ရေစကြိုနယ်မှာ ပြည်သူစစ် ၆ ဦး ပစ်သတ်ခံရ

သြဂုတ်၂၅-၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဂွေးချိုကျေးရွာမှာရှိတဲ့ ပြည်သူ့စစ် ၆ ယောက်ဟာ ဒီကနေ့ မနက် ၅ နာရီခွဲဝန်းကျင်က လမ်းမှာ ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက်က ဂွေးချိုရွာကနေ ၂ မိုင်လောက်ဝေးတဲ့ စည်သာရွာ စံပြစျေးကို စျေးဝယ်သွားတယ် ၊ စျေးက ၅ ရက် တစျေးဆိုတော့ ဒီနေ့က စျေးနေ့ဖြစ်တယ် ၊ စျေးဝယ်သွားတဲ့သူက အမျိုးသား ၇ ယောက်ဖြစ်တယ် ၊ စူပါကာစတန်ကားနဲ့ သွားတယ် ၊ ဂွေးချိုရွာထွက် လမ်း ၃ မိုင်လောက်နေရာမှာ ပစ်ခံရတာပါ “လို့ ဂွေးချို ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ(၁)ယောက်က “ပြည်သူစစ်တပ်ဖွဲ့ဝင် ၇ ယောက် စျေးထွက်ဝယ်တယ် ၊ သူတို့စီးလာတဲ့ကားကို စောင့်ကြိုတိုက်ခိုက်ခံရတာဖြစ်တယ် ၊ ကားပေါ်မှာ ၇ ယောက်ပါတယ် ၊ ကာဘိုင် သေနတ် ၅လက်ပါတယ် ၊ ၆ ယောက်သေတယ် ၊ ကျန်တယောက်က သေတဲ့လူတယောက် အောက်မှာ ပိနေပြီး ပေါင်မှာ ဒဏ်ရာရတယ် ၊သူက မသေဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ရေစကြိုမြို့နယ်တော်လှန်ရေးအဖွဲ့ ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဒီမနက်ပိုင်းက ဂွေးချိုကျေးရွာ ပြည်သူစစ်အဖွဲ့ဝင် ၆ ယောက်ကို တိုက်ခိုက်ခဲ့ပြီး သေနတ် ၅ လက်နဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကလည်း ရေစကြိုမြို့ပေါ်မှာ မနက်စျေး (ဘောလုံးကွင်းစျေး)ကို ဟိုက်ဂျက်ကားနဲ့ စျေးဝယ်ထွက်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၅ ယောက် ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးတာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေစကြို

Related posts

Leave a Comment

VOM News

FREE
VIEW