ဝက်လက်နယ်မှာ တညလုံးတိုက်ပွဲတွေဖြစ်လို့ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

အောက်တိုဘာ ၊ ၁၁ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ လှတောကျေးရွာမှာ မနေ့ညကစပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မနေ့ကည ၆ နာရီကနေ ဒီမနက် ၇ နာရီဝန်းကျင်အထိ ၂ ဖက် ပစ်ခတ်တိုက်တယ် ၊ တိုက်ပွဲက တညလုံးဖြစ်တယ် ၊ လှတော ရဲစခန်းမှာရှိတဲ့ လုံခြုံရေး အဖွဲ့တွေနဲ့ ဒေသတွင်း လက်ကိုင်း အဖွဲ့တွေ ပစ်ကြတာဖြစ်တယ် ၊ ဒီမနက် မိုးလင်းတော့ ရဲစခန်းဘက်ကို သံချပ်ကား ၂ စီး စစ်ကူရောက်လာတယ် ၊ လုံခြုံရေးတွေလည်း နောက်ထပ် အသစ်ရောက်လာတယ် ၊ အဲ့ဒါတွေကို ရွာခံတွေမြင်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတယ် ၊ လူဦးရေ ၃၀၀၀ ဝန်းကျင်လောက်ရှိမယ် ၊ လှတောရွာခံတွေအပြင် စိန်ပန်းကုန်းရွာဘက်ကလူတွေရော ပြေးရတယ် ” လို့ လှတောဒေသခံ တယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” လှတောရဲကင်းစခန်းဆိုတာ ရွှေဘို – မန္တလေး ကားလမ်းပေါ်မှာတည်ရှိတယ် ၊ မနေ့က တညလုံး ထိတွေ့မှုဖြစ်တယ် ၊ ဒီကနေ့အထိလည်း ရဲကင်းစခန်းပေါ်ကို ဒရုန်းတွေနဲ့ ဗုံးလာချတယ် ၊ ထိခိုက်ပျက်စီးတာ ၊ သေဆုံး ၊ ဒဏ်ရာရတာ မရှိဘူး ၊ ဟိုဘက်ကတော့ ၄ ယောက်သေတယ် ပြောတယ် ၊ အလောင်းမရလိုက်ဘူး ” လို့ ပြောပါတယ်။
.
အဲ့ဒီ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ လှတော ရဲကင်းစခန်းရှိရာ ရွှေဘို – မန္တလေး ကားလမ်းတလျောက် ရွှေဘိုကနေ ဆားတောင် အထိ ဒေသတွင်း လက်ကိုင် အဖွဲ့တွေက ပူပေါင်းစစ်ဆေးရေး ဂိတ်တွေဖွင့်ထားပြီး လာသမျှ ခရီးသည်တွေကို မှတ်ပုံတင်တွေ စစ်ဆေးတယ်လို့ ကားသမားတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်စလို့ ယာယီတိုက်ပွဲရှောင်နေရတဲ့ အိမ်ထောင် မိသားစု ၈ သောင်းကျော်ရှိပြီး အမြဲတမ်း တိုက်ပွဲရှောင်နေရသူ အိမ်ထောင်မိသားစု ၂၀၀၀ ကျော်ရှိတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီလို တိုက်ပွဲရှောင်နေရသူတွေကတော့ ရွှေဘို ၊ ဝက်လက် ၊ အရာတော် ၊ ထီးချိုင့် ၊ ရေဦး ၊ ခင်ဦး ၊ တန့်ဆည် ၊ ဒီပဲယင်း ၊ မြောင် ၊ ဆားးလင်းကြီး ၊ ကနီ စတဲ့ မြို့နယ်ဘက်က လူတွေဖြစ်ပြီး အချို့ဆို တိုက်ပွဲရှောင်နေရင် နေအိမ် မီးလောင်သွားတာကြောင့် နေရပ်ရွာကို မပြန်နိုင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW