စီးကြမယ်လေ စက်ဘီး

 

 

 

ဆူးငှက်

 

 

“ဘီးကလေးကိုစီး ..

အချစ်အလေးကိုတင်ပြီး

ကိုယ်သွားရတာလေ ..

အင်မတန်ပျော် ..

စကြဝဠာအဆုံးထိနင်းရမလား…”

 

မန္တလေးမှာ ဆရာ စိုင်းခမ်းလိတ်လည်း စက်ဘီးစီးခဲ့သည်။ အဆိုတော်စိုင်းထီးဆိုင်လည်း စက်ဘီး စီးခဲ့သည်။အဆိုတော် ဂျေမောင်မောင်ကို သူ့ပြိုင်စက်ဘီးလေးနှင့် မန္တလေးမြို့အနှံ့တွေ့နိုင်သည်။ တစ် ခါတစ်ရံ သမီးငယ်လေးကို ချီပိုးပြီး စက်ဘီးလေးနှင့် ဘီလမ်းပေါ်တွင် တွေ့နိုင်သေး၏။ တစ်ချိန်ကမန္တလေး တက္ကသိုလ် ပင်မ ဆောင်ကြီး လှေကားအခြေမှာ စက်ဘီးတွေစီရပ်ထားပုံက အင်စတော လေးရှင်းပြကွက်တစ်ခုပမာ အနုပညာမြောက်နေသည်။   သစ္စာဆောင်ရှေ့မှာလည်း စက်ဘီး၊ ရွှေ မန်းဆောင်ရှေ့မှာလည်း စက်ဘီး၊ မြတမာဆောင်ရှေ့မှာလည်း စက် ဘီး ..၊ အုတ်ခုံကြီးသာကျန်တော့ သော အတုမရှိကျောင်းကြီး၏ မကရ်းရုပ်လှေကားခြေမှာယောကျ်ား စီးစက်ဘီးတစ်စီးနှင့် မိန်းမစီးစက် ဘီးတစ်စီးခေါင်းချင်းဆိုင်နေသည်။

 

 

ဝင်းလိုက်ရုံမြောက်ဘက် ဒေါ်သောင်းသောင်း စက်ဘီးအပ်ဆိုင်မှာ သောကြာနေ့ဆို စက်ဘီးလက်မှတ် ကုန်နေတတ်သည်။ ဝါဆိုလ ဇွန်ပန်းပွင့်ရာသီတွင် မျက်ပါးရပ် မြသီတာဇာတ်ရုံ၌ ရုံခါခေါင်းလောင်း မထိုးမီ မီးသတ်ရံပုံငွေ စက်ဘီး စတင်းမှာ နေရာပြည့်သွားသည်။ တက္ကသိုလ် နှင့် နန်းတွင်းလူငယ် ဘောလုံးပွဲအပြီး ဗထူးကွင်းမှသည် မစိုးရိမ် မီးပွိုင့်အထိစက်ဘီးအုပ် ကြီးက မပြတ်တော့။ သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့ည လမ်းလယ်ဘုရားပွဲမှာလည်း ၈၂ လမ်းပေါ် စက်ဘီးများက ပွဲဈေးတန်း လျှောက်နေကြ၏။ မကြာမီ စက်ဘီးအားလုံး အငြိမ့်စင်ဘေး၊ အငြိမ့် စင်နောက် ရောက်သွားကြ၏

 

ဤသို့ဖြင့် မန္တလေး က စက်ဘီးမြို့တော်ကြီး ဖြစ်သွားသည်။ အထူးသဖြင့် မိန်းကလေးများအနေ နှင့် စက်ဘီးနှင့်က ပိုမိုခရီးရောက် ဣန္ဒြေ ရလာသည်။ ရှေးက မန္တလေး တွင် မိန်းကလေးများအနေနှင့် အရွယ်ရောက်သည်နှင့် ဆိုင်ရာဆိုင် ရာ နီးစပ်သူများထံ ဈေးသင်အပ်ကြသည်က များသည်။ ဈေးသည် အများစုက ဈေးချိုတော်ကြီးမှာမို့ ကိုယ့်အိမ်မှ ဈေးချိုခရီးကို စက်ဘီးနှင့် သွားကြသည်။ အလားတူ ကျောင်းသွား၊ ရုံးသွား၊ အလုပ်သွား ကိစ်္စအတွက်လည်း စက်ဘီးများကို တွင်တွင်စီးကြသည်။မန္တလေး မြို့ပြဖွဲ့စည်းမှုက ဆင်ခြေဖုံးမှသည် ဈေး၊ ကျောင်း၊ ရုံး၊ အလုပ်ရုံ၊ ဆေး လိပ်ခုံစသော နေရာများက အဝေး ဆုံး ၃ မိုင်၊ ၄မိုင်သာသာမို့ စက်ဘီး က အရာရောက်သည်။

 

မန္တလေး ကား စက်ဘီးနှင့် အတော် ယဉ်ပါးကာ စက်ဘီးတစ်စီးပေါ် ရှေ့ဘောင်တန်း ၌ တစ်ယောက်တင်၊ နောက် ကယ်ရီ ယာပေါ် ကလေးပွေ့ချီထားသော မိခင်တစ်ဦးကို တင်ဆောင်ကာ ၄ ယောက် စီးနင်းသွားတာလည်း မဆန်းတော့၊ ထို့အတူစက်ဘီးကို ထီးဆောင်း၍လည်း ကျွမ်းကျင်စွာ စီးနင်းသည်။ ခေါက်ထီးပေါ်သော  ခေတ်၌ မန္တလေး သူက ကျော့ကျော့ ရှင်းရှင်းစက်ဘီးစီးမပျက်နှင့် ခေါက်ထီးဖွင့်၊ ခေါက်ထီးပိတ်ခဲ့သည်။ စက်ဘီးပေါ်တက်သည်နှင့် လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကိုကိုင်ကာ လက်တစ်ဖက်က ထဘီ နားစကို ထိန်းသိမ်းပြီးမှ စက်ဘီး ပေါ်ကျွမ်းကျင်စွာတက်နိုင်သည်။ စက်ဘီးပေါ်ရောက်တော့လက်ကိုင်နှစ်ဖက်ကို လက်ဖနောင့်နှင့်ဖိပြီး လက်မောင်းကို ဆန့်တန်းကာ ခါးကို ဆန့်ဆန့်ကလေး နှင့် ဒူးကိုစေ့ကာ လှပသောကိုယ်ဟန်နေထားနှင့် နင်းနိုင်သည်။

 

“… လှည်းနောက်မြီးထက်၊

ခြေတွဲလောင်းလေးယှက်ပြီး

သံသာသီတော့ပေ …

တောင်ခြေမဝေးတဝေး …

ဖွေးဖွေးတည်နေ၊

စေတီကျောင်းကန်ပြာသာဒ်များနဲ့

ဘုရားဇရပ်တို့ ပျော်စရာပေ

အပါးကပ်လို့မျှော်တာတွေ

အလားနတ်တို့ပြေ ..၊

အိုအောင်မင်းအောင်

ပေါင်းကြလို့လေ …၊

တူစုံမောင်မယ်၊

တောင်းဆုကိုချွေ …၊

မန်းတောင်ရိပ်ကို

ခိုသူပျိုဖြူနှမတွေ ….”

 

၁၉၃၀ ဝန်းကျင် ယခုလိုတစ် ဝါတွင်း၌ မန္တလေး သူလေးတွေ လှည်းယဉ်ကျော့စီးပြီး မန္တလေး တောင်သို့ ဘုရားဖူးလည်သည့် မြင်ကွင်းကို ဆရာမြို့မငြိမ်းက “တစ်ဝါ တွင်း” သီချင်းတွင် ရေးဖွဲ့ခဲ့ခြင်းဖြစ် သည်။ ထိုစဉ်က မန္တလေး သူလေး များကအခါကြီးရက်ကြီးရောက် လျှင်ဖြင့် အချင်းချင်းစုရုံးကာ အကြီး အကဲမိဘများကို ခွင့်ပန်ပြီး တန်ခိုး ကြီးဘုရားများသို့ တပျော်တပါး သွားရောက်ကြပေလိမ့်မည်။ ဆရာမြို့မငြိမ်းခေတ်က မန်္တလေးသူတွေ မန္တလေး တောင်သို့ ဘုရားဖူးသွားကြတော့လှည်းနောက်မြီးမှာ ခြေတွဲလောင်းလေး ယှက်ပြီး သီချင်းသံပြိုင် သီကြသတဲ့။ သူတို့ စီးလာကြသော လှည်းယဉ်တန်းက ကျုံးနံဘေးလမ်းတစ်လျှောက် ခြူသံ လေးတွေ တလွင်လွင်နှင့်မို့ နားဝင် အေးလှသတဲ့။

 

ထိုခေတ် ထိုအချိန်က မန္တလေး တွင် ဘိုင်စကယ်ဟုခေါ်သည့် စက် ဘီးတွေတွင်တွင်ကျယ်ကျယ် သုံးစွဲ နေလောက်ပြီ။သို့သော် ထိုစက်ဘီးများကို ယောကျ်ားဘသား ကျားကျားလျားလျားကြီးတွေကပဲ စီးကြမည်။ စစ်ကြီးမတိုင်မီ မန္တလေး တွင်အင်္ဂလန်စက်ဘီးတွေ အသုံးပြုလာတာ တော့သေချာသည်။ မန္တလေး မြို့ မျက်နှာဖုံး နာမည်ကျော် အနုပညာရှင် ရွာစားကြီး စိန်ဗေဒါက သူ့ဆင်တိုစက်ဘီးအသစ် နှင့် မက်မက်မောမော ဓာတ်ပုံ  အရိုက်ခံခဲ့သည်။ အင်္ဂလိပ်ခေတ်မှာ ခေတ်ဆန်သည့် မြန်မာမိန်းမပျိုလေး ကလည်း ဆံထုံးထုံးကာ ရှန်ဟဲညွန့် ပိုးထည် လက်ရှည်အင်္ကျီဖားဖားနှင့် ဇင်းမယ်လုံချည်ဝတ်ပြီး မိန်းမစီး စက်ဘီးပေါ်တက်ထိုင်၍ စတိုင် ထုတ်နေပြီ။ မြန်မာ မိန်းမပျိုလေး စီးနေသော စက်ဘီးက မိန်းမစီး စက်ဘီးပုံချိုးထားသည်။ သည်တော့အမျိုးသမီးများအတွက်လည်း စက် ဘီးတွေဝင်နေပြီပေါ့။ သို့သော် ကျယ်ကျယ်ပြန့်ပြန့်တော့ စီးကြဟန် မတူသေး။ ယောကျ်ားစီးစက်ဘီး ကိုတော့ တွင်တွင်ကျယ်ကျယ် စီးကြ ရောပေါ့။ အဘယ့်ကြောင့်ဆိုသော် မန္တလေး ၁၃၀၀ ပြည့်(၁၉၃၉)အရေး တော်ပုံတွင်၂၆ ဘီလမ်းပေါ်၌ စက်ဘီးတွေ အတုံးအရုန်းလဲနေသည့် ဓာတ်ပုံမှတ်တမ်းများလည်းရှိသည်။ ထို့ပြင် အရေးတော်ပုံတွင် ကျဆုံးသည့် အာဇာနည်များ ဈာပနပို့ ဆောင်ပွဲ၌ မန္တလေး တွင် ထိုအချိန်က စတင်သုံးစွဲနေသော ဆိုက်ကားများ ကလည်း အုပ်နှင့်သင်းနှင့် လိုက်ပါ ပို့ဆောင်ကြသည့် မှတ်တမ်းဓာတ်ပုံ များလည်းရှိသည်။

 

တကယ်တော့ ထိုစဉ်ကာလ ကတည်းက မန္တလေး တွင် စက်ဘီးများ တွင်ကျယ်စွာသုံးနေကြသည်။ မန်္တလေးတွင်ဓာတ်ရထားများ၊ မြင်း ရထားများစသည်ဖြင့် သယ်ယူပို့ ဆောင်ရေးတွင် အရှိန်ရနေပြီး၊ ဝံသာနုစိတ်ဓာတ်ဖြင့် ဆိုက်ကားများလည်း ဝင်းကြိုဝင်းကြား၊ လမ်းကြို လမ်းကြားမကျန် ဝင်ထွက်သယ်ပို့ နေကြသော်လည်း စက်ဘီးက မန္တလေး အတိုင်းအတာနှင့်အလွန် တာသွား အရာရောက်လှ၏။ အခုလည်း မနက်လင်းတာနှင့် မန္တလေးမှာ စက်ဘီးတွေ အတော်စီးကြ၏။ ခရီးလမ်းပန်းသွားလာရေးအတွက်လည်း မဟုတ်။ ဈေးရောင်းဈေးဝယ် ဘုရားသွား ကျောင်းတက်လည်း မဟုတ်။ ထို့အတူ ဝံသာနုလည်းမဟုတ်တာ သေချာသည်။ စီးကြမယ်လေ စက်ဘီး။

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW