အောက်တိုဘာ ၊ ၂၉ ၊ ၂၀၂၃
SP ( VOM)
သမ္မတ ဦးသိန်းစိန် လက်ထက်က ပြန်ကြားရေး ပြည်ထောင်စု ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးဟောင်း ဦးရဲထွဋ် ကို မနေ့ အောက်တိုဘာ ၂၈ ရက် ညပိုင်းက သက်ဆိုင်ရာက မေးမြန်း စစ်ဆေးစရာတွေ ရှိတယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အဲ့ဒါကြောင့် ဒီမနက်မှာ ဦးရဲထွဋ်ရဲ့ ဖုန်း နှစ်လုံးကို ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး ၊ အဲ့ဒီ အပြင် သူ့ရဲ့ လူမှုကွန်ရက် Face book ကနေတဆင့် ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး ။
ဦးရဲထွဋ်နဲ့ နီးစပ်တဲ့ သူတယောက်က ” ဒီမနက်မှာ ကြားရတဲ့ သတင်းက ၊ ညက ဦးရဲထွဋ်ကို လုံခြုံရေးအဖွဲ့တွေက လာပြီးခေါ်သွားတယ် ၊ ဘာကြောင့် ခေါ်တာလည်း ဆိုတာ အခုထိ မသိရသေးဘူး ” လို့ ပြောပါတယ် ။
ပြီးခဲ့တဲ့ရက်ပိုင်းက ဦးရဲထွဋ် အသုံးပြုတဲ့ လူမှုကွန်ရက် Comment Box မှာ တပ်မတော် အရာရှိ( ငြိမ်း) တယောက်ရဲ့ နာမည် ၊ ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ ၊ ရုံး စတဲ့ အချက်အလက်တွေကို Reply ပြန်ကြားပေးတာတွေ ရှိတယ်လို့ သိရပါတယ်။
” အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး တယ်လီဂရမ်နဲ့ လူမှုကွန်ရက်တွေပေါ်မှာ ပြင်းပြင်း ထန်ထန် ဦးရဲထွဋ်ကို ဝေဖန် ပြောဆိုခံရတာတွေရှိတယ် ၊ အခု ဖမ်းဆီးခံရတယ်လို့ ကြားရတာက အဲ့ဒီ ကိစ္စဖြစ်နိုင်တယ် ၊ အကြောင်းစုံတော့ မသိရသေးဘူး ” လို့ ပြန်ကြားရေး ဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပြန်ကြားရေး ဌာန ပြည်ထောင်စု ဝန်ကြီး ဟောင်း ဦးရဲထွဋ်ဟာ အရင်က တပ်မတော်မှာ ဒုတိယ ဗိုလ်မှူးကြီး ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ၊ အဲ့ဒီနောက် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပြည်ထောင်စု ဝန်ကြီးဖြစ်လာတာပါ။
တာဝန်ကအနားယူပြီးနောက် စာရေးသားတဲ့အလုပ်လုပ်နေရာက ခရီးသွားဆောင်းပါးနဲ့ နိုင်ငံရေး ပါးပါးပါတဲ့ ဆောင်းပါးတွေကြောင့် နစကရော အတိုက်အခံကပါ စောင့်ကြည့်နေသူတဦးဖြစ်ပါတယ်။ မကြာခဏဆိုသလို သူဖမ်းခံရတယ်သတင်းထွက်ပေမယ့် ဒီတကြိမ်ကတော့အတည်ဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။