စပါးစျေးကွက် တပတ်တာအခြေအနေ

စက်တင်ဘာ ၂၄ – ၂၀၂၃
GG(VOM )

ဆန်စျေးနူန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က မိုးစပါးကို ရည်ညွှန်းစျေးတန်းတစ်ခု သတ်မှတ်လိုက်ပါတယ်။

ဆန်ကြမ်းအုပ်စုဖြစ်တဲ့ ငစိန် နဲ့ ဧည့်မထစပါးကို ၁၃ သိန်းကနေ ၁၅ သိန်း၊ ဧရာမင်း ဧရာပဒေသာ နဲ့ ဧရာဝတီပေါ် ဆန်းကို ၁၆ သိန်းကနေ ၁၈ သိန်း၊ရွှေဘိုပေါ်ဆန်းကို ၁၈ သိန်းက​နေ သိန်း ၂၀ ကျပ်အထိသာ ရောင်းချရမယ်ဆိုပြီး စက်ဆင်ဘာလ ၁၉ ရက်နေ့မှာ အသိပေးခဲ့တာဖြစ်ပါတယ်။

ပြင်ပမိုးစပါးစျေးကွက်မှာက စပါးတင်း ၁၀၀ ကို ၁၅ သိန်းကနေ ၁၆ သိန်းဝန်းကျင် စျေးဖွင့်ထားတာကြောင့် MRF ရဲ့မိုးစပါးရည်ညွှန်းစျေးက နည်းနေလို့ တောင်သူတွေဘက်က ဝေဖန်ပြောဆိုနေကြပါတယ်။

” ဆန်စျေးမတက်အောင် စပါးစျေးကို လာချကြတယ်၊မြေဩဇာစျေးကိုတော့ အမျိုးအစားအလိုက် ဘယ်လောက်နူန်းပဲရောင်းရမယ် ပိုရောင်းမရဘူးလို့ ကြေညာတာမကြားမိဘူး။ပိုးသတ်ဆေးလည်းအတူတူပဲ။အကုန်လုံး စျေးအမြင့်နဲ့ဝယ်ထားရပြီး အခုစပါးထွက်မှ ချဝယ်မယ်ဆိုတော့ တရားသလားပဲပြောချင်တယ်။ သူတို့အသင်းကပြောသလို စပါးက ၇၅ တင်း လယ်တိုင်းမရပါဘူး။၄၀ ၊ ၅၀ ရသူအများကြီးပါ၊ ၅၀ရသူဆို အရင်းလောက်ပဲရတယ်၊ လယ်အငှားလုပ်သူဆိုရင် အရင်းတောင်မရဘူးရှုံးတယ်”လို့ တောင်သူ(၁)ဦးက ပြောပါတယ် ။

အခုနှစ် မိုးစပါးစိုက်ပျိုးကုန်ကျစရိတ်က လယ်တစ်ဧကကို ၆ သိန်းခွဲကနေ ၇ သိန်းဝန်းကျင်ရှိနိုင်ပြီး လယ်သမားတစ်ယောက်ချင်းစီးရဲ့ မြေဩဇာသုံးစွဲမှု၊ ပိုးသတ်ဆေးသုံးစွဲမှု၊ လယိမြေပြုပြင်မှု စတဲ့ အသုံးပြုမှုအပေါ်မူတည်ပြီး ကုန်ကျစရိတ်က ပိုများနိုင်သလို၊ပိုပြီးလည်းလျော့နည်းနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်MRFဥက္ကဋ္ဌ ဦးရဲမင်းအောင်က အခုနှစ်မိုးစပါးအတွက် သတ်မှတ်ပေးတဲ့ ရည်ညွှန်စျေးနူန်းတွေဟာ တောင်သူတွေအတွက် သင့်တင့်မျှတတဲ့ စျေးနူန်းတစ်ခုဖြစ်ကြောင်း၊ တောင်သူတွေရဲ့စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို သေချာစနစ်တကျ တွက်ချက်ကောက်ခံပြီးမှ သတ်မှတ်လိုက်တဲ့ရည်ညွှန်းစျေးဖြစ်တဲ့အပြင် အကျိုးအမြတ်ရရှိမယ့် နူန်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

” ကျနော်တို့စဥ်းစားထားတဲ့စျေးနူန်းတွေက တောင်သူလယ်သမားတွေအတွက် ကုန်ကျစရိတ်အပေါ်မှာ အကျိုးအမြတ်က အနည်းဆုံး ၅၀ ရာခိုင်နူန်း မကပါဘူး၊တကယ်တမ်းတော့ အများကြီးပိုပါတယ်၊ဒါ့ကြောင် ထိုက်သင့်တဲ့ အကျိုးအမြတ်ကို အာမခံထားတဲ့စျေးနူန်းတွေဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ဒီစျေးနူန်းတွေနဲ့ပတ်သက်ရင် ကျနော့အနေနဲ့ကတော့ သင့်တင်မျှတတဲ့စျေးနူန်းတွေဖြစ်တယ် ၊ ဆန်စျေးကိုထပ်မတက်အောင်နဲ့ မူမမှန်တဲ့ရောင်းဝယ်မှုတွေကို တားမြစ်ဖို့ပါ၊ အခုသတ်မှတ်ထားတဲ့ မိုးစပါးရည်ညွှန်းစျေးနဲ့ပတ်သက်ပြီး စပါးစျေနိမ့်တယ်ဆိုပြီး ပြောသူရှိသလို သတ်မှတ်စပါးစျေးနူန်းက များတယ်ဆိုပြီး ပြောဆိုတဲ့သူတွေရှိတာလည်း သိတယ်လို့”လို့ ဦးရဲမင်းအောင်ကပြောပါတယ်။

စပါးစျေး နည်းတဲ့အချိန်မှာ တောင်သူဘက်ကို စဥ်းစားပေးရပြီး စပါးစျေးမြင့်ချိန်မှာတော့ စားသုံးသူကို ပြန်ငဲ့ကြည့်ရကြောင်း၊တောင်သူတွေအနေနဲ့လည်း စပါးစျေးနူန်းအပေါ်ကို မှီခိုမနေဘဲ စပါးအထွက်နူန်းတိုးအောင် လုပ်သင့်တယ်လို့ ပြောပါတယ် ။

“စပါးစျေးမြင့်ရင် ဆန်စျေးမြင့်မယ်၊ဆန်စျေးမြင့်ရင်လည်း စပါးဈေး မြင့်မှာဖြစ်ပါတယ်။စပါးစျေးတည်ငြိမ်မှဆန်စျေးတည်ငြိမ်မှာဖြစ်ပါတယ်။စပါးနဲ့ပတ်သက်ပြီး တခြားနယ်ပါ်ကလူတွေဝင်ရောက်ပြီး ဝယ်ယူလှောင်လာကြတယ်။နောက်ပြီး ရည်ညွှန်းစျေး သတ်မှတ်တာက မူမမှန်နဲ့ ဝယ်ယူသူတွေကို အဓိကပါ။စျေးတွေ မတရားမြင့်ပေးဝယ်ပြီး အကုန်ဝယ်လှောင်၊လက်ထဲရောက်မှ စျေးတွေဆွဲတင်တာတွေ မဖြစ်အောင်ပါ၊Price ဈေးနူန်းတစ်ခုတည်းအပေါ် မှီခိုနေလို့မရပါဘူး၊အရင်စပါးစျေးနိမ့်ချိန်ဆို နိုင်ငံတော်ကနေ ဝင်ပြီးဝယ်ပေးရတာရှိတယ်၊ဒါ့အပြင် ယူရီးယား ဓာတ်မြေဩဇာကို ၁ သိန်းကျော်ရောင်းချတာရှိရင် MRF ကိုသက်သေနဲ့တကွ အသိပေးနိုင်တယ် ”လို့ ဦးရဲမင်းအောင်ကထပ်မံပြောပါတယ်။

မြေဩဇာကထုတ်တဲ့ အမှတ်တံဆိပ်ပေါ်လိုက်ပြီး ယူရီးယား ပုလဲဓာတ်မြေဩဇာက ၈၀၀၀၀ ကနေ ၉၅၀၀၀ ရှိပြီး အမြင့်ဆုံး ၁၅ ပတ်လည်က ၁၃၀၀၀၀ ကျော်၊ ပိုတက်က ၁၃၀၀၀၀ ဝန်းကျင် ရှိပါတယ်။ဓာတ်မြေဩဇာတွေကတော့ စျေးကွက်ထဲမှာ အမျိုးအစား မျိုးစုံရှိပြီး စျေးနူန်းကလည်း ကွာခြားပါတယ်။

လက်ရှိမှာတော့ မိုး စပါးစျေးကို ရည်ညွှန်းစျေးသတ်မှတ်ထားတဲ့အပြင် မိမိတို့သက်ဆိုင်ရာတိုင်းဒေသကြီး အပြင်ကိုကျော်ပြီးလည်း သယ်ယူရောင်းချခွင့် တားမြစ်ထားပါသေးတယ်။

ဧရာဝတီတိုင်း၊ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းမှာ သက်ငယ် မိုးစပါးတွေ စတင်ရိတ်သိမ်းနေကြပြီး အနိမ့်ဆုံး ၁၅ သိန်းကနေ ၁၆ သိန်းအထိရှိနေကာ စပါးအရည်အသွေး ညံ့တာတွေကတော့ အဲ့ဒီပမာဏထက် စျေးနည်းတယ်လို့သိရပါတယ်။

” အရင်တုန်းကလည်း မိုးစပါးပေါ်ချိန်ဆို မိုးစပါးအသစ်တွေကို အခုလိုစျေးသတ်မှတ်တာပဲ၊ဒါပေမယ့် သူတို့စျေးကနိမ့်နေတော့ ဝယ်လို့မရပါဘူး။လယ်သမားတွေကလည်း ကုန်ကျစရိတ်များတော့ နားလည်ပါတယ်။ဒီတော့ ပေါက်စျေးပဲဝယ်ရတာပဲ”လို့ ပဲခူးတိုင်းထဲက စပါးဝယ်ရောင်းလုပ်ကိုင်နေသူ မသန္တာဦးကပြောပါတယ်။

မိုးစပါးတွေ စျေးကွက်ထဲစတင်ဝင်ရောက်နေပြီဖြစ်လို့ အရင်နှစ်မိုးစပါးလှောင်ထားသူတွေက စပါးအဟောင်းတွေကို ထုတ်ရောင်းနေကြပြီး စျေးတန်းကတော့ အနိမ့်ဆုံး သိန်း ၂၀ ကျပ်ကနေ ရွှေဘိုကတော့ သိန်း ၄၀ လောက်ရှိနေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လတ်တလောစပါးစျေးကွက်က ကြိုက်ရောင်းကြိုက်ဝယ် သဘောဖြစ်နေပြီး စျေးမကြိုက်ပါက စပါးကိုနေလှန်းကာ သိုလှောင်ထားတဲ့တောင်သူရှိသလို စပါးကိုငွေချေးငှားလုပ်ကိုင်ရသူ၊လယ်အငှားလုပ်ကိုင်ရသူတွေကတော့ စျေးအနည်း၊အများ မတွေးနိုင်ဘဲ ပွဲစားဝယ်ယူတဲ့စျေးနဲ့ပဲ ရောင်းချနေရတယ်လို့ သိရပါတယ်။

အခုနှစ်မိုးစပါးမှာ ရာသီဥတုက မိုးများလွန်းတဲ့အတွက် ရိတ်သိမ်းခါနီး စပါးစိုက်ခင်းအချို့ ရေနစ်မြုပ်တာရှိသလို စိုက်ခင်းတွေမှာ ပိုးတွေကျရောက်တဲ့အတွက် သီးနှံတွေပျက်စီးကာ စပါးအထွက်နူန်းကို ထိခိုက်နိုင်တယ်လို့ တောင်သူတွေဆီကသိရပါတယ်။

မိုးစပါးစိုက်ခင်း တစ်ဧကမှာ စပါးအထွက်နူန်းက အနည်းဆုံး ၄၀ ကနေ ၅၀ သာထွက်တဲ့လယ်ရှိသလို ၆၀ ကနေ ၈၀ အထိထွက်တဲ့လယ်မျိုးလည်းရှိကြောင်း၊ တစ်ဧကကို ၈၀ ထွက်ပြီး တင်း ၁၀၀ ကို ၁၆ သိန်းစျေးရောင်းရမှ စိုက်ပျိုးစရိတ်နူတ်ပြီး ၅ သိန်းကျပ်လောက်သာ အမြတ်ကျန်တယ်လို့ တောင်သူတွေကပြောကြပါတယ်။

” တောင်သူတွေလက်ထဲစပါးရှိချိန် စပါးစျေးကို ချဝယ်ဖို့ လုပ်ကြတယ်၊တောင်သူလက်ထဲ စပါးမရှိချိန် စပါးစျေးတက်တာကိုကျတော့ အခုလိုစာထုတ် စျေးနူန်းပါတွဲထုတ်တာမတွေ့ရဘူး။ စပါးထွက်ပြီး စျေးသင့်မှမြတ်ပါတယ်၊စပါးကမထွက် စျေးကကျဆိုရင် လုပ်ရင်းငတ်နေရအုံးမှာ လယ်သမားဘဝပဲ “လို့ စပါးစိုက်တောင်သူ(၁)ဦးကပြောပါတယ်။

စပါးစိုက်ပျိုးမှုအနေနဲ့ သက်ငယ်စပါးမျိုး စိုက်ပျိုးခဲ့ရင်တောင် အချိန် ၅ လ ကြာ လုပ်အား၊ငွေအား၊အချိန် ရင်းနှီးမြှုပ်နှံထားရတာဖြစ်ကြောင်း၊ အကယ်၍ မိုးခေါင်တာ ၊ မိုးများလွန်းတာ ၊ ပိုးတွေကျတာမျိုး ဖြစ်ပွားခဲ့ရင် စပါးအထွက်နူန်းထိခိုကိပြီး တောင်သူတွေအရှုံးနဲ့ရင်ဆိုင်ရတယ်လို့သိရပါတယ်။

စပါးစိုက်ပျိုးတဲ့ တောင်သူငယ်တွေက ကြီးပွားချမ်းသာလာတာ အရမ်းနည်းပြီး လယ်ဧက အများအပြားပိုင်ဆိုင်ပြီး လုပ်ကိုင်သူတွေကတော့ စပါးစိုက်ပျိုးမှုကြောင့် လူမှုဘဝမြင့်ပြီး အကျိုးအမြတ်ကိုပိုခံစားကြရပါတယ်။

အလားတူ တောင်သူဆီက စပါးကို စျေးအနိမ့်နဲ့ဝယ်ပြီး အချိန်တစ်ခုအထိ သိုလှောင်ထားတဲ့တောင်သူကြီးတွေ၊ ဆန်စက်တွေ၊စပါးကုန်သည်တွေကတော့ အကျိုးအမြတ်ကို ပိုပြီးရရှိနေကြပါတယ်။

မြန်မာနိုင်ငံမှာ စပါးစိုက်ပျိုးတဲ့ တောင်သူ ၄ သန်းလောက်ရှိပြီး နယ်မြေတည်ငြိမ်မှုမရှိသေးတဲ့ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းက နေရာတွေမှာ စပါးစိုက်ပျိုးနိုင်ခြင်းမရှိတာကြောင့် အခုနှစ်မှာလည်း စပါးအထွက်နူန်းလျော့နိုင်တယ်လို့ စပါးကုန်သည်တွေကသုံးသပ်ထားကြပါတယ်။

စစ်ကိုင်းတိုင်းမှာ ရွှေဘိုပေါ်ဆန်းကို အဓိကစိုက်ပျိုးပြီး မကွေးတိုင်းမှာက ဖန်သီးသုခ ၊ဧရာပဒေသာ စပါးကို အဓိကစိုက်ပျိုးကာ ဧရာဝတီတိုင်းက ဆန်ကြမ်းနဲ့ ပေါ်ဆန်းစပါးတွေကိုစိုက်ပျိုးကာ ပဲခူးတိုင်းကတော့ မှော်ဘီ၊နှံကောက်၊ကရင်မ ၊ သုခ ကိုအဓိကစိုက်ပျိုးကြတာဖြစ်တယ်လို့သိရပါတယ်။

Photo -သုတ
#voiceofmyanmar #VOM #ဆန်စပါးဈေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW