေ ၁၆၀၀၀၀ ဝန်းကျင်အထိ စျေးနူန်းမြင့်တက်လာကာ ဆန်စျေးကလည်း စံချိန်တင် အမြင့်ဆုံးစျေးတန်းတစ်ခုကိုရောက်နေပြီး ဆန်တစ်အိတ်ကို အနိမ့်ဆုံး ၆၅၀၀၀ ကနေ ၉၀၀၀၀ ဝန်းကျင်အထိ စျေးရှိနေတယ်လို့ သိရပါတယ် ။

ချင်ပြည်နယ်မှာ တိုက်ပွဲတွေ မကြာခဏဆိုသလို့ဖြစ်ပွားနေတာကြောင့် တောင်ယာစပါးစိုက်ပျိုးမှုမလုပ်နိုင်ဘဲ စစ်ဘေးရှောင်နေရကြောင်း၊ စပါးမစိုက်ပျိုးနိုင်တဲ့အတွက် ဆန်ကို မြေပြန့်ကနေဝယ်ယူစားသုံးရပြီး လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် ဆန်စျေးက ချင်းပြည်နယ်မှာ အခြားဒေသတွေထက်ပိုပြီး စျေးနူန်းကြီးမြင့်တယ်လို့ သိရပါတယ်။

အလားတူ မကွေးတိုင်းက နေရာအချို့မှာလည်း ဆည်ရေမရတာ၊ စစ်ဘေးရှောင်ရတာ စတဲ့အခက်အခဲတွေကြောင့် စပါးစိုက်ပျိုးနိုင်ခြင်းမရှိတဲ့အတွက် မကွေးတိုင်းထွက်ရှိတဲ့ ဆန်စပါးစျေး မြင့်လာပြီး စလင်းဒေသထွက် ဧရာပဒေသာဆန် စျေးဆိုရင် အရင်က တစ်အိတ်ကို ၁၀၈၀၀၀ ကျပ်ရှိရာကနေ လက်ရှိမှာ အမြင့်ဆုံးစျေးတန်းတစ်ခုကိုရောက်နေပြီး ဆန်တစ်အိတ်ကို ၁၄၂၀၀၀ ကျပ်အထိ ဖြစ်လာတယ်လို့သိရပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မိုးစပါး ၁၄ သန်းကျော်စိုက်ပျိုးခဲ့ပြီး နွေစပါးက ၂ သန်းကျော်စိုက်ပျိုးခဲ့ရာ အဲ့ဒီအထဲကမှ ဆည်ရေနဲ့စိုက်ပျိုးမှုက မိုးစပါး ၂ သန်းကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ၊မကွေး၊ကယား၊ ကရင်ပြည်နယ်တွေဟာ လက်ရှိ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်ပွားမှုအများဆုံးဒေသတွေဖြစ်တဲ့အပြင် နေအိမ်မီးရှို့ခံရတာ အများဆုံးဖြစ်သလို စစ်ဘေးရှောင်အများဆုံး ရှိတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ် ။

Photo Crd – Myo Myint Aung
#voiceofmyanmar #VOM #ဆန်စပါးကဏ္ဍ #သုံးသပ်ချက်

Related posts

Leave a Comment

VOM News

FREE
VIEW