ရွှေဈေး၊ ဒေါ်လာဈေး စံချိန်တင် ထပ်မံ မြင့်တက်

ဩဂုတ် ၁၈ – ၂၀၂၃
SN (VOM)

ဒီကနေ့ ဩဂုတ် ၁၈ ရက်၊ နေ့လယ်ပိုင်းကစလို့ ပြည်တွင်း အခေါက်ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေး စံချိန်တင် ထပ်မံမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းနေပြီး တစ်အောင်စ ၁၉၀ ဒေါ်လာအောက် ရောက်ရှိလာပေမယ့် ပြည်တွင်း အခါက်ရွှေဈေးနှုန်းကတော့ သိန်း ၄၀ နားကို ရောက်ရှိနေပြီး စံချိန်တင်ဈေးတန်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒီနေ့ ဩဂုတ် ၁၈ ရက်မှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စ ၁၈၉၂ ဒေါ်လာ ရှိနေတာဖြစ်ပေမယ့် ပြည်တွင်း အခေါက်ရွှေဈေးနှုန်းကတော့ ကျပ် ၃၉၈၀၀၀၀ ဝန်းကျင်ဈေး ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

“ရွှေဈေးက ထပ်တက်ဖို့ အလားအလာတော့ ရှိနေတယ်။ အခြေအနေတွေက ဘယ်လောက်ပဲ ထိန်းထိန်း ထိန်းမရတဲ့အခြေအနေတစ်ခုကို ရောက်နေတာပေါ့။ လိုင်စင်ပိတ်သိမ်းတာလည်း ရှိနေတယ်၊ အဖမ်းခံနေရတဲ့သူတွေလည်း ရှိတာပဲ။ ဘယ်လိုပဲ အရေးယူမှုတွေ ရှိနေပေမယ့် ရွှေဈေးက မကျတဲ့အပြင် တက်ကောင်းနေတုန်းပါပဲ။ လက်ရှိကတော့ ဈေးကွက်မှာ အခေါက်ရွှေမရောင်းကြဘူး။ ၁၅ ပဲရည်ကိုပဲ ရောင်းနေကြရတဲ့ အနေအထားပေါ့။ အခုက ၁၅ ပဲရည်ကလည်း ၃၆ သိန်းဝန်းကျင်ရှိတယ်”လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်တွင်း ရွှေ‌နဲ့ ဒေါ်လာ၊ ဘတ် စတဲ့ ဈေးနှုန်းတွေဟာ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမှုအပါအဝင် ထိုင်း-မြန်မာကုန်သွယ်ရေး ရပ်တန့်သွားတာ၊ ဈေးကွက်အတွင်း အပြိုင်အဆိုင် ဈေးကစားမှုတွေကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမေရိကန်ဒေါ်လာဈေးနှုန်းဟာလည်း သြဂုတ်လဆန်းပိုင်းက ကျပ် ၃၁၀၀ ဝန်းကျင်သာရှိခဲ့ပေမယ့် ဒီနေ့ ဩဂုတ် ၁၈ ရက်မှာတော့ တစ်ဒေါ်လာ ၃၉၄၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းထိုးတက်လာတယ်လို့ သိရပါတယ်။

“USD ကတော့ ဒီနေ့မှာ တစ်ဒေါ်လာ ၄၀၀၀ နားအထိ ကပ်လာတာပေါ့။ အခြေအနေကတော့ သိပ်မကောင်းဘူး။ ငွေဈေးက USD အပြင် စင်္ကာပူဈေး၊ ဘတ်ဈေးတွေ၊ တခြား ငွေလဲနှုန်းတွေလည်း ဈေးတက်နေတာပဲ။ ဒီလို ငွေဈေးတွေ အဆမတန် ထိုးတက်နေတာကို နစကဘက်က ဖိဖိစီးစီး ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုရင်တော့ မြန်မာ့စီးပွားရေးဟာ ဆိုးသထက်အဆိုးဆုံး အခြေအနေတစ်ခုကို ပိုပြီးတော့ ရောက်သွားနိုင်တယ်”လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။

ဒီကနေ့မှာ ဖြစ်ပေါ်နေတဲ့ တခြားသော ငွေလဲဈေးနှုန်းတွေကတော့ စင်္ကာပူဒေါ်လာ ၂၉၀၁ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၁၀၉.၂၉ ကျပ်ဝန်းကျင်၊ ယူရို ၄၂၀၃ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၅၂၆ ကျပ်ဝန်းကျင်၊ မလေးရှားရင်းဂစ် ၈၄၁ ကျပ်ဝန်းကျင်၊ ဂျပန်ယမ်း ၂၆.၇၂ ကျပ်ဝန်းကျင် စသဖြင့် အသီးသီး ပေါက်ဈေးဖြစ်ပေါ်နေပြီး အတက်ဘက်ကို ဆက်လက် ရောက်ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဈေး #ဒေါ်လာဈေး #စံချိန်တင်မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW