နိုင်ငံတကာ စောင့်ကြည့်မှုအောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံတွေ သဘောတူ

ကရာကတ်၊ အောက်တိုဘာ-၁၉-၂၀၂၃
မျိုးဆက်(VOM)
ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံတွေဟာ နိုင်ငံတကာ စောင့်ကြည့်လေ့လာမှုအောက်မှာ လာမယ့်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ သဘောတူလိုက်ကြပါတယ်။
အတိုက်အခံတွေနဲ့ အစိုးရတို့အကြား လာမယ့်နှစ် ဒုတိယနှစ်ဝက်မှာ ရွေးကောက်ပွဲကျင်းပဖို့သဘောတူထားပြီး ဒီသဘောတူညီချက်ကြောင့် အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ရွှေတင်ပို့မှုအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖြေလျော့ပေးလိုက်ပါတယ်။
ဒါပေမယ့်လည်း ရွေးကောက်ပွဲဆိုင်ရာ သဘောတူညီချက်တွေ ပျက်ပြားသွားမယ်ဆိုရင်တော့ အရေးယူပိတ်ဆို့မှု ဖြေလျော့ပေးတာတွေ နောက်ပြန်ဆုတ်နိုင်ကြောင်း အမေရိကန်က သတိပေးထားပါတယ်။
အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို ဖြိုခွင်းမှုနဲ့ ဒီမိုကရေစီ ယုတ်လျော့ခြင်းတွေအတွက်တော့ အမေရိကန်က ဗင်နီဇွဲလားအပေါ် အခြားအရေးယူပိတ်ဆို့မှုတွေကို ချမှတ်ထားဆဲဖြစ်ပါတယ်။
၂၀၁၈ ခုနစ်သမ္မတရွေးကောက်ပွဲမှာ သမ္မတမာဒူရိုက အငြင်းပွားဖွယ်အနိုင်ရရှိခဲ့ပေမယ့် အတိုက်အခံတွေကို နှိပ်ကွပ်ပြီး မဲမသမာမှုတွေရှိတယ်ဆိုကာ ဒေါ်နယ်ထရန့်လက်ထက် အမေရိကန်အစိုးရက ဗင်နီဇွဲလားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
ဗင်နီဇွဲလားမှာကမ္ဘာ့အကြီးဆုံး ရေနံသိုက်ရှိနေပြီး ရေနံလုပ်ငန်းအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပေးတာဟာ နှစ်နိုင်ငံစလုံးအတွက် စီးပွားရေးအရ အကျိုးရှိစေမယ့်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW