ပြည်တွင်းမှာ အလုပ်သမား ရှားပါးလာတာကြောင့် လုပ်ငန်းရှင်အချို့ အခက်ကြုံနေ

သြဂုတ် ၁၆ -၂၀၂၃
SP (VOM)

ပြည်ပ အလုပ်အကိုင်တွေ လျှောက်ထားသူ အရေအတွက် များပြားလာပြီး၊ ပြည်တွင်း အလုပ်သမားရှားပါးမှု အခက်အခဲဟာလည်း မြင့်တက်လာနေတယ်လို့ ပြည်တွင်း အလုပ်ကိုင် ရှာဖွေရေး အေဂျင်စီတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်းမှာ ပြည်တွင် အလုပ်သမား သိသိသာသာရှားပါးလာတယ် ၊ ပြည်တွင်း အလုပ်လျှောက်ထားသူကို မရှိဘူး ၊ နယ်ဘက်က လူငယ်အများစုက ပြည်ပ အလုပ်ကို အဓိကထားလုပ်ကြတော့ ပြည်တွင်းက အလုပ်ရှင်တွေအတွက် အလုပ်သမား လိုအပ်ချက် ခက်ခဲလာတယ် “လို့ အလုပ်ကိုင် ရှာဖွေပေးရေး အင်ဂျင်စီတခုက ပြောပါတယ်။

၂၀၂၁၊၂၀၂၂ က စလို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ မလေးရှား ၊ တောင်ကိုရီယား ၊ ဂျပန် စတဲ့ နိုင်ငံတွေဆီ သွားရောက်ပြီး ပြည် အလုပ်အကိုင် လုပ်နေကြတယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မုံရွာမြို့ ၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူတွေဟာ လူငယ်တွေဖြစ်တယ် ၊ ပြည်ပ အလုပ်အကိုင်အတွက် လျှောက်ကြတာ ဖြစ်တယ် ၊ လျှောက်ထားသူ ဦးရေဟာ ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း လူငယ် ၃ သိန်းနီးပါးရှိတယ် ၊ အခုလည်း နေ့စဥ် လာရောက်လျှောက်ထားဆဲဖြစ်တယ် “လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ခံ My Monywa ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းနဲ့ အလုပ်အကိုင်ရှာဖွေရေးကုမ္မဏီပိုင်ရှင် ဦးလင်းလင်းမောင် က ” စစ်ကိုင်းတိုင်းမှာ အလုပ် လုပ်မယ့်သူကိုမရှိတာ ၊ အလုပ် လုပ်နိုင်တဲ့ အရွယ်တွေက ပြည်ပ အလုပ်အကိုင်အတွက် လျှောက်ကြတယ် ၊ ပြည်ပကို ထွက်ခွာသွားကြတယ် ၊ပြည်တွင်းအလုပ်အတွက် လုပ်ကိုင်လိုသူ မရှိဘူး “လို့ ပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်းဘက်က ပြည်တွင်း အလုပ်သမား ထွက်ရှိရာဒေသတွေဖြစ်တဲ့ ရေစကြို ၊ပခုက္ကူ ၊ မြိုင် ၊ ပေါက် ၊ ဆိပ်ဖြူ ၊ ကျောက်ထု ၊ ဆော ၊ ထီးလင်း ၊ ဂန့်ဂေါ စတဲ့ မြို့နယ်တွေက လူငယ်တွေအများစုဟာလည်း ပြည်ပ ထွက်ခွာသွားကြပြီလို့ သိရပါတယ်။

#voiceofmyanmar #VOM #အလုပ်သမားရှားပါးမှု #ပြည်တွင်းအလုပ်အကိုင်

Related posts

Leave a Comment

VOM News

FREE
VIEW