မနက်ဖန်က စလို့ လူကိုယ်တိုင် ထောင်ဝင်စာ ၊ ဧည့်တွေ့ခွင့်ရပြီ

 

အောက်တိုဘာ ၊ ၂၃ ၊ ၂၀၂၃

SP ( VOM)

 

တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ မနက်ဖန် အောက်တိုဘာ ၂၄ ရက်ကစလို့ လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ခွင့်ရတော့မယ်လို့ နိုင်ငံရေး အကျဉ်းသား အကူညီစောင့်ရှောက်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

 

” ပြီးခဲ့တဲ့ ၂၀၂၀ မတ် နောက်ဆုံးပတ်ထဲကနေ လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို ကိုဗစ်ရောဂါ တုန့်ပြန်ကာကွယ်ရေး လုပ်ငန်းစဉ်တွေအရ ကန့်သတ်ထားတာဖြစ်တယ် ၊ အခုက ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်တဲ့ အဆင့်ရောက်နေပြီ ဖြစ်တာကြောင့် လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့် ကန့်သတ်ထားတာကို ရုတ်သိမ်းဖြေလျော့ပေးတာဖြစ်တယ် ” လို့ အကျဉ်းထောင် နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

 

အကျဉ်း ကျခံနေရတဲ့ နိုင် / ကျဉ်း မိသားစုဝင် တယောက်က ” ၂၄ ရက်ကစလို့ ထောင်ဝင်စာတွေ လူကိုယ်တိုင် တွေ့ခွင့်ရပြီလို့ အကျဉ်းထောင် ဝန်ထမ်းတချို့ ဖုန်းဆက်ပြီး အကြောင်းလာတာတော့ ရှိတယ် ” လို့ ပြောပါတယ်။

 

ဒါ့အပြင် အကျဉ်းထောင် ဝန်ထမ်းတယောက်က ” ထောင်ဝင်စာတွေ လူကိုယ်တိုင် ဧည့်တွေ့ဖို့ ဖြစ်တယ် ၊ တနိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင် တွေ အားလုံး ခွင့်ပြုပေးမှာဖြစ်တယ် ၊ အကျဉ်းထောင် တခုချင်းစီ အလိုက် ထောင်ဝင်စာ ဧည့်တွေ့ခွင့် ရက်အနည်းငယ် ကွာတာတွေတော့ ရှိနိုင်တယ် ” လို့ ပြောပါတယ်။

 

ဒိအပြင် ထောင်ဝင်စာ လူကိုယ်တိုင် ဧည့်တွေ့လာတဲ့ သူအနေနဲ့ မှတ်ပုံတင်မူရင်း၊အိမ်ထောင်စုစာရင်းမူရင်း အပြင်တစ်ပတ်အတွင်းပြုလုပ်ထားတဲ့ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ ၊ ကိုဗစ်ကာကွယ်ဆေးနှစ် ကြိမ်ထိုးထားတဲ့အထောက်အထားတွေ ယူဆောင်လာရမှာ ဖြစ်တယ်လို့ သိရပါတယ် ၊ ဒါအပြင် နိုင်ငံအတွင်း ကိုဗစ်ဖြစ်ပွားနှုန်း ၂ ရာခိုင်နှုန်းနဲ့အထက် ဖြစ်ပွားနေချိန်မှာဆိုရင် ထောင်ဝင်စာ မတွေ့ခင် ၄၈ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်းစစ်ဆေးချက်တွေ ပြရမယ်လို့ အကျဉ်းထောင် ကြော်ငြာဘုတ်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံ ICRC ရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်ကလည်း ” ဘယ်ထောင်မှာ မဆို အကျဉ်းသားနဲ့ သူ့မိသားစုတွေ ဆက်သွယ်ဖို့ အခက်ခဲရှိရင် နီးစပ်ရာ ICRC ရုံးတွေကို ဆက်သွယ် အကူညီတောင်ခံနိုင်တယ် ၊ အဲ့ဒီ အတွက်လည်း ရုံးဖုန်းနံပါတ်တွေ ဖော်ပြပေးထားတယ် ” လို့ ပြောပါတယ်။

 

အခုလို ထောင်ဝင်စာတွေ လူကိုယ်တိုင် ဧည့်တွေ့ခွင့်ရရှိတာဟာ ကိုဗစ်ရောဂါ ကူးစက်ပျန့်ပွားမှုအပေါ် မူတည်ပြီး ခွင့်ပြုတာလို့ သိရပါတယ်။ နေ့စဉ်ထုတ် နိုင်ငံပိုင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှု ရာခိုင်နူန်းဟာ ၁ ရာခိုင်နူန်းပဲရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW