သတ်မှတ်ထားတဲ့ အချက် ခုနစ်ချက်နဲ့ ပြည်စုံမှ တက္ကစီတွေ ပြေးဆွဲခွင့်ရမယ်

 

 

အောက်တိုဘာ ၂၄ – ၂၀၂၃

SN (VOM)

 

ရန်ကုန်မှာ စီးတီးတက္ကစီတွေကို သတ်မှတ်ထားတဲ့ အချက် ခုနစ်ချက်နဲ့ ပြည်စုံမှသာ ပြေးဆွဲခွင့် ပေးတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) မှ သိရပါတယ်။

 

အဲ့ဒီ့ အချက် ခုနစ်ချက်ကတော့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည. န) မှာ အငှားယာဉ် နံပါတ်ပြား အနီအဖြစ်မှတ်ပုံတင်ထားဖို့၊ က.ည.န မှတ်ပုံတင် သက်သေခံလက်မှတ် (ဝှီးတက်) ရှိဖို့၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရဲ့ လုပ်ငန်းလိုင်စင်တွေ အပိုင်း (၁)၊ (၂) ရှိဖို့၊ အဝါရောင်ဘေးလိုင်း စတစ်ကာ ပါဖို့၊ YRTC စီးတီးတက္ကစီ စတစ်ကာနဲ့ ယာဉ်မောင်းဓာတ်ပုံပါဖို့၊ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) လိုဂို ပါဖို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ဆောင်ရွက်တဲ့ တက္ကစီဘုတ် ပါရှိဖို့တို့ ဖြစ်တယ်လို့ သိရပါတယ်။

 

“အဲ့ဒါတွေက လုပ်ရမယ့်ကိစ္စတွေပါ။ ဒါနဲ့ပတ်သက်လို့ လောလောဆယ် အရေးယူမှုအပိုင်းတော့ မရှိသေးပါဘူး။ အကြံဉာဏ်ပေးတာပဲ ရှိပါတယ်” လို့ YRTC တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။

 

အငှားယာဉ်ဘေးနှစ်ဖက် ကိုယ်ထည်မှာ အနံ ၅ လက်မခန့်ရှိ အလျားလိုက်အဝါရောင်လိုင်း စတေကာကို ယာဉ်ရဲ့ ရှေ့မီးခွက်အောက်မှ နောက်မီးခွက်အောက်အထိ ကပ်ခြင်းကိစ္စကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှ စတင်ကာ ဆောင်ရွက်ခဲ့ရာမှာတော့လက်ရှိအချိန်အထိ စီးတီးတက္ကစီ အစီးရေ ငါးသောင်းခန့်အနက် အစီးရေ တသောင်းခန့် စတစ်ကာကပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

 

အဝါရောင်စတစ်ကာကပ်တာနဲ့ ပတ်သက်လို့ အခု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ လာမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိသတ်မှတ် ဒီဇိုင်းအတိုင်း ညှပ်ခအပါအဝင် စတစ်ကာ တန်ဖိုး ၅၀၀၀ ကျပ်ကို YRTC မှ ကျခံပေးမည်ဖြစ်ကာ ဝန်ထမ်းတွေကလက်ခမယူဘဲ ဆောင်ရွက်ပေးမှာဖြစ်ပြီး တက္ကစီပိုင်ရှင်ကိုယ်တိုင်လည်း သတ်မှတ်ဒီဇိုင်းအတိုင်း မိမိအစီစဉ်နဲ့ စတစ်ကာ ကပ်နိုင်တယ်လို့ သိရပါတယ်။

 

“သူတို့ဘက်က အခုလို တက္ကစီတွေကို တမျိုးပြီးတမျိုး သတ်မှတ်ချက်တွေ ထုတ်နေတာက ကျွန်မတို့လို အုံနာတွေအတွက်ရော၊ယာဉ်မောင်းတွေအတွက်ရော ဘယ်လိုမှ အဆင်မပြေဘူး။ ရှာလို့မရတဲ့အချိန်တွေ အလဟဿကုန်တယ်။ အုံနာကြေးရတာက တနေ့ တသောင်း၊ သူတို့ သတ်မှတ်ချက်တွေအတိုင်း အုံနာတွေက ပြန်လုပ်ပေးရတာတွေက နည်းနည်းနောနောမဟုတ်ဘူး၊ ပိုက်ဆံလည်းကုန်သလို အချိန်တွေလည်း ကုန်တယ်။ လိုင်စင်ဝင်တာတွေကလည်း ဈေးတွေကကြီး၊ တက္ကစီတောင် ထောင်စားချင်စိတ်မရှိဘူး။ သိန်း ၅၀၀ ရင်းပြီး အတိုးပေးစားတာကမှ ဟုတ်ဦးမယ်။ အခုက တက္ကစီဘုတ် ပြောင်းပါဦး၊ အဝါရောင်စတစ်ကာ ကပ်ပါဦးနဲ့ သူတို့ခိုင်းသမျှ လိုက်လုပ်နေရတာနဲ့ ရတဲ့အုံနာကြေးက တသောင်းနဲ့ ဘယ်လိုမှ တွက်ခြေမကိုက်ဘူး။ အုံနာတိုင်းက စိတ်ညစ်နေကြတာချည်းပဲ။ ပိုက်ဆံကိုင်ထားရင်လည်း မကောင်း၊ ကားကိုရောင်းလိုက်ရင်လည်း မကောင်းလို့သာ နေနေရတယ်” လို့တက္ကစီပိုင်ရှင်တဦးက ပြောပါတယ်။

 

ဒီကနေ့ အောက်တိုဘာ ၂၄ ရက်မှာတော့ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA ) က ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ တက္ကစီတွေတပြေးညီတပ်ဆင်ဖို့ သတ်မှတ်ထားတဲ့ တက္ကစီဘုတ်တွေကို မြောက်ဒဂုံမြို့နယ်၊ (၂၉) ရပ်ကွက်၊ အမှတ် (၂၆) ၊ ပင်လုံလမ်းမကြီးရှိအသင်းရုံးမှာ ရောင်းချပေးနေပြီး အသင်းသားတွေကို တသောင်းကျပ်၊ အသင်းသား မဟုတ်သူတွေကို တသောင်းနှစ်ထောင်ကျပ်စသဖြင့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM #Taxi #YRTC #ကညန #ရန်ကုန် #YRTA

Telegram Link: https://t.me/VOMNEWS2023/3158

 

Related posts

Leave a Comment

VOM News

FREE
VIEW