ဒေါ်လာဈေးတက်အောင် လူမှုကွန်ရက်မှာ သတင်းဖြန့်ဝေသူတွေကို အရေးယူမယ်လို့ ဗဟိုဘဏ်ပြောပြန်

ဩဂုတ် ၂၀ – ၂၀၂၃
SN (VOM)

တစ်ဒေါ်လာ ကျပ် ၃၉၀၀ – ၄၀၀၀ နှုန်းနဲ့ တွက်ချက်ပြီး ဒေါ်လာဈေးတက်အောင် လူမှုကွန်ရက်မှာ သတင်းဖြန့်ဝေသူတွေကို ကုန်စျေးနှုန်းကြီးမြင့်အောင် လုပ်ဆောင်မှုနဲ့ အရေးယူမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြောကြားလိုက်ပြန်ပါတယ်။

မနေ့ ဩဂုတ် ၁၉ ရက်က နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးဆောင်တဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)က တာဝန်ရှိသူတွေ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။

“၂၉၂၀ နဲ့ ဒေါ်လာဝယ်ပြီး သွင်းလာတဲ့ ကုန်တွေကို အပြင်မှာပေါက်နေတဲ့ ဒေါ်လာစျေး ၄၀၀၀ နီးပါးနဲ့ တွက်ရောင်းရင် အရေးယူမယ်။ Social media မှာ ဒေါ်လာကို အပြင်စျေးကွက်ပေါက်စျေး ရေးတင်ရင်၊ share ရင် အရေးယူမယ်။ နောက်ပြီး နိုင်ငံခြားငွေတွေကို တရားမဝင် ကိုင်ဆောင်တာမျိုး မလုပ်ရဘူး။ အရောင်းအဝယ် မလုပ်ရဘူး။ အဲဒါတွေကို လိုက်နာရမယ်။ မလိုက်နာရင် အရေးယူမယ်ဆိုပြီး ခေါ်ပြောတာပါ”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ ပြင်ပ တရားမဝင်စျေးကွက်ရဲ့ ပေါက်စျေးနှုန်းတွေကို မလိုက်ပါကြဖို့နဲ့ တရားမဝင် ငွေလဲနှုန်းကို လက်မခံကြဖို့ တိုက်တွန်းခဲ့သလို ပို့ကုန်သွင်းကုန် ကုမ္ပဏီတွေနဲ့ စီးပွားရေးသမားတွေရဲ့ ငွေစာရင်း၊ ဘဏ်စာရင်းတွေကို စစ်ဆေးသွားမယ်လို့လည်း အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပို့ကုန်ဝင်ငွေ ပြန်မဝင်တဲ့ နာမည်ခံကုမ္ပဏီတွေကို တရားစွဲဆိုသွားမှာဖြစ်ပြီး အဲ့ဒီ့ကုမ္ပဏီ နာမည်ခံနဲ့ ပူးပေါင်းတဲ့ ကုမ္ပဏီတွေကိုလည်း အရေးယူကာ blacklist စာရင်းသွင်းမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်ရဲ့ စံလုပ်ငန်းစဥ် (Standard Operating Procedure-SOP)နဲ့ ကိုက်ညီရင် Online Matching စနစ်နဲ့ ကုန်ပစ္စည်းတင်သွင်းသူတွေကို ၂၉၂၀ ကျပ်နှုန်းနဲ့ ဒေါ်လာကို အပြည့်အဝ ရောင်းပေးမယ်လို့လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာစျေးသတ်မှတ်ချက် ၂၁၀၀ ကတော့ မပြောင်းလဲဘဲ ဆက်ရှိနေမှာဖြစ်ပြီး ပို့ကုန်ရငွေ ၅၀-၅၀ ကိုလည်း ပြောင်းလဲမှာမဟုတ်သလို အခြေအနေကောင်းတာနဲ့ စျေးကွက်အတိုင်း ၁၀၀ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးမယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံတော်မှာ နိုင်ငံခြားငွေတွေ အလုံအလောက်ရှိပြီး Import Financing, Swap Financing တွေကိုလည်း လုပ်ပေးမှာဖြစ်သလို facts and figures အရ သွင်းကုန်လုပ်ငန်းအတွက် နိုင်ငံခြားငွေ (၃) လစာလည်း အလုံအလောက်ရှိတဲ့အပြင် စက်သုံးဆီ (၂) လစာလည်း အလုံအလောက်ရှိတယ်လို့ သိရပါတယ်။

“မနေ့က အစည်းအဝေးကိုကြည့်ရင် ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို သူတို့ကို မဖြစ်မနေပေးပြီး ကျန် ၅၀ ကိုပဲ ကုန်သွယ်ဖို့ ပြန်သုံးရတဲ့ စနစ်၊ မလောက်ရင် ပြင်ပဈေးကွက်က ပေါက်ဈေးအတိုင်း ပြန်ဝယ်ဖြည့်နေရမှာက အရင်အတိုင်းပဲ။ နိုင်ငံခြားငွေ အရွက်လိုက် လက်ဝယ်ကိုင်ဆောင်မှုနဲ့ လည်း အဖမ်းခံရနိုင်တယ်။ ဒီလို စီမံခန့်ခွဲမှုမျိုးနဲ့ လက်ရှိ ငွေကြေးဖောင်းပွနေမှုနဲ့ နိုင်ငံခြားငွေ ဈေးတက်တာကို ကုစားနိုင်လိမ့်မယ်မထင်ဘူး”လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

ဗဟိုဘဏ်ကတော့ လက်ရှိမှာ ဘဏ်အပ်ငွေတွေလည်း ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်တဲ့အတွက် ချေးငွေတွေကိုလည်း ပိုမို ထုတ်ချေးသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပြီလို့ တွေ့ဆုံပွဲမှာ ပြောဆိုထားပါတယ်။

ဗဟိုဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာကို ရည်ညွှန်းငွေလဲစျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး အရောင်းအဝယ်တွေကိုတော့ အမေရိကန်တစ်ဒေါ်လာကို ၂၉၂၀ ကျပ်နဲ့ ခွင့်ပြုထားတာဖြစ်ပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ဗဟိုဘဏ် #ဒေါ်လာဈေးသတင်းဖြန့်ဝေသူ #အရေးယူမယ့်ကိစ္စ

Related posts

Leave a Comment

VOM News

FREE
VIEW