ရွှေ၊ ငွေ၊ စက်သုံးဆီနဲ့ စားသုံးဆီ အတက်ကြမ်းနေတဲ့ တပတ်တာဈေးကွက်

ဩဂုတ် ၁၄ – ၂၀၂၃
SN (VOM)

ပြည်တွင်းက ရွှေ၊ ငွေ၊ စက်သုံးဆီဈေးကွက် အခြေအနေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကနေ ဒီနေ့ ဩဂုတ် ၁၄ ရက်တာကာလအတွင်း အတက်အကျ အလှုပ်အခတ်များခဲ့ကာ တချို့ရက်တွေမှာ သိသိသာသာ အတက်ကြမ်းခဲ့ပြီး အရောင်းအဝယ် ခေတ္တ ရပ်ဆိုင်းထားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ရာသီဥတုဆိုးရွားပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကာ ကုန်စည်စီးဆင်းမှုတွေ ခက်ခဲခဲ့တာ၊ စားသုံးဆီနဲ့ စက်သုံးဆီ တင်သွင်းသူတွေ အများဆုံးအသုံးပြုနေတဲ့ စင်္ကာပူအခြေစိုက် UOB ဘဏ်က နိုင်ငံခြားငွေလွှဲလုပ်ငန်း ရပ်ဆိုင်းခဲ့တာတွေကြောင့် မြန်မာ့စီးပွားရေးမှာ လှုပ်ခတ်မှုတွေရှိခဲ့ပြီး ကုန်ဈေးနှုန်းတွေဟာ အခုသီတင်းတပတ်အတွင်းမှာ အရင်ကထက်ပိုပြီး အဆမတန် မြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တစ်ပတ်အတွင်းမှာ ရွှေဈေးတွေ ရုတ်တရက် ထိုးတက်သွားသလို မြန်မာ့ကုန်သွယ်မှုမှာ အဓိက အသုံးပြုနေတဲ့ ငွေလဲလှယ်နှုန်းတွေပါ မြင့်တက်သွားခဲ့တာကြောင့် စက်သုံးဆီဈေး၊ စားသုံးဆီဈေးတွေလည်း လိုက်ပါ မြင့်တက်ခဲ့ပြီး လက်ရှိမှာတော့ အမြင့်ဆုံး ဈေးတန်းတစ်ခုကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဈေးကွက်လားရာကို ချိန်ဆနိုင်စေဖို့ ရွှေ၊ ငွေ၊ စက်သုံးဆီ ၊ စားသုံးဆီ ဈေးနှုန်းတွေရဲ့ တစ်ပတ်အတွင်း ဈေးကွက် အခြေအနေနဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

#ရွှေဈေးနှုန်း

ပြင်ပရွှေဈေးဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၅ သိန်းဝန်းကျင်၊ ၁၅ ပဲရည် တစ်ကျပ်သား ၃၃ သိန်းဝန်းကျင်နဲ့ အမြင့်ဈေးတန်းမှာ ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။

ရွှေဈေးနှုန်းတွေဟာ နှစ်သောင်းတန် ငွေစက္ကူသစ် ထပ်ထုတ်မယ့်သတင်း ကြေညာခဲ့တဲ့ ဇူလိုင် ၂၃ ရက် နောက်ပိုင်းကစလို့ ဈေးမဖွင့်နိုင်ဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြစ်ခဲ့ပြီး ၁၂ ရက်အကြာမှာ တစ်ကျပ်သား ၃၅ သိန်းကျော်ဝန်းကျင်နဲ့ ဈေးဖွင့်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ့နောက် ရက်အနည်းငယ်အကြာမှာ စင်္ကာပူ UOB ဘဏ်က မြန်မာနိုင်ငံနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းခဲ့တာကြောင့် အခေါက်ရွှေ တစ်ကျပ်သား ၃၅၈၀၀၀၀ ဝန်းကျင်နဲ့ ရောင်းချနေတဲ့ မြန်မာ့ရွှေဈေးဟာ ဩဂုတ် ၁၀ ရက်၊ နေ့လယ်ပိုင်းမှာ ၁၄၀၀၀၀ ဝန်းကျင် ခုန်တက်သွားပြီး ၃၇၂၀၀၀၀ နဲ့ ဈေးဖွင့်ထားခဲ့ပါတယ်။

“လက်ရှိအချိန်အထိတော့ ပြည်တွင်းရွှေဈေးက ၃၆ သိန်း၊ ၃၇ သိန်း ပတ်ချာလည်မှာ ရှိနေပြီး အတက်အကျမငြိမ်ဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့် အခုအချိန်မှာ အရောင်းအဝယ် အရမ်းကြီး မလုပ်ရဲဘူး။ ထိန်းပြီးသွားနေရတဲ့ သဘောပေါ့” လို့ ရွှေကုန်သည်တစ်ဦးက ပြောပါတယ်။

အခုလို ပြည်တွင်းရွှေဈေး တက်နေချိန်မှာ ကမ္ဘာ့ရွှေဈေးကတော့ တောက်လျှောက် ကျဆင်းနေခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကနေ လက်ရှိအချိန်အထိ တစ်အောင်စ ဒေါ်လာ ၁၉၀ ကျော်ဝန်းကျင်မှာသာ ရှိနေကာ ဒီနေ့ ဩဂုတ် ၁၄ ရက်နေ့ ပေါက်ဈေးကတော့ ၁၉၁၂ ဒေါ်လာ ဖြစ်တယ်လို့ သိရပါတယ်။

#ငွေလဲနှုန်း

ပြည်တွင်း ငွေလဲနှုန်းတွေဟာလည်း ရွှေဈေးနည်းတူ ဩဂုတ် ၁၀ ရက်နေ့၊ နေ့လယ်ပိုင်းကစလို့ အတက်ကြမ်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ပြည်တွင်း ငွေလဲနှုန်းတွေဟာ ကန်ဒေါ်လာ လဲလှယ်နှုန်း ကျပ် ၃၄၀၀ ဝန်းကျင်၊ တရုတ်ယွမ်ဈေး ၄၇၅ ဝန်းကျင်၊ ထိုင်းဘတ် ၉၈ ကျပ်ဝန်းကျင်နဲ့ အမြင့်ဈေးတန်းမှာ ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၁၀ ရက်နေ့၊ နေ့လယ်ပိုင်းမှာတော့ နယ်စပ်ကုန်သွယ်ရေးတွေမှာ အဓိက အသုံးပြုနေတဲ့ ငွေလဲနှုန်းတွေ ရုတ်တရက် မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာလဲလှယ်နှုန်း ၃၅၁၀ ကျပ်ဝန်းကျင်၊ တရုတ်ယွမ်ဈေး ၅၀၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ်ဈေး ၁၀၃၀ ဘတ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

“‌ငွေလဲဈေးတွေကတော့ ရောင်းလည်းမရ၊ ဝယ်လည်းမဝယ်ရဲတဲ့ ဈေးတွေဖြစ်နေတယ်။ အခုချိန် ဈေးတက်ရင်လည်း ကိုယ်တွေက ထိုင်ကြည့်နေရတယ်။ တရုတ်နှစ်ကူးမှာတောင် ဈေးတွေက ကျနိုင်ချေမရှိဘူး”လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် မီဇိုးရမ်နယ်စပ်မှာလည်း အိန္ဒိယငွေ တစ်ရူပီးကို မြန်မာငွေ ၃၉ ကျပ်အထိ ပေးချေ လဲလှယ်နေရတယ်လို့ ငွေလဲကိုယ်စားလှယ်တွေဆီက သိရပါတယ်။ ကျပ်နှစ်သောင်းတန် မထုတ်ဝေမီက တစ်ရူပီးကို မြန်မာငွေ ၃၀ ကျပ်နဲ့ လဲလှယ်ခဲ့ရာက ကျပ်နှစ်သောင်းတန် ထုတ်ဝေမယ့်အကြောင်း ကြေညာပြီးနောက်ပိုင်းကစလို့ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တခြားငွေလဲနှုန်းတွေဖြစ်တဲ့ စင်္ကာပူဒေါ်လာ၊ ယူရို၊ မလေးရှားရင်းဂစ်၊ ဂျပန်ယန်းတို့မှာလည်း ဩဂုတ် ၁၀ ရက်နေ့ နောက်ပိုင်းကစလို့ ဈေးနှုန်း အနည်းငယ်စီ မြင့်တက်ခဲ့ပြီး ဩဂုတ် ၉ ရက်က စင်္ကာပူ ၂၅၂၅ ၊ ယူရို ၃၇၂၀ ၊ မလေးရှားရင်းဂစ် ၇၅၀ ၊ ဂျပန်ယန်း ၂၄ ကျပ် ရှိခဲ့ပေမယ့် ဒီနေ့ ဩဂုတ် ၁၄ ရက်မှာတော့ စင်္ကာပူ ၂၆၀၀ ၊ ယူရို ၃၉၀၀ ၊ မလေးရှားရင်းဂစ် ၇၇၀ ၊ ဂျပန်ယန်း ၂၄.၄ ကျပ် ပေါက်ဈေးဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

#စက်သုံးဆီဈေးနှုန်း

ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ ရွှေ၊ ငွေဈေးတွေ အတက်ကြမ်းပြီးနောက်တစ်ရက် သြဂုတ် ၁၁ ရက်မှာ တစ်လီတာ ကျပ် ၁၀၀ ကျော်ကို ရုတ်တရက် ခုန်တက်ခဲ့ပေမယ့် ဩဂုတ် ၁၂ ရက်ကစလို့ အနည်းငယ် ပြန်လည်ကျဆင်းနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

စက်သုံးဆီဈေးနှုန်းတွေဟာ ဩဂုတ် ၁၀ ရက်က အောက်တိန်း 92 တစ်လီတာ ၂၁၇၅ ကျပ်၊ 95 တစ်လီတာ ၂၂၈၅ ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၄၄၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၂၅ ကျပ် ရှိနေရာမှ ၁၁ ရက်နေ့မနက်မှာ ရုတ်တရတ် ဈေးမြင့်တက်ခဲ့တာဖြစ်ပြီး အောက်တိန်း 92 တစ်လီတာ ၂၃၁၀ ကျပ်၊ 95 တစ်လီတာ ၂၄၂၀ ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၅၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၇၅ ကျပ်အထိ အသီးသီးရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဩဂုတ် ၁၂ ရက်မှာတော့ 92/95 တစ်လီတာ ၂၅ ကျပ်ဝန်းကျင်၊ ဒီဇယ်/ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၄၀ ဝန်းကျင်နဲ့ ဈေးအနည်းငယ် ပြန်လည် ကျဆင်းလာတယ်လို့ သိရပါတယ်။

“ဆီဈေးက တက်ရင်သာ ၁၀၀၊ ၂၀၀ ခုန်တက်တာ။ ကျရင်တော့ ဆယ်လီစိတ်ပြီး ဖြည်းဖြည်းချင်းပြန်ကျတယ်။ ဘယ်လောက်ပဲကျကျ အဆင်မပြေပါဘူး။ ဟိုးအရင် ဆီဈေးက ၆၀၀ ကျော်လောက်ပဲ ရှိခဲ့တာလေ။ အဲ့ဒီဈေးကို ဒီအချိန်မှာပြန်ပြောရင် အိပ်မက်တစ်ခုလိုပဲ”လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ဩဂုတ် ၁၄ ရက်နေ့မှာတော့ ရန်ကုန်မှာ အောက်တိန်း 92 တစ်လီတာ ၂၂၈၅ ကျပ်၊ 95 တစ်လီတာ ၂၃၉၅ ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၄၆၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၃၅ ကျပ်၊ မန္တလေးမှာ အောက်တိန်း 92 တစ်လီတာ ၂၃၃၅ ကျပ်၊ 95 တစ်လီတာ ၂၃၄၅ ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၅၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၄၈၅ ကျပ်၊ နေပြည်တော်မှာ အောက်တိန်း 92 တစ်လီတာ ၂၃၂၅ ကျပ်၊ 95 တစ်လီတာ ၂၄၄၅ ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၅၀၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၈၀ ကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

#စားသုံးဆီဈေးနှုန်း

စားသုံးဆီ ဈေးနှုန်းတွေကတော့ ကျပ်ငွေတန်ဖိုး ထိုးကျနေတာကြောင့် လက်ရှိမှာ စံချိန်တင် မြင့်တက်နေပြီး စားအုန်းဆီ တစ်ပိဿာကို ကျပ် ၁၀၀၀၀ ကျော်အထိ ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

အခြေခံလူတန်းစားတွေ အားထားစားသုံးနေရတဲ့ စားအုန်းဆီဈေးနှုန်းဟာ ငွေလဲနှုန်းတွေ ရုတ်တရက် မြင့်တက်လာနဲ့အတူ အတက်ဘက်ကို ပိုမို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဩဂုတ် ၉ ရက်က တစ်ပိဿာ ၈၉၀၀-၉၁၀၀ ဝန်းကျင်မှာ ရှိခဲ့တဲ့ စားအုန်းဆီဈေးဟာ ဩဂုတ် ၁၀ ရက်မှာတော့ ၉၄၀၀-၉၆၀၀ ဝန်းကျင်ကို ရောက်ရှိလာတာကြောင့် စားအုန်းဆီ လက်လီအရောင်းဆိုင်တချို့ အရောင်းရပ်နားထားကြတယ်လို့ သိရပါတယ်။

“အဲ့ဒီ့ ၁၀ ရက်နေ့က ဒေါ်လာဈေးတွေ ထိုးတက်တော့ စားဆီဈေးတွေလည်းမငြိမ် ဖြစ်ခဲ့တာ။ အဲ့ဒါကြောင့် အဲ့ဒီ့‌နောက်ပိုင်း ပေါက်ဈေးတောင် မဖွင့်နိုင်ကြဘူး။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးလောက်ပဲ ဖြစ်ခဲ့တယ်။ ဈေးကလည်းမငြိမ်ဘူး၊ ၁၀၀၀၀ ကျော်ဈေးတန်းလည်း ဖြစ်သွားတော့ တချို့ဆိုင်တွေဆို အရောင်းပိတ်ထားရတဲ့အထိပဲ” လို့ စားသုံးဆီ လက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းလိုအပ်ချက်အရ စားအုန်းဆီကို ပြည်ပကနေ နိုင်ငံခြားငွေနဲ့ ဝယ်ယူ တင်သွင်းနေရတာဖြစ်လို့ ဒေါ်လာဈေး ရုတ်တရတ် ထိုးတက်လာတာက ပြည်တွင်း စားအုန်းဆီဈေးကိုပါ လိုက်ပါမြင့်တက်စေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ သြဂုတ် ၁၄ ရက်နေ့ မနက်ပိုင်းမှာတော့ စားအုန်းဆီ တစ်ပိဿာ လက်လီဈေး ၉၆၀၀ ကျပ်ကနေ ၁၄၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပြီး နေရာဒေသအပေါ်မူတည်ကာ ဈေးနှုန်းကွာဟမှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်။

အရင်က တစ်ပိဿာကို ကျပ်၂၀၀၀ ဝန်းကျင်သာရှိခဲ့တဲ့ စားအုန်းဆီဈေးနှုန်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ တရိပ်ရိပ်မြင့်တက်လာခဲ့တာဖြစ်ပြီး အခုလို စားအုန်းဆီဈေးမြင့်တက်မှုဟာ ဝင်ငွေအလုပ်အကိုင် လျော့နည်းလာတဲ့ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအပေါ် ရိုက်ခတ်မှု ကြီးမားလျက်ရှိပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရွှေ၊ငွေ၊စက်သုံး၊စားသုံးဆီဈေး #တပတ်တာ

Related posts

Leave a Comment

VOM News

FREE
VIEW