ပြည်ပကို ရာဘာတင်ပို့မှု တတန်ကို ၁၀ သိန်းလောက် ဆုံးရှုံးမှူရှိ ၊ တရားမဝင်ပို့သူတွေသာ အမြတ်အစွန်းရနေ

 

ရန်ကုန်၊အောက်တိုဘာ ၂၃ – ၂၀၂၃

GG (VOM)

 

ပြည်ပကို ရာဘာတင်ပို့မှု တတန်ကို ငွေကျပ် ၁၀ သိန်းလောက် ဆုံးရှုံးမှုရှိနေပေမယ့်လည်း စာချုပ်ချုပ်ဆိုထား ပို့ကုန်သမားတွေအနေနဲ့ အရှုံးခံပြီးတင်ပို့နေရတယ်လို့ ရာဘာလုပ်ငန်းရှင်တွေဆီကသိရပါတယ်။

 

ပြည်တွင်းမှာ ဝယ်ယူရတဲ့ ရာဘာဈေးနူန်းက မြင့်ပြီး နိုင်ငံခြားကို တင်ပို့တဲ့အခါမှာ ပြန်ရတဲ့ဒေါ်လာကို ဗဟိုဘဏ်သတ်မှတ်မူဝါဒ ငွေကျပ်ဖြင့် လဲလှယ်ရတာကြောင့် အရှုံးပေါ်တဲ့အခြေအနေမျိုးဖြစ်တယ်လို့သိရပါတယ်။

 

” ပို့ကုန်သမားတွေကတော့ ပင်လယ်ရေကြောင်းကနေ နိုင်ငံခြားကိုတင်ပို့ဖို့ကတော့ပို့နိုင်တဲ့အခြေအနေမရှိသေးဘူး။ အခုက ဗဟိုဘဏ်ရဲ့မူဝါဒအရ ရာဘာတတန်တင်ပို့ရင် ၁၀ သိန်းရှုံးနေတယ်၊အဲ့တော့ အဲ့လောက်ကြီးရှုံးနေတော့မပို့နိုင်တော့ဘူး၊အဲ့တော့ စာချုပ်ချုပ်ထားတဲ့၊စာချုပ်မိနေတဲ့ကုမ္ပဏီတွေလောက်ပဲ ခြေချုပ်မိနေတဲ့သဘောဖြစ်နေတယ်၊ နှစ်ချုပ်ချုပ်ထားထားတာပေါ့၊ တလကို ဘယ်လောက် ပေးရမယ်၊ဘယ်လောက်ရောင်းပေးရမယ်ဆိုတဲ့စာချုပ်၊တနှစ်ပတ်လုံးကိုရောင်းပေးရမယ်ပေါ့၊ အဲ့ဒီစာချုပ်ထဲမှာပါတဲ့အတိုင်းကို မရောင်းပေးနိုင်ရင် ပြန်လျော်ရမယ့်ပိုက်ဆံကများတယ်၊ပြီးတော့မိတ်ပျက်မယ်၊အဲ့တော့အလျော်လည်းပေးရအုံးမယ်၊မိတ်လည်းပျက်သွားအုံးမယ်ဆိုတော့စာချုပ်ချုပ်ထားသူတွေကအရှုံးခံပြီးပို့နေရအုံးမယ်၊လက်ရှိအောက်ခြေမှာပေါက်နေတဲ့ဈေးကိုဝယ်ပြီးတင်ပို့ရင် ပြန်ရတဲ့ဒေါ်လာနဲ့ ဗဟိုဘဏ်ရဲ့မူဝါဒနဲ့ ကျပ်ငွေပြန်လဲပေးတာက အရှုံးဖြစ်နေတာပေါ့၊ ” လို့ ရာဘာလုပ်ငန်းရှင်တယောက်ကပြောပြပါတယ်။

 

ရာဘာကို ပြည်ပတင်ပို့တဲ့အခါ ပင်လယ်ရေကြောင်း နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကတဆင့်တင်ပို့နေပြီး တရားဝင်အခွန်ဆောင်ပြီး တင်ပို့သူတွေက ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ပို့ကုန်ရငွေ ၅၀ ရာခိုင်ကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့လဲလှယ်ရမယ်ဆိုတာကြောင့် အရှုံးပေါ်နေရပေမယ့် တရားမဝင်တင်ပို့သူတွေကတော့ အကျိုးအမြတ်ရရှိနေကြတယ်လို့သိရပါတယ်။

 

“တရားမဝင်တင်ပို့မှုတွေကသွားနေတယ်၊သူတို့ကျအခွန်အခတွေမပေးရဘူး၊ရာနုူန်းပြည့်ရတယ်၊ အဲ့ဒီဟာကို ပြင်ပဒေါ်လာပေါက်ဈေးနဲ့လဲလှယ်ခွင့်ရလို့ သူတို့ဈေးနဲ့တွက်ပြီးအောက်ခြေမှာဈေးမြင့်နေတာပေါ့၊ တရားမဝင်တင်ပို့မှုက အန္တရာယ်ရှိတယ် ဆုံးရှုံးနိုင်ခြေများတယ်၊ ဒီတရားမဝင်တင်ပို့မှုကနေ တနိုင်ငံလုံး ကထွက်တဲ့ရာဘာတွေကို အခုဝယ်နေသူတွေဝယ်ပေးနိုင်မှာလား၊တရားမဝင်တင်ပိူ့မှုရပ်သွားရင် တရားမဝင် အားလုံးကိုတင်ပို့ရောင်းချလို့ရမှာလား၊အဲဒီလိုလိုမရဘူး ရောင်းလိူ့ရမှ တန် ၆၀၀၀ ပေါ့.အစစ်ဆေးတွေအများကြီးဖြတ်ရမယ် ဟိုဘက်ရောက်ရင်ငွေမချေပဲထွက်ပြေးရင်ရောဘယ်လိုလုပ်မလဲ၊တရားဝင်တင်ပို့မှုနဲ့ တရားမဝင်တင်ပိူ့မှုကိုနိူင်းယှဉ်ပြတာပါ၊တရားမဝင်တင်ပိူ့မှုကိုပြောရင် သူတို့ရဲ့စားဝတ်နေရေးကိုတုတ်နဲ့ရိုက်တယ်လို့ပြောကြပြန်တယ်၊” လို့ နောက်ထပ်ရာဘာလုပ်ငန်းရှင်တယောက်ကပြောပါတယ်။

 

ဒါကြောင့် ရာဘာကို တရားဝင်လမ်းကြောင်းကနေ ပြည်ပကိုတင်ပို့မှုလုပ်ငန်း အရှုံးမပေါ်မှသာ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ဆက်လက်တင်ပို့နိုင်မှာဖြစ်ကြောင်း၊ အကယ်၍သာ အရှုံးပေါ်နေပါက ပြည်ပကိုတင်နိုင်ခြင်းမရှိခဲ့ရင် လုပ်ငန်းကွင်းဆက်အားလုံးထိခိုက်နိုင်သောကြောင့် ပို့ကုန်သမားတွေအတွက် ကိုက်မယ့်ဈေးနူန်းတခုကို စဉ်းစားပေးဖို့တာဝန်ရှိသူတွေကို တင်ပြထားတယ်လို့သိရပါတယ်။

 

မြန်မာနိုင်ငံကထွက်ရှိတဲ့ ရာဘာတွေထဲမှာ ၇၅ ရာခိုင်နူန်းကို တရုတ်နိုင်ငံ အဓိကတင်ပို့ရပြီး ကျန် ရာဘာထွက်ကုန် ၁၇ ရာခိုင်နူန်းကို အင်ဒိုနီးရှား၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ တရုတ်တိုင်ပေကိုတင်ပို့ကာ ကျန်တဲ့ ၈ ရာခိုင်နူန်း သာ ပြည်တွင်းသုံးစွဲမှု ဖြစ်တယ်လို့ သိရပါတယ် ။

 

မြန်မာနိုင်ငံမှာ ရာဘာကို တနင်္သာ ရီတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ် အဓိကစိုက်ပျိုးပြီး ရန်ကုန်နဲ့ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မှာ လည်း စိုက်ပျိုးကာ စိုက်ဧက ၁ သန်း ၆ သိန်း ကျော်ရှိပြီး နှစ်စဉ်ရာဘာတန်ချိန် သုံးသိန်းဝန်းကျင် ထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW