ပခုက္ကူခရိုင်ထဲက မြို့နယ်အချို့မှာ ခရီးသွားလုံခြုံမှုမရှိသေး

သြဂုတ် ၁၄ -၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက မြို့နယ်အချို့မှာ ကားသမားတွေနဲ့ ခရီးသည်တွေ သတ်ဖြတ်ခံရတာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ အခုနှစ် သြဂုတ် ၁၃ ရက်အထိ အယောက်(၅၀)ကျော်ရှိခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှု မရှိသေးဘူးလို့ သိရပါတယ်။

” ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်က မြိုင်မြို့နယ် ၊ ဌေးအောင်ကျေးရွာက သားအဖ နှစ်ယောက်ဖြစ်တဲ့ ဦးမြင့်ရွှေနဲ့ သူ့သား ဇော်နိုင်ဦးတို့ နှစ်ယောက်ဟာ ရန်ကုန်က အပြန်လမ်းမှာ ခရီးသည်တင်ကားပေါ်ကနေ ဆွဲချပြီး အသတ်ခံရတယ် ၊ ရေပြာနဲ့ မြိုင် အကြား မုံရွာ – ပုသိမ်ကားလမ်းပေါ်မှာ ခရီးသည်နဲ့ ကားသမားတွေ ဆွဲချပြီး အသတ်ခံရတာတွေရှိတယ် ၊ အသတ်ခံရသူပေါင်း ၁၀ ယောက်ထက်မနည်းဘူး “လို့ မြိုင်မြို့နယ်ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ရေစကြိုမြို့ခံ ခရီးသည်တင်ကား ယာဉ်မောင်းတယောက်က ” ရေစကြိုကနေ ပခုက္ကူကိုပို့တဲ့ ကြက်သွန်နီပွဲစား ကားသမား သားအဖနှစ်ဆိုရင် ဆင်ချောင်းနဲ့ ကျောက်လှေကား အကြားမှာ ကြက်သွန်ကားရော သားအဖနှစ်ဦးပါ ဖမ်းဆီး သတ်ဖြတ်တာကို ခံရတယ် ၊ နောက်ပြီး ခရီးသည်တွေ မကြာခဏ ဖမ်းဆီးခံရတာတွေရှိတယ် ၊တချို့လည်း ပြန်လွတ်လာတယ် ၊ အများစုက အခုချိန်ထိ ပြန်လွတ်လာတာ မရှိဘူး ” လို့ ပြောပါတယ်။

ပေါက်မြို့နယ်မှာ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်နေတဲ့ လုပ်ငန်းရှင် တယောက်ကလည်း ” မူဆယ် – ပေါက် ပြေးဆွဲတဲ့ ခရီးသည်တင် အံစာတုံး လိုင်းကားကို ခရီးသည်တွေ ဆွဲချပြီး ကားကိုလုယူသွားတယ် အခုထိ ပြန်မရဘူး၊ ပေါက်နဲ့ ပခုက္ကူ အကြားမှာ ကုန်ကားတွေ လုခံရတာ ခဏခဏပဲ ၊ နောက်ပြီး လူမှုကူညီရေး ပရဟိတကားတွေလည် လုယူခံရတာတွေရှိတယ် ၊ ကားသမားနဲ့ ခရီးသည်တွေ အသတ်ခံရတာလည်း ရှိတယ် ” လို့ ပြောပါတယ်။

ပခုက္ကူခရိုင်ထဲမှာ သွားလာပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေဟာ လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုမရှိတာကြောင့် ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ပခုက္ကူမြို့ပေါ် အပါအဝင် အချို့မြို့နယ်တွေမှာ နောက်တွဲယာဉ် ကား ၃ စီး ၊ အိမ်စီးကား ၁၁ စီး ၊ လုပ်ငန်းသုံးယာဉ် ၅ စီး ၊ ဌာနဆိုင်ရာ ကား ၃ စီး ၊ ဘုန်းကြီးကား ၁၆ စီး ၊ ပရဟိတကား ၇ စီး လုယူခံရပြီး ၊ အဲ့ဒီဖြစ်စဉ်တွေမှာ သေဆုံးဒဏ်ရာရသူ (၁၀၀)ကျော်ရှိတဲ့အနက် ကားသမားနဲ့ ခရီးသည် သေဆုံးရသူ အရေအတွက်ဟာလည်း (၅၀)ထက်မနည်းရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူခရိုင် #ခရီးသွားလုံခြုံမှု

Related posts

Leave a Comment

VOM News

FREE
VIEW