နိုင်ရိုဘီ ၊ အောက်တိုဘာ-၄-၂၀၂၃
မျိုးဆက်(VOM)
ကင်ညာနိုင်ငံမှာ အမျိုးအမည်မသိ ဖျားနာမှုဖြစ်ပွားမှုကြောင့် ကျောင်းသူ ၉၀ ကျော်ကို ဆေးရုံတင်ထားရပြီး ကျန်းမာရေးအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
နိုင်ငံအနောက်ပိုင်း အီရီဂီအမျိုးသမီးအထက်တန်းကျောင်းက ကျောင်းသူတွေဟာ လမ်းလျှောက်ဖို့ခက်ခဲပြီး ဒူးနာတဲ့ ရောဂါလက္ခဏာတွေ ခံစားနေရကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။
လက်ရှိမှာတော့ နာမကျန်းဖြစ်နေတဲ့ ကျောင်းသူတွေရဲ့ သွေး၊ ဆီးနဲ့ ဝမ်းနမူနာတွေကို မြို့တော်နိုင်ရိုဘီနဲ့ ကီဆူမူမြို့တွေက ဓါတ်ခွဲခန်းတွေကို ပေးပို့စစ်ဆေးထားပြီး များမကြာမီရက်ပိုင်းအတွင်း ဖျားနာရတဲ့အကြောင်းရင်းကို သိရဖို့ မျှော်လင့်ရပါတယ်။
လက်ရှိမှာတော့ အဲဒီကျောင်းမှာ နာမကျန်းဖြစ် ဖျားနာမှုတွေနဲ့ပတ်သက်ပြီး ထိန်းချုပ်ထားနိုင်ပြီလို့ ကင်ညာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ဆိုပါတယ်။ အခြားကျောင်းသူတွေအတွက် အတန်းတွေကိုတော့ ဆက်လက်သင်ကြားသွားမှာဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာန၊ ခရိုင်အစိုးရနဲ့ ပြည်သူ့ကျန်းမာရေးဌာနတွေက ကလေးတွေကို ကုသစောင့်ရှောက်မှုတွေပေးနေပြီး စိတ်မပူကြဖို့ ကျောင်းသားမိဘတွေကို အာဏာပိုင်တွေက ပြောဆိုထားပါတယ်။
Ref:BBC