တောင်သာက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနား ပေါက်ကွဲမှုဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒဏ်ရာရ

အောက်တိုဘာ ၊ ၁၄ ၊ ၂၀၂၃
SP ( VOM)
မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ တောင်သာမြို့ ၊ တန်းမြင့်ကျောင်းရပ်ကွက်မှာရှိတဲ့ တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနားမှာ မနေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ လူကြီးတချို့ ထိခိုက်ဒဏ်ရာတွေရတယ်လို့ တောင်သာမြို့ခံတွေဆီက သိရပါတယ်။
” မနေ့က နေ့လယ် ၂ နာရီလောက်မှာထွေ/ အုပ်ရုံးနားကို ဒရုန်းဗုံးတွေကျပြီး ပေါက်ကွဲတယ် ၊ အဲ့ဒီလို ၂ ကြိမ်ကျပြီး ပေါက်ကွဲတာ ၊ ပထမ အကြိမ်နဲ့ နောက် တကြိမ်ကြားမှာ ပစ်ခတ်မှုတွေဖြစ်တယ် ၊ လူကြီးပိုင်းတွေ ဒဏ်ရာရတယ်လို့သိရတယ် ၊ နောက်ဆုံး အခြေအနေတော့ မသိရသေးဘူး ” လို့ တောင်သာမြို့ခံတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က တောင်သာ မြို့နယ် ထွေ/ အုပ်ရုံးနားကို Drop Bomb နဲ့ လာပြီးတိုက်ခိုက်တယ် ၊ နွားထိုးကြီး – တောင်သာလမ်းပေါ်ကိုကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီနောက် Drop Bomb တွေ ထပ်လာတယ် ၊ Drop Bomb တွေလာတာနဲ့ ထွေ / အုပ်ရုံး လုံခြုံရေး အခြေပြုအဖွဲ့တွေက လက်နက်ငယ်တွေ ပြန်ပစ်ခတ်တယ် ၊Drop Bomb တွေဆုတ်ခွားပြီးတဲ့နောက်ပိုင်း မြို့နယ် ထွေ / အုပ် အဖွဲ့က အဲ့ဒီနေရာကို သွရောက်စစ်ဆေးတဲ့အခါ နောက်ထပ် ဒရုန်းဗုံး ၂ လုံး ကျရောက်ပေါက်ကွဲတာဖြစ်တယ် ၊ အဲ့ဒါကြောင့် ကောင်တာဗုံး ထိပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ( မစဖ ဥက္ကဌ) ဦးဟန်သူရ ဆိုသူက ဝဲ-ရင်အုံအနီး ပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ဝဲ-ဒူး ခေါင်း ပွန်းပဲ့ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)၊မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးမြင့်သိန်း ဆိုသူက ဝဲ-တင် ပါး ပွန်းပဲ့ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိတာဖြစ်တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် မြင်းခြံခရိုင်ထဲက မြို့နယ်တွေကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် ဒေသခံ တချို့အသတ်ခံလို့ သေဆုံးတာတွေနဲ့ ဖမ်းဆီးစစ်ဆေးခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခေါင်မိုးပေါ်မှာ.ဒရုန်းဗုံးကျရောက် ပေါက်ကွဲမှုဖြစ်လို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဆိုသူဟာ နေရာမှာတင် ဗုံးစထိမှန် သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒိအပြင် ပြီးခဲ့တဲ့ ရက်ပိုင်း စက်တင်ဘာ ၃ ရက် ညပိုင်းကလည်း ၊ ကရင် ပြည်နယ် ၊ မြဝတီခရိုင် ၊ မြဝတီမြို့ ၊ မြဝတီခရိုင် ရဲစခန်းမှာ အစည်းဝေပြုလုပ်နေချိန် ပေါက်ကွဲမှုဖြစ်လို့ လူ ၅ ဦးသေဆုံးပြီး ၊ ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ် အစိုးရအဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလထဲမှာ စစ်ကိုင်း ၊ မြင်းမူ ၊ မြောင် ၊ ဆားလင်းကြီး ၊ တမူး ၊ ဝက်လက် ၊ ကောလင်း ၊ ပင်လည်ဘူး စတဲ့ မြို့တွေအပြင် မကွေးတိုင်းထဲက ရေစကြို ၊ ပေါက် ၊ မြိုင် ၊ ထီးလင်း စတဲ့ မြို့တွေအပါအဝင် ကရင်ပြည်နယ်ထဲက မြဝတီ ၊ ကော့ကရိတ် ၊ ဖာပွန် မြို့နယ်တွေက ဌာနဆိုင်ရာရုံးတွေပေါ်မှာ ဒရုန်းဗုံးတိုက်ခိုက်ခံရပြီး ဝန်ထမ်းတချို့ သေဆုံး ဒဏ်ရာရတာတွေ ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW