တပတ်အတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကုန်သွယ်မှု အခြေအနေ

ဩဂုတ် ၁၅၊ ၂၀၂၃
Shy V(VOM)

ပြီးခဲ့တဲ့ တပတ်တာ ကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကျင်စန်းကျော့ – ဝမ်တိန် နယ်စပ်ဂိတ်မှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃.၁၁၃ သန်း ဖြစ်တယ်လို့ မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်ရဲ့သတင်းအချက်အလက်တွေအရ သိရပါတယ်။

မူဆယ်နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ဩဂုတ်လ ၇ ရက်နေ့မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း တရုတ်ဘက်ကို အဓိကပို့ကုန်မှာ ငါးရှဉ့်၊ ကြက်သွန်နီ၊ ဂဏန်း၊ ပြောင်း၊ ဝါဂွမ်း၊ ရော်ဘာ၊ ကြေးနီ၊ ငါးမှုန့်၊ သီဟိုဠ်စေ့ (အခွံမပါ)၊ ပဲတီစိမ်း စတဲ့ ပို့ကုန်ပစ္စည်းတွေဖြစ်ပြီး ဒီတပတ်အတွင်း အများဆုံးတင်ပို့တဲ့ ပို့ကုန်ပစ္စည်းကတော့ ငါးရှဉ့် ဖြစ်တယ်လို့ သိရပါတယ်။

သွင်းကုန်အနေနဲ့ ယာဉ်နဲ့ ယာဉ်ယန္တရားများ၊ စက်သုံးဆီ (ဒီဇယ်၊ဓာတ်ဆီ)၊ Diesel Generator ၊ Magnesia-Chrome Bricks F 18-2၊ Galvanized Iron Sheet IN Coil၊ Deformed Bar Iron၊ Apple (Fresh Apple)၊ Solar Sheet/Solar Pannel၊ Grape (Fresh Grape)၊ Plastic Sheet တို့ အဓိကထားတင်သွင်းပြီး ကုန်သွယ်မှုပမာဏ အများဆုံး သွင်းကုန်ပစ္စည်းမှာ ယာဉ်နဲ့ ယာဉ် ယန္တရားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီတပတ်အတွင်း တရုတ်ဘက် အဝင်ကား ပျမ်းမျှ တစ်ရက်ကို အစီး ၈၀ ကျော် ရှိပြီး တရုတ်ဘက်ကနေ မြန်မာဘက် ထွက်လာတဲ့ကား ပျမ်းမျှ တစ်ရက်ကို အစီး ၉၀ ကျော် ရှိတယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေရဲ့ မှတ်တမ်းစာရင်းတွေအရ သိရပါတယ်။

ဩဂုတ်လ ၇ ရက်နေ့မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ ကျင်စန်းကျော့ – ဝမ်တိန် နယ်စပ်ဂိတ်ကနေ ကားအဝင်အထွက် စုစုပေါင်း တစ်ထောင်ကျော်ရှိပြီး ပို့ကုန်ကား ၄၉၀ ကျော် နဲ့ သွင်းကုန်ကား ၅၆၀ ကျော် ထဲမှာ ခါလီကားတွေ အပြင် တရုတ်ဘက်ကနေ တင်သွင်းလာတဲ့ ကားအသစ်တွေလည်း ပါတယ်လို့ သိရပါတယ်။

မူဆယ်မြို့ပေါ် မှာ မနေ့ဩဂုတ်လ ၁၄ ရက် ညနေ ၆ နာရီ ဝန်းကျင်ခန့်အထိ တရုတ်ယွမ် နဲ့ မြန်မာကျပ် ငွေ လဲလှယ်နှုန်းမှာ ယွမ်ပေး ကျပ်ယူ ၁၀၀ ယွမ်ကို ၄၉,၀၆၀ ကျပ်၊ ယွမ်ပေး ကျပ်ယူပါက ၈၀၀ ကျပ်ဝန်းကျင် ပိုပေးရပြီး ၄၉၈၆၀ ကျပ် ကို ယွမ် ၁၀၀ ပဲရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တပတ် ဇူလိုင် ၃၁ ရက်နေ့ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ တပတ်အတွင်း ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၂.၇၅၁ သန်းရှိပြီး အရင်တပတ်ထက် ဒီတပတ် ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၀.၃၆၂ သန်း ပိုများတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #မူဆယ်၁၀၅မိုင် #နယ်စပ်ကုန်သွယ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW