စားသုံးဆီအသင်းဥက္ကဋ္ဌနဲ့ ဆီကုန်သည်ကြီး ၄ ဦး ဖမ်းဆီးခံရ

ဩဂုတ် ၃၁ – ၂၀၂၃
SN (VOM)

မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနဲ့ ဆီကုန်သည်ကြီး ၄ ဦးကို မနေ့ သြဂုတ် ၃၀ ရက်၊ ညနေပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။

စားသုံးဆီအသင်းဥက္ကဋ္ဌ ဦးဆန်းလင်း အပါအဝင် ဆီတင်သွင်းခွင့်ပါမစ်ရ ဆီကုန်သည်တွေဖြစ်တဲ့ ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်းတို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနဲ့ စစ်ဘက်ရေးရာလုံခြုံရေး(စရဖ) အဖွဲ့က ပူးပေါင်းဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“သူတို့ကို ဘယ်မှာထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်တော့ မသိဘူး။ အဖမ်းခံရတာတော့ သေချာပါတယ်။ အခုကတော့ ခေါ်မေးနေတုန်းအဆင့်ပဲ ရှိပါသေးတယ်။ တရားဝင် ပုဒ်မတပ်တာတော့ မကြားမိသေးဘူး”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်ပက စားသုံးဆီတွေကို ပြည်တွင်းကို တင်သွင်းပြီး ရောင်းချရာမှာ တရားဝင်သတ်မှတ်ဈေး တပိဿာ ကျပ် ၄၀၀၀ နဲ့ ရောင်းချပေးဖို့ ညွှန်ကြားထားချက်ကို လိုက်နာမှုမရှိတာကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အခုက ဈေးတွေတက်တိုင်း ဟိုလူ့ဖမ်း၊ ဒီလူ့ဖမ်းဆိုတာ အဖြေမဟုတ်ဘူး။ ပြီးတော့ အခုက ဆီဈေးတက်လို့ ဖမ်းတာဆိုတော့ တကယ်တမ်း ဆီဈေးတက်အောင်လုပ်နေတာက ဒီလူတွေမဟုတ်ဘူးလေ။ အခုက ခုတ်ရာတခြား ရှရာတခြားဖြစ်နေတယ်။ ဒါကိုလည်း သူတို့သိပါတယ်”လို့ သူက ပြောပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ပြည်ပမှ တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ စားအုန်းဆီလက်လီဈေးနှုန်းတွေ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ဆီကုန်သည်တွေနဲ့ ဆီလုပ်ငန်းရှင်များအသင်း၊ ဆီတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး သက်သာသောဈေးနှုန်းတွေနဲ့ ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိတယ်လို့ သြဂုတ် ၂၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စားသုံးသူပြည်သူတွေအနေနဲ့ လက်လီဈေးကွက်အတွင်း စားသုံးဆီတွေဝယ်ယူရာမှာ အရင်ဈေးနှုန်းအတိုင်း အမြင့်ဈေးနဲ့ ဆက်လက် ရောင်းချနေပါက ဝယ်ယူစားသုံးခြင်းမပြုဖို့နဲ့ စားသုံးသူရေးရာဦးစီးဌာနရဲ့ Call Center ၁၅၃၅ ၊ စားသုံးသူရေးရာဦးစီးဌာန Facebook Page နဲ့ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးတွေရဲ့ Facebook Page တွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့လည်း အဲ့ဒီ့ကြေညာချက်ထဲမှာ ထည့်သွင်း အသိပေးထားပါတယ်။

ဒါ့အပြင် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကို ထိန်းချုပ်ဖို့ နစက က “ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ”ကို သြဂုတ် ၁ ရက်နေ့က ဖွဲ့စည်းထားပါသေးတယ်။

လက်ရှိ ပြင်ပဈေးကွက်အတွင်းမှာတော့ စားအုန်းဆီ တပိဿာကို ငွေကျပ် ၉၂၀၀ ကျော် ဝန်းကျင် ပေါက်ဈေးရှိနေပြီး ပဲရောဆီကတော့ ကျပ် ၁၀၀၀၀ ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။

#voiceofmtanmar #VOM #စားသုံးဆီလုပ်ငန်းရှင်များ #ဖမ်းဆီးထိန်းသိမ်းခံထားရ

Related posts

Leave a Comment

VOM News

FREE
VIEW