မန္တလေးမြို့မှာ ဆိုင်ကယ်ပွဲစားတန်းဥက္ကဌ ပစ်သတ်ခံရမှုဖြစ်ပွား

စက်တင်ဘာ၊ ၂ -၂၀၂၃
MM(VOM)

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉လမ်း နဲ့ ၁၁၀ အေလမ်းထောင့်မှာ အမျိုးသား(၁)ဦး ပစ်သတ်ခံရပြီး လမ်းဘေး ဈေးရောင်းနဲ့တဲ့ အမျိုးသမီး (၁)ဦးလည်း ကျည်ဆန်မှန် ဒဏ်ရာတွေ ရခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသူဟာ ၅၉လမ်း ဆိုင်ကယ်ပွဲစားတန်း ဥက္ကဌ အသက်(၆၂)နှစ်အရွယ် ဦးမော်ကြီးဆိုသူဖြစ်ပြီး ဒဏ်ရာရသူကတော့ ဝက်သားရောင်းနေတဲ့ အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။

” ၅၉လမ်းပေါ်ကနေ လူနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ပေါ်ကနေ ပစ်သွားတာ၊ ဦးမော်ကြီးကတော့ နေရာတင် ဆုံးသွားပါတယ်၊ အဲ့ဒီနားမှာ ဝက်သားရောင်းတဲ့ အမျိုးသမီးလည်း ကျည်မှန်တဲ့ ဒဏ်ရာတွေရတယ်၊ သူ့ကိုတော့ ဆေးရုံပို့ပြီး ဆေးကုနေရပါတယ်၊ ဘာကြောင့်အပစ်ခံရတာလဲဆိုတာတော့ သက်ဆိုင်ရာက စုံစမ်းနေဆဲပါ”လို့ ရဲနဲ့နီးစပ်သူ(၁)ဦးကပြောပါတယ်။

‘အနီးရှိ ဒေသခံ တစ်ဦးကလည်း “ဦးမော်ကြီးကဆိုင်ကယ် အရောင်းအဝယ်လုပ်နေတဲ့လူလေ၊ သေနတ်နဲ့ ပစ်ခံရပြီး ရင်အုံ၊ ပခုံး၊ နဖူး၊ နောက်ကျော စတဲ့နေရာတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရပြီးဆုံးသွားတယ်၊ ဖြစ်စဉ် အနီးမှာရှိနေတဲ့ ဈေးသည် အမျိုးသမီးက ပေါင်မှာကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေတယ်”လို့ ပြောပါတယ်။

ဖြစ်စဉ်ကို သက်ဆိုင်ရာက လာရောက်စုံစမ်းစဉ် အခင်းဖြစ်နေရာမှာ ကျည်ခွံ(၇)ခုနဲ့ ကျည်ဖူး(၁)သိမ်းဆည်းရမိတယ်လို့ သိရပါပြီး အခင်းဖြစ် ပတ်ဝန်းကျင်ရှိ ရပ်ကွက်တွေထဲကနေအိမ်တွေကို လိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းကပဲ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးတိုင်း ရသုံးမှန်ချေငွေစာရင်းဦးစီးဌာနရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ် ၃၁ ရက်ကလည်း မန္တလေးတိုင်း ၊ ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှူးရုံးအတွင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲဒီပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်းအမျိုးသမီး ၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နစကရဲ့ထုတ်ပြန် ဖော်ပြထားချက်အရ သိရပါတယ်။

#voiceofmtanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW