ဂျပန်မှာရှိတဲ့ တိုယိုတာ ကားစက်ရုံအားလုံးရဲ့ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်း

တိုကျို၊ သြဂုတ်-၂၉-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ တိုယိုတာဟာ ထုတ်လုပ်ရေးစနစ်ချို့ယွင်းမှုကြောင့် ဂျပန်မှာရှိတဲ့ တပ်ဆင်ထုတ်လုပ်ရေးစက်ရုံအားလုံးရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ဒီနေ့မှာ ယာယီ ရပ်ဆိုင်းလိုက်ရပါတယ်။

အဲဒီလိုဖြစ်ပွားရတဲ့အကြောင်းရင်းကို ကုမ္ပဏီက စုံစမ်းစစ်ဆေးနေပြီး ဆိုက်ဘာတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ လတ်တလောယူဆလို့မရသေးကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ဂျပန်မှာရှိတဲ့ ကားစက်ရုံ ၁၂ ရုံလည်ပတ်မှုကို ရပ်ဆိုင်းခဲ့ပြီး နောက်ပိုင်းမှာတော့ ၁၄ ရုံလုံးရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။

လုပ်ငန်းတွေပြန်လည်စတင်နိုင်မယ့်အချိန် သို့မဟုတ် အခုလိုရပ်တန့်လိုက်တာကြောင့် ထုတ်လုပ်မှုဘယ်လောက်ထိခိုက်ဆုံးရှုံးမယ်ဆိုတာကို ကုမ္ပဏီက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဂျပန်မှာရှိတဲ့ တိုယိုတာရဲ့ ကားစက်ရုံ ၁၄ ရုံဟာ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံရှိမယ်လို့ ခန့်မှန်းရပါတယ်။ ထုတ်လုပ်မှုရပ်ဆိုင်းလိုက်တဲ့သတင်းကြောင့် တိုယိုတာရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ ဒီနေ့နေ့လယ်ပိုင်းမှာ ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း တိုယိုတာရဲ့လုပ်ငန်းခွဲတခုမှာ ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ပြည်တွင်းရှိ စက်ရုံအားလုံးရဲ့ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါတယ်။ အဲဒီအချိန်ကတော့ တရက်တာလုပ်ငန်းတွေရပ်ဆိုင်းမှုမှာ ကားထုတ်လုပ်မှု အစီးရေ ၁၃၀၀၀ ခန့်ဆုံးရှုံးခဲ့ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ToyotaHalts #AllJapanAssemblyPlants #duetoglitch

Related posts

Leave a Comment

VOM News

FREE
VIEW