စက်တင်ဘာ ၁၈-၂၀၂၃
MM(VOM)
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်က အိပ်ပျက်ကျေးရွာအုပ်စုမှာ ရေကြီးရေလျှံမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရတဲ့
ဒေသခံ အယောက် ၁၀၀၀ ကျော်ဟာ စားစရာနဲ့ အမိုးအကာ အဝတ်အထည်တွေ အကူအညီအရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
”ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် နေအိမ်တွေ ခေါင်အထိ ရေတတ်မြုပ်ခဲ့တာ၊ ရွှေပြောင်းခဲ့ရတဲ့ အိမ်ခြေ ၂၀၀ နီးပါးလောက် ရှိတယ်၊ အိပ်ပျက်ကျေးရွာမှာက ငှက်ပျောတော၊ ဖောင်ဆိပ် ၊ အုန်းတောနဲ့ တာငုတ်ဆိုပြီး ကျေးရွာခွဲတွေရှိတယ်၊ ကျေးရွာတရွာကို အိမ်ခြေ ၂၀၀ လောက်အထိ ပြောင်းရွှေ့ခဲ့ရတာ၊ အခု မပြောင်းရတဲ့ အိမ်က ဆယ်ဂဏန်းလောက်ပဲရှိတော့တယ်။”လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ (၁) ယောက်ကပြောပါတယ်။
”တနေ့တည်း ပြောင်းရွှေ့ရတာမဟုတ်ဘူး၊ စက်တင်ဘာ ၁၀ ရက် လောက်ကတည်းကပြောင်းခဲ့ရတာ ၊မနေ့ကအထိ ပြောင်းခဲ့ရတုန်း ၊တဖြည်းဖြည်း မြင့်တက်လာတဲ့ ဧရာဝတီမြစ်ရေကြောင့် ပြောင်းရတာ၊ တချို့အိမ်တွေဆို ရေကခေါင်အထိရောက်နေပြီ၊ အိပ်ပျက်ကျေးရွာအုပ်စုက ဒေသခံတွေက ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာ ၊ အခု အလုပ်မရှိဘူး ၊ စားစရာလည်းမရှိဘူး ၊စေတနာရှင်တွေ ပရဟိတသမားတွေက အကူညီပေးတာရှိတယ် လိုအပ်ချက်နဲ့ မမျှဘူး၊ ထမင်းထုပ်လေးပဲ လာလှူတာရှိတော့ တော်တော်အခက်အခဲဖြစ်နေတာ၊ အခု ကုန်းမြင့်တဲ့ တာပေါင်လေးပေါ်မှာ ယာယီ တဲထိုးနေရတာ”လို့ ဒေသခံ (၁)ယောက်ကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသခံ ရပ်မိရပ်ဖိ(၁)ယောက်က ” အိပ်ပျက်ကျေးရွာအုပ်စုက ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိတာပါ၊ ဧရာဝတီ မြစ်ရေတိုက်စားပြီး ကမ်းပြိုကျလို့ ပြောင်းရတာနဲ့ အခု မြစ်ရေတက်လို့ ပြောင်းရတာကြောင့် နေစရာ မြေပါမရှိဖြစ်နေတယ်၊ အခု ကမ်းပြိုကျတာကလည်း အဆက်မပြတ်ဖြစ်နေတာ ၊ အခုလို သဘာဝဘေးသင့်သူတွေကို အကူအညီပေး မြေနေရာချပေးဖို့ နိုင်ငံတော်က
စီစဉ်ပေးစေချင်တယ်”လို့ ပြောပါတယ်။
အခု ပြောင်းရွှေ့ရတဲ့ ဒေသခံ အယောက် ၁၀၀၀ ခန့်ထဲမှာ သက်ကြီး ရွယ်အိုတွေ ၊ ကလေးငယ်တွေလည်း ပါဝင်ပြီး တချို့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ရာသီတုပ်ကွေးရောဂါ
တွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်ကလည်း ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုထဲက ကျေးရွာခွဲ ၅ ရွာလောက်မှာ ဧရာဝတီမြစ်ရေ တိုက်စားမှုဒဏ်ကြောင့် လူနေအိမ် အလုံး ၆၀ ကျော် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း ဟင်္သာတမြို့နယ် ၊ အိပ်ပျက်ကျေးရွာအုပ်စု မှာ ရုတ်တရက် မြစ်ရေတိုက်စားလို့ လူနေအိမ် ၂၀၀ နီးပါ ရေနစ်ပြုခဲ့သေးတယ်လို့သိရပါတယ်။
လက်ရှိ ဧရာဝတီမြစ်ဟာ ဟင်္သာတမြို့နယ်မှာ စိုးရိမ်ရေ အမှတ် အထက် ၈ လက်မခန့်ကျော်လွန်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန် ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
#voiceofmyanmar #VOM #ဟင်္သာတ