ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်အထည်ကုမ္ပဏီ H&M မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ စီစဉ်

ဩဂုတ် ၁၉ – ၂၀၂၃
SN (VOM)

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်အထည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ H&M အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ၎င်းရဲ့အထည်ချုပ်စက်ရုံလုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်းထွက်ခွာတော့မှာဖြစ်တယ်လို့ ဩဂုတ်လ ၁၇ ရက်က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာ့အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတာကြောင့် H&Mအနေနဲ့ မြန်မာနိုင်ငံကနေထွက်ခွာဖို့
ဆုံးဖြတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အမှု၂၀ ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

“သေချာစဉ်းစားပြီးမှ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါပြီ။ မြန်မာနိုင်ငံမှာ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ စံချိန်စံညွှန်းနဲ့ လိုအပ်ချက်တွေနဲ့အညီ လုပ်ငန်းဆောင်ရွက်ဖို့ စိန်ခေါ်မှုတွေ တိုးလာနေတာကို တွေ့ရပါတယ်” လို့ H&Mက ရိုက်တာသတင်းဌာနကို ဖြေကြားထားပါတယ်။

ဆွီဒင်အခြေစိုက် H&M ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်းကလည်း ဆန္ဒပြပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့် အကြီးအကျယ် တုန်လှုပ်သွားရပြီး မြန်မာနိုင်ငံကို အပ်ထည်တွေပို့တာ ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ အဲ့ဒီ့နှစ်၊ မတ်လက ကြေညာခဲ့ပါသေးတယ်။

ဒါပေမယ့် အထည်ချုပ်စက်ရုံတွေကို ပိတ်လိုက်ရင် စက်ရုံဝန်ထမ်း ထောင်၊သောင်းချီ အလုပ်လက်မဲ့ဖြစ်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက် ၂၀၂၁ ခုနှစ်၊ မတ်လကစလို့ မြန်မာနိုင်ငံက အထည်စက်ရုံတွေကနေ အပ်ထည်အသစ်တွေကို တဖြည်းဖြည်းချင်း ပြန်လည် မှာယူခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ H&M ဟာ မြန်မာနိုင်ငံက ထွက်ခွာမယ့် နောက်ဆုံး ဖက်ရှင်အထည်လုပ်ငန်း အမှတ်တံဆိပ်ဖြစ်လာပြီး သူ့ရှေ့မှာ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်းကုမ္ပဏီ Zara ရဲ့ပင်မကုမ္ပဏီဖြစ်တဲ့ စပိန်အခြေစိုက် Inditex ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ တဖြည်းဖြည်း လျှော့ချသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် Dublin အခြေစိုက် Primark အဝတ်အထည် အစားအသောက်နဲ့ အိမ်သုံးပစ္စည်း လက်လီကုမ္ပဏီကလည်း အော်ဒါတွေလက်မခံတော့ကြောင်း ဒီလထဲမှာပဲ ကြေညာခဲ့ပြီး ဗြိတိန်အခြေစိုက် Marks & Spencer ကုမ္ပဏီကြီးကလည်း ဒီနှစ်မကုန်ခင် အော်ဒါလက်ခံမှုကိုရပ်ပစ်ဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

“အခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တစ်ခုပြီးတစ်ခု ထွက်ခွာကုန်တာက ‌နိုင်ငံရဲ့ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှုနဲ့ စျေးကွက် ယုံကြည်စိတ်ချရမှုအပေါ် တော်တော်လေး သက်ရောက်မှုကြီးမားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ထွက်ခွာတော့မယ်ဆိုရင် ထည့်ဝင်ထားတဲ့ ငွေကြေးအရင်းအနှီးကိုပါ ပြန်ထုတ်သွားတာကြောင့်မို့လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ လျော့ကျသွားပြီး စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု အပိုင်းမှာလည်း လျော့ကျမှုတွေ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့ကျခြင်းက နိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ကိုလည်း ကျဆင်းလာစေပြီး နိုင်ငံရဲ့ ပေးချေမှုဆိုင်ရာ မျှခြေကို ထိခိုက်စေရုံသာမက မြန်မာ့ကျပ်ငွေတန်ဖိုးလည်း ကျဆင်းလာမှာပါ”လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

ဗြိတိန်အခြေစိုက် စီးပွားရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာစင်တာက မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ပိုမိုဆိုးရွားလာတာတွေ့ရပြီး အလုပ်သမား ၁ သိန်းကျော် လုပ်ကိုင်နေတဲ့ Inditex, H&M နဲ့ Primark အပါအဝင် နာမည်ကျော်ကုမ္ပဏီ အမှတ်တံဆိပ်လုပ်ငန်းတွေအတွက် လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံတွေမှာ အခု ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလအထိ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုပေါင်း ၂၀၀ ကျော်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #ကမ္ဘာ့ဒုတိယအကြီးဆုံးဖက်ရှင်အထည်ကုမ္ပဏီ #H&M #မြန်မာကထွက်ခွာဖို့ပြင်

Related posts

Leave a Comment

VOM News

FREE
VIEW