မူဆယ်၊ မန့်ဟန်ရွာမှာ ဗုံးပေါက်ကွဲပြီး လူ ၃ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ဩဂုတ် ၂၆၊ ၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအုပ်စု၊ မန့်ဟန်ရွာက နေအိမ် ၁ အိမ်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက် ည ၇ နာရီခန့်က ဗုံးပေါက်ကွဲပြီး လူ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျွန်မနေတဲ့ နေရာလေ။ မန့်ဟန်ရွာက သေသွားတဲ့ တစ်ယောက်ရဲ့ ခြေထောက်တောင် အခုထိ တောင်ရှာလို့ မရသေးဘူး။ ကျွန်မတို့ အိမ်တောင် တုန်သွားတယ်။”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

TNLA ရဲဘော် ၁ ဦးက ဗုံးဆော့ရာကနေ ပေါက်ကွဲသွားပြီး ပေါက်ကွဲမှုမှာ အဲဒီ ၃ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ဒဏ်ရာရတဲ့သူတွေထဲမှာ မူးယစ်မှုနဲ့ TNLA ကဖမ်းဆီးထားတဲ့ အရပ်သား ၁ ဦး၊ တပ်က စစ်သား ၁ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ နောက်ထပ် ဒေသခံ ၁ ဦးကပြောပါတယ်။

“ဟုတ်တယ်။ ဖမ်းထားတဲ့ သူ ၂ ယောက်လုံးက ဒဏ်ရာရတယ်။ ပြီးရင် သူတို့ရဲ့အဖွဲ့တွေလည်း ၃ ယောက် ဒဏ်ရာရတယ်။ ၅ ယောက် ဒဏ်ရာ ရတယ်။ ၃ ယောက် သေတယ်။ သူ့ဘေးနားမှာ ဘယ်နှယောက်ရှိလဲ မသိဘူး။” လို့ သူက ပြောပါတယ်။

ဘေးနားက လူတွေက မဆော့ဖို့ တားနေရာက ဆော့ရင်း ပေါက်ကွဲသွားတာပြီး သေဆုံးသွားသူတွေက အသက် ၂၀ ကျော်အရွယ်တွေဖြစ်ကာ ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကိုတော့ TNLA တပ်ဖွဲ့တွေက သယ်ဆောင်သွားတယ်လို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ မော်တောင်းရွာနဲ့ကပ်လျက် မန့်ဟန်ရွာ၊ တအာင်း (ပလောင်)တွေ နေတဲ့ဘက်ဖြစ်ကြောင်း ဒေသခံ အမျိုးသား ၁ ဦးကလည်း ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာအဖွဲ့တွေ အင်အားအများအပြား ရောက်ရှိလာခဲ့ပြီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေအိမ်ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW