ကြံခင်းမှာ နိုင်ငံသားအထောက်ထားမဲ့ ၂၇ ယောက်ဖမ်းမိ

ဩဂုတ် ၂၃ – ၂၀၂၃
GG (VOM)

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်က စစ်ရေးဂိတ်မှာ ကားတစ်စီးပေါ်ကနေ တရားမဝင် လိုက်ပါလာတဲ့ နိုင်ငံသားအထောက်ထားမဲ့ ၂၇ ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ ဩဂုတ်လ ၂၃ ရက်နေ့ မနက်အစောပိုင်းမှာ ကြံခင်းမြို့နယ် ၊ဇီးပင်ကွင်းအုပ်စု၊ တောင်အုတ်ပုံရွာနားက အုတ်ပုံပူးပေါင်း စစ်ဆေးရေးဂိတ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ​ စစ်ဆေးမှုလုပ်နေချိန် ဖောကားတစ်စီးပေါ်ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” ကားတွေကို စစ်ဆေးနေချိန်း သူတို့ကိုဖမ်းမိတာပါ။ ကလေး တွေလည်းပါတယ်။ ကလေးက မိန်းကလေး ၁ ယောက် ၊ယောကျ်ားလေး ၂ ယောက်ပါ၊ ယာဥ်မောင်းလည်းမိပါတယ်၊ ယာဥ်မောင်းက အမ်းကလို့သိရတယ်၊ကားကတော့ ဥသျှစ်ပင်ကနေ မောင်းလာတာလို့ သိရတယ် ” လို့ လုံခြုံရေး အသိုင်းအဝိုင်း နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်ထားမဲ့ ၂၇ ယောက်ထဲမှာ ယောကျ်ားလေးက ၂၁ ယောက် ပါဝင်ပြီး မိန်းကလေးက ၆ ယောက် ဖြစ်ကြောင်း ၊လက်ရှိမှာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ကလည်းဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာအုပ်စု၊ ကိုင်းသောင်ကျေးရွာ နဲ့ ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်ထဲက စက်လှေပေါ်မှာ နိုင်ငံသားအထောက်ထားမဲ့ ၇၂ ယောက် ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။

ဧရာဝတီတိုင်းမှာ ခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်းကလည်း နိုင်ငံသားအထောက်ထားမဲ့သူ ၄၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ၃၀၀ ကျော်လောက်ကို လဝက ဥပဒေအရ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ဧရာဝတီတိုင်းမှာ နိုင်ငံသား အထောက် အထားမဲ့သူ အယောက် ၇၀၀ ကျော်လောက် ဖမ်းမိခဲ့တယ်လို့ သိရပါတယ် ။

#voiceofmyanmar #VOM #ကြံခင်း #နိုင်ငံသားအထောက်ထားမဲ့၂၇ယောက်ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW