ရန်ကုန်အပါအဝင် မြို့နယ် ၅ ခုကို ညမထွက်ရအမိန့်ပယ်ဖျက်တာနဲ့ အချိန်တွေ ဖြေလျှော့ပေး

 

ရန်ကုန်၊ အောက်တိုဘာ ၂၇ ၊ ၂၀၂၃

GG( VOM)

 

ရန်ကုန်တိုင်း နဲ့ သထုံမြို့နယ်ကို ညမထွက်ရသတ်မှတ်ထားတဲ့အချိန်တွေ ဖြေလျော့လိုက်ပြီး မင်းဘူး၊မကွေး၊မိတ္တီလာမြို့နယ်တွေကိုတော့ညမထွက်ရအမိန့်ထုတ်ထားတာကို ပြန်လည်ပယ်ဖျက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

 

” အချိန်ပဲ လျှော့လျှော့ ၊ညမထွက်ရအမိန့်မရှိတော့လည်း ခုကာလက ညဘက်တွေကို အပြင်မထွက်တာအကောင်းဆုံးပါ၊ တခုခုဖြစ်ရင်ကိုယ်ကအရင်ခံရမှာဆိုတော့ အချိန်တိုင်း သတိထားတာမမှားပါဘူး၊ညမထွက်ရအမိန့်မရှိတော့ဘူးဆိုပြီး ထွက်ကြလို့ ဖြစ်ရင်တော့ အဖေကယ်ပါ အမေကယ်ပါဆိုလည်းမရဘူး ၊ ပြောသာပြောရတာ ရန်ကုန်ကတော့ ညလည်းထွက်နေကြတာပဲ။သူတို့အခု မဖြေလျှော့ပေးခင်ကလည်း ဘားတွေ နိုက်ကလပ်တွေသွားနေကြတာပဲ ” လို့  ရန်ကုန်ဒေသခံ ​တ‌ယောက်က ပြောပါတယ်။

 

ရန်ကုန်တိုင်းမှာ အရင်က ညမထွက်ရအမိန့်သတ်မှတ်ထားတဲ့အချိန်က ည ၁၂ နာရီမှာ မနက် ၄ နာရီအစား လက်ရှိမှာ မနက်အစော ၁နာရီကနေ ၃ ရီအတွင်းသာ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲမှာ ဗုံးပေါက်ကွဲမှုတွေ ၊ ပစ်ခတ်မှုတွေ ဖြစ်ပွားနေပေမယ့်လည်း ညမထွက်ရအမိန့်ကို ဖြေလျှော့လိုက်တာပါ။

 

အလားတူ သထုံမြို့နယ်ကိုလည်း အရင်သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့် အချိန် ည ၁၀ နာရီမှ မနက် ၄ နာရီအစား လက်ရှိမှာ ည ၁၂နာရီကနေ မနက် ၄ နာရီ ညမထွက်ရအမိန့် ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

 

မိတ္တီလာမြို့ ၊ မကွေး ၊ မင်းဘူး မြို့နယ်တွေမှာတော့ အရင်ကသတ်မှတ်ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်ထားတာကိုအောက်တိုဘာလ ၂၆ ရက်နေ့ညကစပြီး ရုတ်သိမ်းလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

 

“သိရသလောက်တော့ မကွေးနဲ့မင်းဘူးမှာ အဓိက ပစ်ခတ်မှုတွေ ဘာညာမရှိတော့ဘူး။နယ်မြေအေးချမ်းပြီဆိုပြီး ညမထွက်ရအမိန့်ကိုပယ်ဖျက်လိုက်တဲ့သဘောပါပဲ။ လာလောဆယ်တော့ မကွေးနဲ့မင်းဘူးကိုပဲ ညမထွက်ရပယ်ဖျက်တယ်လို့သိရတယ် ” လို့ မကွေးဒေသခံတဦးကပြောပါတယ်။

 

အဆိုပါ မိတ္တီလာ ၊ မကွေး၊မင်းဘူး မြို့နယ်တွေမှာ အရင်က ညမထွက်ရအမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း သတ်မှတ်ခဲ့တာဖြစ်ပြီး မကွေးမြို့မှာတော့ ဆိုင်ကယ်ကို ယောကျ်ားလေး နှစ်ယောက်စီးနင်းခွင့်ကိုလည်း ကန့်သတ်ထားတုန်းပဲလို့သိရပါတယ်။

ညမထွက်ရ အချိန်တွေ ဖြေလျှော့တာ ၊ ညမထွက်ရအမိန့် ရုပ်သိမ်းပေးခဲ့ပေမယ့် လူစုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြီး ဖြစ်စေ၊လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းကို မပြုလုပ်ရန် တားမြစ်ချက်ရှိနေသေးတယ်လို့သိရပါတယ်။ ဒါ့အ ပြင် လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပိုပြီး စုဝေးခြင်းမလုပ်ဖို့လည်း တားမြစ်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ညမထွက်ရအမိန့်

 

Related posts

Leave a Comment

VOM News

FREE
VIEW