ကိုရီးယားက ရာသီလုပ်သားခေါ်မယ်ဆိုပြီး တယောက်ကို သိန်း ၃၀ ကနေ သိန်း ၅၀ ထိ လိမ်လည်မှုတွေရှိ

 

 

ရန်ကုန် ၊အောက်တိုဘာ ၂၄ – ၂၀၂၃

GG(VOM)

 

ကိုရီးယားနိုင်ငံရဲ့ ရာသီချိန်လုပ်ငန်းတွေအတွက် မြန်မာကနေ ရာသီချိန်လုပ်သား ခေါ်ယူမယ်ဆိုတဲ့သတင်းကြောင့် နယ်တွေမှာဝန်ဆောင်ခအဖြစ် ရာသီချိန်လုပ်သားသွားရောက်လိုသူ လူတယောက်ကို သိန်း ၃၀ ကနေ ၅၀ အထိလိမ်ညာ တောင်းခံမှုတွေရှိလာတယ်လို့သိရပါတယ် ။

ဒါ့ကြောင့် မြန်မာနိုင်ငံ ဆိုင်ရာကိုရီးယားသံရုံးက မနေ့ကအောက်တိုဘာလ ၂၃ ရက်နေ့မှာ မြန်မာကနေရာသီလုပ်သား ခေါ်ယူမယ်ဆိုတာမဟုတ်ကြောင်း ၊ ကိုရီးယားအစိုးရမှလည်း မြန်မာနိုင်ငံရှိ ရာသီချိန်အလုပ်သမားနဲ့ ပတ်သက်လို့ မည်သည့် ကြေငြာချက်ကိုမျှ ထုတ်ပြန်‌ကြေငြာထားခြင်းမရှိဘူးလို့ သတိပေးလာပါတယ်။

 

” သံရုံးကလည်း တရားဝင်ကြေငြာလာပြီ၊မြန်မာက ရာသီလုပ်သားခေါ်မယ်ဆိုတာ သူတို့မထုတ်ပြန်ထားဘူး၊ ခေါ်ဖို့လည်းမရှိသေးဘူးဆိုတာအတိအလင်းပြောလိုက်ပြီ၊ ဒါကို ထပ်ပြီးအလိမ်မခံကြပါနဲ့တော့ ။ ရာသီလုပ်သားသွားရမယ်ဆိုပြီး နယ်တွေမှာ သိန်း ၃၀ တွေ သိန်း၅၀ တွေ ပေးပြီးသူတွေလည်းရှိတယ်၊အဲ့တော့ တဝက်ပေးထားပြီးသူတွေ ထပ်မပေးကြပါနဲ့၊ အလိမ်မခံကြပါနဲ့တော့ ၊ တကယ်သွားရမယ်ဆိုရင်တောင် လုပ်ရမှာက ၈ လထဲ၊ ပေးရတာက ၅၀ လောက်ဆိုတော့ ဘာကျန်မလည်း သေချာစဉ်းစားကြပါလို့ပြောချင်တယ် ၊ ဘယ်ရာသီလုပ်သားမှလည်းမခေါ်သေးပါဘူး” လို့ ကိုရီးယားဘာသာစကားသင်တန်းကျောင်း ဆရာတယောက်ကပြောပါတယ်။

 

ရာသီချိန်လုပ်သားဆိုတာ ကိုရီးယားနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာ တနှစ်ကို ၈ လ လုပ်ပြီး ၄ လကို မြန်မာပြည်ပြန်လာရတဲ့ စနစ်မျိုးလုပ်ကိုင်ရမှာဖြစ်တယ်လို့သိရပါတယ်။

 

ဒါ့အပြင်ကိုရီးယား နိုင်ငံက ခေါ်ယူတဲ့ ရာသီချိန်လုပ်သားဆိုတာ စာမေးပွဲဖြေဆိုစရာမလို ပညာအရည်အချင်းမလိုဘဲ အသက် ၂၅ နှစ်ကနေ ၅၀ အတွင်း မိန်းကလေး ၊ယောကျ်ားလေး ဘယ်သူမဆိုလုပ်ကိုင်နိုင်ခွင့်ရှိခြင်းကြောင်း သွားရောက်လုပ်ကိုင်လိုသူများနေတာဖြစ်ပါတယ်။

 

” ဒီ ရာသီချိန် လုပ်သား စနစ်ဟာ နှစ်နိုင်ငံ အစိုးရချင်း ဆက်သွယ်ဆောင်ရွက်ရမယ့် စနစ်ပါပဲ ။ တိတ်တိတ်ပုန်းဆောင်ရွက်ရမယ့် စနစ်မဟုတ်ပါဘူး ။ကိုရီးယားအစိုးရရဲ့ ထုတ်ပြန်ချက်မှာလည်း ကြားလူ၊အဖွဲ့အစည်းကို တာဝန်မပေးရဘူး၊ကိုယ်စားလှယ်မခန့်ရဘူး ။ အဲ့ဒါက ပွဲစားမထားရဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။ ဆောင်ရွက်ခပေးရတာ ၊ လစာကနေ ဖြတ်ယူတာမျိုးလည်း ခွင့်မပြုပါဘူး ။ လေယာဉ်လက်မှတ်ခ ၊ ဗီဇာကြေးမှ အပ အားလုံး ဖရီး ပါ ။ခုထိတော့ မြန်မာကရာသီလုပ်သားမခေါ်သေးဘူး၊ mou ထိုးတာလည်းမရှိသေးဘူး ” လို့ ကိုရီးယား နိုင်ငံရောက်မြန်မာ အလုပ်သမားတယောက်ကပြောပါတယ်။

ရာသီလုပ်သားခေါ်တဲ့အခါမှာလည်း ကြားခံပွဲစား၊အေဂျင်စီမရှိဘဲ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်မြို့နယ်တွေက မှတဆင့် အလုပ်တိုက်ရိုက် ချိတ်ဆက်ခေါ်ယူတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ကိုရီးယားနိုင်ငံကို မြန်မာအလုပ်သမားစေလွှတ်မှုနဲ့ပတ်သက်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ တခုတည်းကသာလုပ်ကိုင်နေပြီး အလုပ်သမားအနေနဲ့လည်း အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အတွင်းအမျိုးသားတွေကိုသာ တရားဝင်စေလွှတ်နေတယ်လို့သိရပါတယ်။

ကိုရီးယားကို အလုပ်သမားစေလွှတ်မှုအနေနဲ့ မြန်မာလုပ်သား ၆၀၀၀၀ ကျော်အထိရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ် ။

 

အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွှန့်အောင်ကတော နိုင်ငံပိုင်သတင်းဌာနမှာ ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားမြန်မာကနေ စေလွှတ်နိုင်ဖို့ နှစ်နိုင်ငံအကြား MOU စနစ်ရေးထိုးနိုင်ရေးဆောင်ရွက်နေကြောင်း၊ လာမယ့် ၂၀၂၄ ခုနှစ်မှာ ရာသီချိန်လုပ်သားစေလွှတ်နိုင်မယ့်အလားအလာရှိတယ်လို့ ပြောဆိုထားတာတွေ့ရပါတယ်။

 

ကိုရီးယား အတွက် မြန်မာရာသီချိန်လုပ်သားခေါ်ယူမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့အလုပ်သမား ဝန်ကြီးဌာနဘက်ကိုဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

 

#voiceofmyanmar #VOM #ကိုရီးယား #ရာသီလုပ်သား #လိမ်လည်မှု

Telegram Link: https://t.me/VOMNEWS2023/3157?single

 

Related posts

Leave a Comment

VOM News

FREE
VIEW