အောက်တိုဘာ ၃၊ ၂၀၂၃
Shy V(VOM)
ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့် မြို့မြို့နယ် ဆိုင်းတောင်မှာ ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့ မနက်ကစ မွန်းလွဲ ၂ နာရီကျော်ခန့်အထိ စစ်တပ် နဲ့ KIA, K-PDF ပူးပေါင်းအဖွဲ့ တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားရာက လက်နက်ကြီးကျပြီး လက်ဖက်ရည်ဆိုင် ၁ ဆိုင် မီးလောင်ပြာကျသွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“ဒီမနက် ၁၀ နာရီလောက် ကတည်းက တိုက်ပွဲ ဖြစ်နေတာ။ မီးလောင် တာရှိတယ်။ ဆိုင်းတောင်ကနေ မှော်ရှန်ဘက်သွားတဲ့ မှော်ရှန်မှ ကြိုဆိုပါ၏ ဆိုတဲ့နားက လက်ဖက်ရည်ဆိုင် လောင်တာ။”
လို့ ဒေသခံ အမျိုးသား ၁ ဦးက ပြောပါတယ်။
တချို့က တခြားရပ်ကွက်ဘက် ရှောင်ကြပေမယ့် တချို့တော့ နေအိမ်ထဲမှာပုန်းနေကြကာ လူထိခိုက်မှုတော့ သွားလာလို့မရတဲ့ အပြင် ဖုန်းဆက်သွယ်ရ ခက်နေတာကြောင့် မသိရသေးဘူးလို့ သူက ပြောပါတယ်။
“မဝေးဘူး။ နှစ်လမ်း သုံးလမ်းပဲခြားတယ်။ အဲရပ်ကွက်က လူ အရမ်းများတဲ့ ရပ်ကွက်လေ။ လက်နက်ကြီးကျလို့ လက်ဖက်ရည်ဆိုင် မီးလောင်တာ။” လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က ဖားကန့် ဆိုင်းတောင်၊ ရပ်ကွက် ၁ မှာ ရဲစခန်းကို K-PDF မှ Drone နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Photo Crd# CJ