မဲမသမာမှုတွေမဖြစ်ဖို့ အီလက်ထရောနစ်မဲပေးစက် အသုံးပြုတာလို့ ရွေး/ကော်ဥက္ကဋ္ဌ ပြော

စက်တင်ဘာ ၅ – ၂၀၂၃
SN (VOM)

မဲမသမာမှုတွေမဖြစ်စေဖို့ အီလက်ထရောနစ်မဲပေးစက် အသုံးပြုရေး ဆောင်ရွက်တာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့တွေ့ဆုံပြီး အီလက်ထရာနစ်မဲပေးစက်ကို မိတ်ဆက်တာနဲ့ လက်တွေ့စမ်းသပ်မဲပေးတာတွေကို ဒီနေ့ စက်တင်ဘာ ၅ ရက်၊ မနက် ၉ နာရီခွဲက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနားမှာ ကော်မရှင်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မဲပေးရာမှာ မဲမသမာမှုတွေ မဖြစ်စေဖို့နဲ့ မဲပေးရာမှာ မြန်ဆန်လွယ်ကူတာ၊ အချိန်တိုအတွင်း တိကျတဲ့ မဲရလဒ်တွေ ရရှိနိုင်တာ၊ ပွင့်လင်းမြင်သာမှုရှိတာ၊ ပယ်မဲမရှိတာနဲ့ မဲလက်မှတ်တွေရိုက်နှိပ်ရတဲ့ ကုန်ကျစရိတ်တွေ လျော့နည်းစေတာ စတာတွေအတွက် ရည်ရွယ်ပြီး အီလက်ထရောနစ် မဲပေးစက် အသုံးပြုရေး ဆောင်ရွက်တာဖြစ်ပါတယ်”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။

မဲဆန္ဒရှင်စာရင်းတွေ ပြုစုရာမှာ ပြည့်စုံမှန်ကန်ရေးနဲ့ လျင်မြန်လွယ်ကူစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွေ စီမံခန့်ခွဲမှုစနစ်ကိုလည်း ရေးဆွဲဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အရင် နိုင်ငံရေးပါတီတွေနဲ့ ၄ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး နောင်ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်ပြီး ရိုးရှင်းလွယ်ကူတဲ့ စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed List-PR) ကို ပြောင်းလဲကျင့်သုံးဖို့ သဘောတူညီခဲ့ကြတယ်လို့ သူက ပြောပါတယ်။

မြန်မာအီလက်ထရောနစ်မဲပေးစက်ဟာ အင်တာနက် ဒါမှမဟုတ် ကွန်ယက်တခုခုနဲ့ ချိတ်ဆက်ထားတာ မဟုတ်တဲ့အတွက် ကွန်ပျူတာနည်းပညာအသုံးပြုပြီး တိုက်ခိုက်လို့မရနိုင်သလို မှန်ကန်တိကျတဲ့ ရလဒ်တွေ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ့မဲပေးစက်ဟာ လျှပ်စစ်မီးအပေါ် မှီခိုမှုမရှိတဲ့အတွက် နေရာဒေသမရွေး အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmtanmar #VOM #ရွေး/ကော် #အီလက်ထရောနစ်မဲပေးစက်

Related posts

Leave a Comment

VOM News

FREE
VIEW