ဆူးငှက်
ဓာတ်ပုံ မိသားစု
———————–
ဦးကြီးဦးလှတင်က ရှေးဓာတ်ပုံဆရာကြီးလည်း ဖြစ်သည့်အပြင် ဝေးသီခေါင်လှသော သဖန်းဆိုသည့် ကျေးလက်ကလေး မှသည် မန္တလေးသို့ စွန့်စွန့်စားစားတက်လာပြီး အဖော်များကဲ့သို့ သမားရိုးကျ ထမ်းပိုးထမ်း၍ ဆီမရောင်းဘဲ အမြော်အမြင်ကြီးစွာဖြင့် ဓာတ်ပုံပညာကို ကျားကုတ်ကျားခဲ သင်ယူခဲ့သူဖြစ်သည်။ ထို့နောက် မြို့လယ်ခေါင်တွင် ကိုယ်ပိုင်ဓာတ်ပုံတိုက် ဖွင့်လှစ်နိုင်သည်အထိ ကြိုးပမ်းခဲသူဖြစ်သည်။ ဦးကြီးက သူ့ဓာတ်ပုံပညာကို ဇနီးဖြစ်သူ ဒေါ်ဒေါ်လုံးကိုလည်း သင်ကြားပေးရာ လှဂုဏ်ရည်တွင် ဒေါ်ဒေါ်လုံးသည် ဓာတ်ပုံနှင့် ပတ်သက်၍ ဦးကြီးနည်းတူ တန်ဖိုးထားသူ ဖြစ်သည်။ ကျွန်တော်လှဂုဏ်ရည်ကို ရောက်တော့ ဒေါ်ဒေါ်လုံးမရှိတော့။
ထို့ပြင် သမီးကြီး မမခင်ဌေးလည်း ကင်မရာကိုင်ကာ ကျွမ်းကျွမ်းကျင်ကျင် ရိုက်နိုင်သည်။ နောက် ဘွဲ့ရပြီး ဝန်ထမ်းဖြစ်သွား၏။ နောက် ကိုကျော်ဝင်းပေါ့၊ သူကတော့ ပြောစရာမလို ဝါရင့် ဓာတ်ပုံဆရာဖြစ်ပြီး ဦးကြီးလိုပဲ ဓာတ်ပုံအပေါ် တန်ဖိုးထား သံယောဇဉ်ကြီးသူ ဖြစ်သည်။ နောက် ကိုကျော်မင်း၊ သူက လှဂုဏ်ရည်၏ နောက်ကွယ်က အမှောင်ခန်း ဝိဇ္ဇာဟု ပြောရမည်။ အမှောင်ခန်းထဲကပဲ လှဂုဏ်ရည်ဟူသော ဓာတ်ပုံသမိုင်းကို ရေးထိုးနေသူ ဖြစ်သည်။ သူက ဓာတ်ပုံထက် သူစိတ်ဝင်စားသော စာပေနှင့် နိုင်ငံကိုကို ပိုမိုအားသန်၏။ လှဂုဏ်ရည် မိသားစုတွင် ကျွန်တော်နှင့် အရင်းနှီးဆုံးဆိုရပေမည်။ ကျွန်တော့်ကို ဘယ်လိုစာအုပ်တွေ ဖတ်ရမယ်ဟူသည်ကို လမ်းညွှန်ပြီး နိုင်ငံရေး လူမှုရေး စီးပွားရေး ယဉ်ကျေးမှုနှင့် ပတ်သက်သော ပြဿနာများအပေါ် ဝိဇ္ဇာနည်းကျ သုံးသပ်ပြလေ့ရှိသည်။ ကျွန်တော် လှဂုဏ်ရည်သို့ ရောက်ချိန် သူမရှိ၊ သူက အင်းစိန်တောရမှာ ရောက်နေချိန်။
နောက် ကိုကျော်လင်း၊ သူက ကျွန်တော်နှင့် တစ်နှစ်တည်း ဘူမိဗေဒဖြင့် ဘွဲ့ရသူ။ သူကလည်း သီချင်းတအေးအေးနှင့် နေကာ ကျောင်းပြီးတော့ ဓာတ်ပုံလုပ်ငန်းထဲ ရောက်လာသည်။ ကျွန်တော့်ကို ညီတစ်ယောက်လို ပြောစရာရှိလျှင် ပြောသည်။ လှဂုဏ်ရည်၏ ဗီဒီယိုခေတ်တွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ နောက် ဆွေဆွေ၊ သူ့နာမည် အပြည့်အစုံက မခင်လေးဆွေ၊ သူက စီးပွားရေးတက္ကသိုလ်က ဘွဲ့ရ၏။ လှဂုဏ်ရည် မောင်နှမများ၏ အချစ်ဆုံး ညီမ၊ နှမ၊ အစ်မဖြစ်သည်။ သူကလည်း အိမ်မှာရှိစဉ် ကင်မရာကိုင်ရသည်။ နောက် အငယ်ဆုံးက ဇော်ဇော်၊ သူ့နာမည်က ကိုဇော်ဝင်း၊ သူက ကျွန်တော့်လိုပဲ ဦးကြီးနှင့် ဒေါ်ဒေါ်လုံးတို့၏ နွားမအို နောက်ကျသားပေါ့။ အငယ်ဆုံးမို့ အဖေအမေ၏ အချစ်ဆုံးပေါ့။ ဒေါ်ဒေါ်လုံးဆုံတော့ သူက ငယ်သေးသည်။ ၁၀နှစ်သားလောက်ပဲ ရှိသေးမည်။ သူကလည်း ဦးကြီးသားပီပီ ဓာတ်ပုံတွင် လက်စောင်းထက်ခဲ့ ထက်ဆဲ ဖြစ်၏။
ကိုင်ကြည့်ဖူးချင်လို့
————————-
ကျွန်တော် ပြောချင်သည်မှာ ဦးကြီးသည် ဓာတ်ပုံပညာကို ကျားကုတ်ကျားခဲ သင်ခဲ့ တတ်မြောက် ကျွမ်းကျင်ခဲ့သလို သားသမီးများကိုလည်း ထိုအမွေကို ထိုက်ထိုက်တန်တန်ပေးခဲ့၏။ ထို့ကြောင့် သူတန်ဖိုးထားသော ဓာတ်ပုံပညာကို လှဂုဏ်ရည်တွင် လာရောက် သင်ယူသူတိုင်း ကလည်း တန်ဖိုးထားမှ ကြိုက်သည်။ ပေါ့ပေါ့တန်တန်နှင့် လွယ်လွယ်လုပ်ကိုင်သွားတာမကြိုက်။ ပြောစရာရှိလျှင် အားမနာ၊ နားထဲစွဲအောင် ခပ်ပြတ်ပြတ်ပြောသည်။ မှတ်မှတ်ရရ ကျွန်တော်ရောက်ပြီး လပိုင်းပဲရှိမှာပေါ့။ ကိုကျော်ဝင်းက ကင်မရာ အသစ်တစ်လုံး ဝယ်သည်။ Nikon F2 ဟု မှတ်မိနေ သည်။ ထိုကင်မရာကို ကိုကျော်ဝင်းက ဖလင်ထည့်၍ စမ်းကြည့်နေ၏။ စပိ၏ နှုန်းနှင့် အပါချာရှပ်တာ အပွင့်အပိတ် အသံအထိ နားစွင့် မှတ်သားနေသည်။ ထို့သို့ ကင်မရာကိုင်ရင်း အိမ်ရှေ့မှာ ဧည့်သည်လာသောကြောင့် ထွက်၍ စကားပြောနေစဉ် ကင်မရာကို အိမ်နောက်က ထမင်းစားပွဲပေါ်တင်ထားခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်က ထိုစာပွဲတွင် ထိုင်ရင်း ကူးပြီး ဓာတ်ပုံများ နံပတ်ထိုး နေရင်း ကိုကျော်ဝင်း တင်ထားခဲ့သည့် ကင်မရာအသစ်ကို ကိုင်ကြည့်ချင်လာ၏။ ထို့ကြောင့် နံပတ်ထိုးလက်စ ဓာတ်ပုံတွေ ခဏချပြီး ကင်မရာကို ကိုင်ကြည့်မိသည်။
ကင်မရာနဲ့ မင်းနဲ့ မတန်သေးဘူး
———————————–
ထိုအချိန်မှာပဲ နောက်သို့ ပဲကြော်နှင့် လက်ဖက်ခွက်လာယူသော ဦးကြီးက တွေ့သွားပြီး “မောင်ကျော်ဆန်း၊ ကင်မရာကို ချထားစမ်း၊ ဘာ့လို့ ကိုင်နေတာလဲ၊ ကင်မရာနဲ့ မင်းနဲ့ မတန်သေးဘဲ မကိုင်ရဘူးလေ” ဟု ငေါက်တော့သည်။ ဦးကြီးငေါက်လိုက်တော့မှ ကျွန်တော်လည်း လက်ထဲက ကင်မရာကို ပြန်ချလိုက်သည်။ ဦးကြီးက ကျွန်တော့ဘေးရပ်ပြီး ပုခုံးကို ကိုင်ကာ “ ကင်မရာနဲ့ မင်းနဲ့ မတန်သေးဘူး ဆိုတာ မင်းကို ကင်မရာတန်ဖိုးနဲ့ယှဉ်ပြီး နှိမ်တာမဟုတ်ဘူးကွ။ မင်းက အခုမှ ဓာတ်ပုံပညာ သင်တာ၊ ဒီတော့ ဓာတ်ပုံလုပ်ငန်းအကြောင်း ဘာမှ မသိသေးဘူး။ ဒီလို မသိသေးတဲ့သူက ကင်မရာကို ကိုင်ကြည့်မယ်ဆိုရင် သိချင်စူးစမ်းချင်စိတ်နဲ့ မှန်ဘီလူးကို ပွတ်ကြည့်ချင်ကြည့်မယ်။ မှန်ဘီလူးပေါ်က ခလုတ်လေးတွေကိုလည်း လှည့်ကြည့် ဖိကြည့်လုပ်မယ်၊ ဒါက မင်းမှ မဟုတ်ဘူး ကင်မရာကို ကိုင်ကြည့်သူအနေနဲ့ လုပ်ကြည့် စူးစမ်းကြည့်ကြမှာပဲ။ဒီတော့ ဒို့လုပ်ငန်းက ကင်မရာတွေဆိုတာ အလုပ်အတွက် အရေးကြီးဆုံးပစ္စည်းတွေပဲ။ အလုပ်အတွက်လည်း အဆင်ပြေအောင် အဆင်သင့် ပြင်ထားကြရတာ။
မင်းက ကင်မရာမှန်ဘီလူးကို ပွတ်ကြည့်မယ်ဆိုရင် မင်းလက်မှာ လက်ဖက်စားထားလို့ ဆီတွေ ပေချင်ပေ နေမယ်။ ဒီတော့ မှန်ဘီလူးမျက်နှာပြင်မှာ ဆီတွေ ကွက်သွားမယ်။ တစ်ခါ မင်းက အပေါ်က ခလုတ်တွေ လှည့်ကြည့် ဖိကြည့်မယ်ဆိုရင် ကင်မရာက စပိတွေ အပါချာတွေ ပြောင်းသွားမယ်။ သုံးမယ့်ဖလင်ရဲ့ အလင်းစွဲအားနဲ့ ချိန်ထားတဲ့ နံပတ်တွေ ပြောင်းကုန်မယ်။ အဲ့ဒါတွေ ဒို့က မသိတော့ ဆိုင်မှာ အရေးပေါ် ဓာတ်ပုံလာရိုက်ရင်၊ ဒါမှမဟုတ် ဂတ်တဲက လတ်တလောမှုခင်းအတွက် ဓာတ်ပုံခေါ်ရိုက်ခိုင်းရင် အဲ့ဒီဓာတ်ပုံတွေက ပျက်ကုန်တော့မှာ၊ မပျက်တောင် ပုံထွက်က ဘယ်လိုမှ မကောင်းနိုင်တော့ဘူးကွ၊ အဲ့လိုပျက်လို့ မကောင်းလို့ ပြန်ရိုက်လို့လည်း မရနိုင်တော့ဘူးလေ၊ ကဲ အဲ့ဒီတော့ ဓာတ်ပုံတိုက်မှာ ဘယ်လောက်နာမယ်ပျက်မလဲ၊ ကာယကံရှင်လည်း ဘယ်လောက် ဆုံရှုံးနစ်နာလိုက်မလဲ၊ အစားပြန် မရနိုင်တာတွေလေ။ ဒါတွေကို မင်းက မသိသေးဘူးလေ။ ဒီအသိတွေ မရှိသေးဘဲ ကင်မရာကို ရမ်းသမ်းမကိုင်ဖို့ ဦးကြီးက မင်းကို ကင်မရာနဲ့ မတန်သေးဘူးလို့ ပြောတာ၊ ဟုတ်လားကွ” ဟု ရှင်းပြသည်။ ထိုကတည်းက ဓာတ်ပုံလုပ်ငန်းတွင် ကိုယ်နှင့် မပတ်သက်သေးသော ဘယ်ပစ္စည်းမဆို မကိုင်ဝံ့တော့။
ပထမဆုံးရိုက်သည့် အလှူပွဲ
——————————–
ဤသို့ဖြင့် ဆိုင်မှာ မှတ်ပုံတင် ပတ်စပို့ ရိုက်သည့် အတွေ့အကြုံတွေ၊ ဘွဲ့နှင်းသဘင် ရိုက်ကူးသော အတွေ့အကြုံတွေ အလှူမင်္ဂလာဆောင် ဆွမ်းကပ် ဘုရားပွဲ စသည်ဖြင့် နောက်လိုက်အနေနှင့် လိုက်ဖူးပေါင်းများပါပြီ။ ထို့ပြင် ကိုကျော်ဝင်း အမှောင်ခန်းအတွင်း ပုံကူးရင်းဖြစ်စေ၊ ပုံများကို နံပတ်ထိုးနေစဉ် ဘေးမှရပ်၍ ဖြစ်စေ ဓာတ်ပုံများ၏ အယူအဆ အဖြတ်အတောက်နှင့် အလင်းအမှောင် အနုအရင့်များကို တစ်ပုံချင်းအလိုက် ရှင်းပြသည်ကိုလည်း နားရည်ဝလု ဖြစ်နေပါပြီ။ ထို့ကြောင့် အလှူပွဲတစ်ပွဲကို ကျွန်တော့်လွှတ်၍ ရိုက်စေခဲ့သည်။
အလှူက မေမြို့ကားလမ်းဘေးရှိ ငွေတောင်ရွာက အလှူဖြစ်သည်။ အလှူက အလှူဝင်ကို ရိုက်စရာမလိုဘဲ အလှူကြီးနေ့မှသာ အလှူ့ဒကာ အလှူ့ဒါယကာမများနှင့် မောင်ရင်လောင်း နားထွင်းများပုံ၊ ရေစက်ချ ပရိတ်နာပုံနှင့် သာမဏေများ ပုံဖြစ်သည်။ ကျွန်တော်၏ ပထမဦးဆုံးပွဲဦးထွက်မို့ ပျော်လည်းပျော် လန့်လည်းလန့်နေသည်။ သို့သော် ရှေ့က အတွေ့အကြုံများနှင့် ကိုကျော်ဝင်း၏ အသင်အကြားများကြောင့် အဆင်ပြေစွာ ရိုက်နိုင်ခဲ့သည်။
အပြင်က အလှရိုက်များနှင့်ဆိုသော် ထိုစဉ်က ညဦးပိုင်း လှဂုဏ်ရည်ရောက်သည်နှင့် ဖလင်များဆေးသည်။ ရင်တထိပ်ထိပ်ပေါ့။ အကယ်၍ စပိအပါချာမှားလျှင် ဖလင်က ဆေးလိုက်သည်နှင့် ဖြူဖွေးသွားတာမျိုး၊ မည်းပိတ် သွားတာမျိုး ဖြစ်တတ်သည်။ သို့မဟုတ် မည်းသည့်အကွက်က မည်း၊ ဖြူသည့်အကွက်က ဖြူနှင့် ဖလင်သားမညီ ဖြစ်တတ်သည်။ အခု ရိုက်ခဲ့ပြီး ဖလင်များဆေးလိုက်တော့ ဖလင်သား ညီသည်ဟု ဆိုရမည်။ သည်တော့ ပထမအဆင့် စာမေးပွဲ အောင်ပြီပေါ့။ ထို့ကြောင့် ဆေးပြီး ဖလင်များကို အခန်းထဲချိတ် အခြောက်ခံကာ ပစ္စည်းများကို သေချာအပ်ပြီး အိမ်သို့ လေလေးတချွန်ချွန်နှင့် ပြန်ခဲ့သည်။ ညပိုင်း ရောက်လျှင် ကိုကျော်ဝင်းကြီးဖြစ်စေ၊ ကိုကျော်ဝင်းဖြစ်စေ ထိုဖလင်များကို ပုံကူးကြမည်။ မနက်ကျ ကျွန်တော်က ကူးပြီးဓာတ်ပုံများ နံပတ်ထိုး ဘေက်ချာဖွင့် ပုံသွားအပ်ရုံပေါ့။
ဤသို့ဖြင့် မနက်လင်းသည်နှင့် လှဂုဏ်ရည်သို့ ခပ်စောစောသွားသည်။ နောက်ခန်းက စာပွဲပေါ်မှာ မနေ့ညက ကူးထားသော ဓာတ်ပုံတွေတွေ့သည်။ ကျွန်တော် ပျော်သွားသည်။ အောင်ပြီ။ ထို့နောက် သီချင်းလေးတငြီးငြီးနှင့် ဖလင်နက်ကတစ်များ ဖိုင်သွင်းကာ ပုံနံပတ်များထိုးနေသည်။ ကိုယ်ရိုက်ခဲ့သော ပုံလေးတွေကို တစ်ပုံချင်း နံပတ်ထိုးရင်း တစိမ့်စိမ့်ကြည့်ကာ ကြည်နူးနေတော့သည်။
ပုံ ၁၀၀၊ အပြစ် ၂၀၀
———————
ထိုသို့ ကျွန်တော် ပုံနံပတ်ထိုးနေစဉ် ကိုကျော်ဝင်းလည်း အပြင်က ပြန်ရောက်လာသည်။ ရောက်သည်နှင့် ကျွန်တော့ဘေးက ခုံမှာ ဝင်ထိုင်ပြီး နံပတ်ထိုးနေတာ ခဏရပ်ခိုင်းသည်။ ပြီးနောက် သူက တစ်ပုံချင်းကိုင်ပြီး လိုအပ်ချက်များကို ထောက်ပြတော့၏။ ဟုတ်ကဲ့၊ ဖလင်၄လိတ်နီးပါး ပုံ ၁၃၀လောက်မှာ ထောက်ပြစရာက ပုံ ၂၀၀နီးပါးစာလောက် ရှိနေပါရောလားဗျာ။ ဘာလို့လည်းဆိုတော့ တစ်ပုံတည်းမှာ ထောက်ပြစရာက ၃မျိုးလောက်ပါနေတဲ့ ပုံတွေလည်း အများသားပါလားဗျာ။ ထောက်ပြသည့် အချက်များတွင် ဧည့်ခံပုံတိုင်းလိုလိုက မျက်နှာတွေ မမြင်ရဘဲ နောက်ကျောတွေ အများဆုံးဖြစ်နေတာ၊ ဘက်ဂရောင်းက အလှူမဏ္ဍပ်အတွင်းမဟုတ်ဘဲ အပြင်က မြင်ကွင်းတွေ ဖြစ်နေတာ၊ ဓာတ်ပုံထဲပါသူတွေက ကိုယ်နေကိုယ်ထားမကောင်းဘဲ မျက်စေ့တွေ မှိတ်နေတာ စသည်ဖြင့်ပေါ့။
ဧည့်ခံဝိုင်းတွေ ရိုက်ရင် အပေါ်က ဆီးပြီး မျက်နှာအများစု ပေါ်အောင်ရိုက်ဖို့၊ ဧည့်ခံဝိုင်းတွေ ရိုက်ရင် အလှူ့ဒကာ အလှူ့အမ ဖြစ်စေ၊ မိဘတွေဖြစ်စေ အလှူမှာ အရေးပါတဲ့ ဆွေမျိုးသားချင်းများ ဖြစ်စေ တစ်ယောက် အနည်းဆုံးပါရမည်ဖြစ်ကြောင်း၊ ရိုက်မယ့် ဝိုင်းရဲ့ ဘက်ဂရောင်းမှနောက်က ဝိုင်းတွေကိုလည်း ပါစေပြီး မဏ္ဍပ်ထဲကနေ အပြင်ကို ဘက်ကရောင်းထားပြီး မရိုက်ဖို့နဲ့ ဓာတ်ပုံရိုက်မယ်ဆိုတာကို အရိုက်ခံမယ့် ဝိုင်းကို အသိပေး တိုင်ပင်ခေါ်ပြီး ရိုက်ဖို့ စသည်ဖြင့်ပေါ့။ သည်တော့ ဧည့်ခံပုံအများစုက အပြစ်မလွတ်တော့။ ာ ကောင်းတယ်ဆိုတဲ့ပုံက မပါသလောက်လေ။ ပိုဆိုးတာက ရှင်လောင်းစင်မှာရိုက်တဲ့ ပုံတွေပါ။ မိဘတွေ ဆွေမျိုးတွေနဲ့ ရှင်လောင်းတွေပုံမှာ ဒီအတိုင်းကြည့်ရင် ကောင်းသားပဲပေါ့။ သို့သော် ကိုကျော်ဝင်းက တစ်ပုံချင်း ကိုင်ကာ ထောက်ပြတာက ပုံအားလုံးလိုလိုမှာ အောက်က များနေပြီး အပေါ်က နည်းနေတာချည်းဖြစ်သည်။
ရှင်လောင်းစင်ရိုက်မှာလား၊ ကော်ဇောရိုက်မှာလား
——————————————————
ဆိုလိုတာက ရှင်လောင်းများနှင့် ထိုင်နေကြသည့် လူအုပ်စု အတန်းကြီးက ပုံအလယ်ကောင် တည့်တည့်ဆိုတော့ ပုံ၏ အောက်ပိုင်းမှာ ခင်းထားသည့် ကော်ဇောတွေက များနေသည်။ ပုံ၏ အပေါ်တွင် ရှင်လောင်းစင်၏ ထိပ်စည်း မြန်မာမှုတွေက ပါမလာပေ။ ကိုကျော်ဝင်းက မင်းကိုင်တဲ့ ကင်မရာကို နည်းနည်းလေးအပေါ်မော့လိုက်တာနဲ့ အောက်က ကော်ဇောက ပါတယ်ဆိုရုံပါပြီး မဏ္ဍပ်က ရှင်လောင်းစင်ရဲ့ ထိပ်စည်း ကနုတ်တွေပါလာမှာလေ။ အေး.. ကိုယ်ရိုက်ရမှာ ပုံပေါ်စေချင်တာ ဘာက အဓိကလည်းဆိုတာ ကြိုပြီး ကြည့်ထား ဆုံးဖြတ်ထားရမယ်လေ။ ဒါကိုသိထားရင် ကိုယ့်မျက်စိရှေ့မှာ ကိုင်ထားတဲ့ ကင်မရာကို နည်းနည်းလောက်လေး ပင့်လိုက်တာနဲ့ ပုံကောင်းရမှာလေ။ အခုတော့ မင်းက မောင်ရှင်လောင်းတွေနဲ့ ရှင်လောင်းစင်ထက် ကော်ဇောတွေပဲ ဦးစားပေးတာ များနေတော့ ပုံကူးတဲ့အချိန်မှာ ဘယ်လိုမှ အဆင်ပြေအောင် ဖြတ်တောက်လို့ မရဘူး ဟု ရှင်းပြသည်။
ရေစက်ချက ဘယ်ဆရာတော်ပါလိမ့်
—————————————–
ထို့ပြင် ရေစက်ချသည့် ပုံများတွင်လည်း အလှူ့ဒကာ အလှူ့အမ၏ မျက်နှာမပေါ်ဘဲ အပေါ်က ဆံပင်တွေချည်း ပေါ်နေတာကို မင်းက ဘာလို့ အောက်ကထိုင်ပြီး ရေစက်ချနေတာကို မတ်တတ်ရပ်ရင်း ရိုက်လာတာလဲ။ မင်းလည်း ထိုင်ပြီး သူတို့မျက်နှာ ပေါ်အောင် ရိုက်ရမယ်လေ။ လိုအပ်ရင် မင်းက ထိုင်ရင်း ငုံ့ရိုက်တန်ရိုက်ရမှာ ဟု ပြောပြသည်။ ရေစက်ချပုံများတွင် ရေက်ချသည့် ဆရာတော်နှင့် သံဃာတော်များကို နောက်မှချည်း ကျောတွေပဲပါအောင် ရိုက်ခဲ့တာလည်း ထောက်ပြသည်။
ဓာတ်ပုံဆိုတာ တစ်သက်စာအတွက် မှတ်တမ်းကွ၊ တစ်ချိန် ဒီဓာတ်ပုံတွေ ကြည့်ပြီး ဒိုပအလှူတုန်းက ရေစက်ချတဲ့ ဆရာတော်က ဘယ်ဆရာတော်ဆိုတာ မျက်နှာမြင်ရမှ ပြောနိုင် ဂုဏ်ယူနိုင်မှာလေ။ ဒီလိုပဲ ဒို့အလှူတုန်းက ဘယ်ဆရာတော်တွေက ပရိတ်ချီးမြှင့်ခွဲှတာဆိုတာလည်း ဓာတ်ပုံပြန်ကြည့်ရမှာလေ၊ အခုကျ မင်းပုံတွေက ဆရာတော်တွေရဲ့ ကျောတွေချည်းပဲ ဟု ဆိုတော့ ကျွန်တော်လည်း ရှက်ရယ်ရယ်ရင်း ခေါင်းကုပ်နေတော့သည်။
မလှတာ ရွာလည်ပြသလို
——————————–
ပိုဆိုးတာက အပြင်မှာ ရိုက်သော အလှပုံများဖြစ်သည်။ ကျွန်တော်က အလှပုံများကို အတတ်ဆန်း လက်စွမ်းပြခဲ့တာလေ။ ကျွန်တော်က အလှမယ် ပြိုင်ပွဲက ပုံတွေကို အားကျသည်။ ထို့ကြောင့် ရိုက်သမျှ ပုံတွေကို ကင်မရာမှ အပါချာကို ဖွင့်ပြီး စပိကို တင်ကာ မျက်နှာ အနီးကပ်တွေချည်း ရိုက်သည်။ ထိုသို့ရိုက်သောကြောင့် ပုံ၏ ဘက်ကရောင်းတွေက ဝါးသွားသည်။ မျက်နှာချည်း အသားပေးထားသည်။ ကိုကျော်ဝင်းက မင်းအလှပုံတွေက မလှတာကို ရွာလည်ပြသလို ဖြစ်နေတာကွ။ ဒို့ပြိုင်ပွဲတွေက အလှမယ်ရိုက်တယ်ဆိုတာ နဂိုပင်ကိုရုပ်ကလည်း လှမယ်၊ ပြီးတော့ မိတ်ကပ်လည်း စနစ်တကျလိမ်းထားမယ်၊ မီးတွေ နေရောင်တွေလည်း စိတ်တိုင်းကျ ပေးထားမယ်၊ မော်ဒယ်ကလည်း မျက်နှာပေးတတ် နေတတ်တယ်လေ။
အခု မင်းရိုက်ခဲ့တာက အရပ်သူ ရွာသူတွေလေ၊ မွတ်နေအောင် ချောတဲ့သူလည်း မဟုတ်ဘူးလေ၊ မိတ်ကပ်ဆိုတာလည်း ရွာအိမ်ဆိုင်က အာချီလောက်ပွတ်ထားတာလေ၊ အာချီတောင် အလှူပြီးမှရိုက်လို့ ချွေးကွက် နေပြီလေ။ အဲ့ဒါကို မင်းက မျက်နှာ အနီးကပ်ရိုက်တယ်ဆိုတော့ စဉ်းစားကြည့်လေ၊ ဘယ်မှာ အလှရှိတော့မှာလဲ။ ပြီးတော့ ဘက်ကရောင်းက ဘာမှ မပါ။ တကယ်ဆို မဏ္ဍပ်နောက်ခံပြီး ကိုယ်လုံးပေါ် ဒါမှမဟုတ် ကိုယ် တစ်ပိုင်းလောက်ပဲ ရိုက်ရမှာ၊ နောက် ရွာထိပ်က ရေက်ဘေးတို့၊ ရွာဦးစေတီနဲ့ ခပ်လှမ်းလှမ်းမှာတို့ ဒီလို လိုကေးရှင်းပေါ်မှ တစ်ချိန်မှာ ဒီပုံက ငါတို့ ဘယ်သူ့အလှူတုန်းကလေတို့၊ ဒါက ရွာဦးမှာလေတို့၊ ဟိုအဝေးက ဘုရားက ချမ်းသာကြီးလေတို့ ဆိုပြီး ပြောစရာရှိမှာပေါ့။ အခုတော့ ဘယ်နေရာရိုက်တာမှန်းမသိတဲ့အပြင် သနပ်ခါးကွက်တာ ချွေးထွက်မျက်နှာအဆီပျံတာ မျက်ခုံးမွှေးဆွဲထားတာ မညီတာ၊ နှုတ်ခမ်းနီက ထမင်းစားပြီး လက်သုတ်နဲ့ ပွတ်မိလို့ တစ်ခြမ်းပျက်နေတာ မနက်စောစောထခဲ့ရလို့ လိုင်နာတင်ထားတဲ့ မျက်လုံးထောင့်မှာ မျက်ဝတ်တွေ ထွက်နေတာ လည်ပင်းမှာ သနပ်ခါးမရောက်လို့ ကွက်ပြီး မည်းနေတာ အကုန် မြင်ရတော့တာပဲ တဲ့။
ဖလင်တစ်ကွက်မှတော့ မပျက်ခဲ့ဘူးတဲ့
——————————————-
ဟုတ်ပါ့ဗျာ ကျွန်တော်လည်း နောက်ထပ် ကျန်တဲ့ပုံတွေ နံပတ်ထိုးရင်း မကြည့်ဝံ့တော့ပါဘူး။ သြော် အရုပ် ထင်ရုံနဲ့ ဓာတ်ပုံမဟုတ်ဘူးဆိုတာ အဲ့ဒီမှ သဘောပေါက်တော့သည်။ ကိုကျော်ဝင်းက ဆက်ပြောသည်။ အေး.. ဒါပေမယ့် ကာယကံရှင်တွေကတော့ သူတို့ပုံမြင်ရရင်ကို ကျေနပ်ကြမှာပဲ။ ဒါပေမယ့် ဓာတ်ပုံအကြောင်း သိတဲ့သူက မြင်ရင်တော့ ဓာတ်ပုံဆရာက ဘယ်ကလဲဟ ဆိုပြီး ကဲ့ရဲ့တော့မှာ။ အေး.. သာမန်လူရော ဓာတ်ပုံအကြောင်း နားလည်တဲ့သူရော ပုံကို ကိုင်ကြည့်ပြီး ဓာတ်ပုံဆရာက ဘယ်သူလဲကွ၊ ပုံတွေက ကောင်းလိုက်တာ လို့ အချီးကျူးခံရမှ ဓာတ်ပုံဆရာ စစ်စစ်ဖြစ်မှာလေ။ ကဲ.. ဒါက မင်းအတွက် ပထမဆုံး အတွေ့အကြုံပေါ့ကွာ၊ ဘာပဲပြောပြော မင်းက အခုပွဲမှာ အင်ဒိုးရော အောက်ဒိုးရော စပိအပါချာ မမှာအောင် တစ်ကွက်မပျက် ရိုက်နိုင်တာတော့ တော်ပါတယ်ကွာ ဟု တော့ ကျွန်တော် ကျေနပ်ရပါ၏။
လှဂုဏ်ရည်မှာ ရှိစဉ် ကိုကျော်ဝင်းနှင့် အတူ ရန်ကုန်သို့ ကျွန်တော် တစ်ခေါက် လိုက်ရသည်။ သည်ခရီးက ကိုကျော်ဝင်း၏ အလုပ်ကိစ္စသာမက မိသားစု ကိစ္စလည်းပါတော့ ကျွန်တော့် အတွက်လည်း အတွေ့အကြုံတစ်ခု ရလိုက်ပါသည်။
ဗိုလ်အောင်ကျော်လမ်းမှသည် ဦးဝိစာရ တိုက်ခန်းသို့
——————————————————–
ထိုစဉ်ကာလ ဓာတ်ပုံလောက ကလည်း ခေတ်ပြောင်းစပြုပြီ။ အရင်က ကာလာဖလင်များကို ရန်ကုန်မှတဆင့် ဘန်ကောက်ပို့၊ စင်္ကာပူပို့ကာ ဆေးကူးနေရာမှ ရန်ကုန်မှာတွင်လည်း ဆေးနိုင်ကူးနိုင်နေသလို ထို ကာလာကူးစက်နှင့် မန္တလေးမှာတွင်လည်း ဆေးကူးဖို့ စတင်ခြင်း ဖြစ်သည်။ ထိုမျှသာမက ယခင် ဓာတ်ပုံဖြင့်သာ မှတ်တမ်းတင်နေရာမှ ဗီဒီယိုဖြင့် မှတ်တမ်းတင်လာကြပြီ။ ထို့ကြောင့် ကိုကျော်ဝင်းက ကာလာကူးစက်အတွက် ဗီဒီယိုကင်မရာအတွက် ရန်ကုန်ဆင်းသလို အင်းစိန် တောရရှိ ညီဖြစ်သူကို တွေ့ရန်နှင့် စီးပွားရေးတက္ကသိုလ်တွင် ပညာသင်နေသော ညီမဖြစ်သူတို့ကိုလည်း တွေ့ရန်ဖြစ်သည်။
ထို့ကြောင့် ကာလာကူးစက်နှင့် ဗီဒီယိုကင်မရာအတွက် အနော်ရထာလမ်းပေါ်ရှိ သူ့မိတ်ဆွေ ကင်မရာနှင့် ဓာတ်ပုံပစ္စည်း ရောင်းသည့် ဆိုင်များသို့ သွားရောက်သည်။ ထို့ပြင် ထိုစဉ်က ရန်ကုန်မှာ ကာလာကူးခြင်း ပြုလုပ်နေသော ဓာတ်ပုံ ဦးစန်းအောင် (USA) ထံသို့လည်း သွားရောက်တာ မှတ်မိနေသည်။ နောက်ထပ် မှတ်မိနေတာ တစ်ခုက ကိုကျော်ဝင်းနှင့် ဗိုလ်အောင်ကျော်လမ်းက ဆိုင်တစ်ဆိုင်တွင် အလုပ်ကိစ္စနှင့် သွားရောက်ကြပြီး သူက ထိုနေရာတွင် ကြာဦးမည်မို့ တည်းခိုသော ဦးဝိစာရတိုက်ခန်းသို့ ကင်မရာပစ္စည်းများနှင့် ကျွန်တော့်ကို ပြန်နှင့်ခိုင်းသည်။ ဘတ်စ်ကားစီးပြန်ရန်လည်း ကားခပေးလိုက်သည်။ ကိုကျော်ဝင်းရှေ့တွင်သာ ဟုတ်ကဲ့ဟု ခေါင်းညိတ်ခဲ့သည်။ တကယ်တော့ ကျွန်တော် ဘယ်ဘတ်စ်ကား စီးရမည်ကို မသိ။ လမ်းမှာ တွေ့သူကို မေးဖို့လည်း ဝန်လေးသည်။ ထို့ကြောင့် ကင်မရာပစ္စည်းအိတ်ကို လွယ်ကာ ဗိုလ်အောင်ကျော်လမ်းမှ ဦးဝိစာရတိုက်ခန်းသို့ ခြေကျင် ပြန်တော့သည်။
မာလာဆောင်နှင့် အင်းစိန်တောရ
————————————–
နောက်ရက်တွေမှာတော့ စီးပွားရေးတက္ကသိုလ်က နာမည်ကျော် မာလာဆောင်သို့လည်း ရောက်ဖူးသွားသည်။ အမှတ်တရ အဖြစ်ဆုံးကတော့ အင်းစိန်တောရသို့ ရောက်ဖူးခြင်း ဖြစ်သည်။ ထိုနေ့က ရုံးထုတ်မှာတဲ့။ ရုံးက အပြင်မှာမဟုတ်ဘူးတဲ့။ ထို့ကြောင့် ရုံးအပြင်ကနေ စောင့်နေရသည်။ ခဏနေတော့ ရုံးထုတ်သည်။ ကျွန်တော်အတွေ့ချင်ဆုံး၂ယောက်ကို လက်ထိပ်တွဲခတ်ကာ တွေ့ရတော့ ဝမ်းနည်းရသည်။ သို့သော် သူတို့၂ယောက်စလုံးက ကျန်းမာစွာဖြင့် တက်ကြွစွာ တွေ့လိုက်ရလို့ ဝမ်းသာရပြန်သည်။ ထိုရုံးမှာပဲ မြင်းခြံက ဦးမောင်ကို ကို တွေ့ဖူးလိုက်သည်။ သူက ဗိုလ်ချုပ်အောင်ဆန်း အစ်ကို ဦးအောင်သန်းထံ သွားတွေ့ပေးဖို့ မှာလိုက်သည်။ ဦးအောင်သန်းက သူ့ရှေ့နေတဲ့။
အစ်ကိုနှင့်အတူ လက်ထိပ်တွဲခတ်ထားသူကလည်း ကျွန်တော်တို့နှင့် ဆွေမျိုးလို ဖြစ်နေတော့ စကားပြောကြရတာ အဆင်ပြေသည်။ ကိုကျော်မင်းက ကျွန်တော် လှဂုဏ်ရည်မှာ ရောက်နေတာ ဝမ်းသာတယ်ဟု ပြောသည်။ တွေ့ကြရစဉ်မှာပင် ကိုကျော်ဝင်းနှင့် သူတို့ညီအစ်ကို၂ယောက် ပြောစရာတွေ ပြောအပြီး ကျွန်တော့်ကိုတော့ လက်ထဲ စာရွက်လိတ်လေးတစ်ခု မသိမသာ ထည့်ပေးလိုက်သည်။ စာရွက်လိတ်လေးက ဘီဒီဆေးလိတ်လေးလောက်ပဲ ရှိမှာပေါ့။ ထို့ပြင် ကိုကျော်ဝင်းကိုလည်း ဒီကအပြန် အင်းစိန်ထောင်တံတိုင်းဘေး ရပ်ကွက်ရှိ သူတို့ မိတ်ဆွေ၏ အိမ်သို့ စာတစ်စောင်လည်း ပါးခိုင်းလိုက်သည်။ ကျွန်တော်တို့လည်း ပြန်ရင်းနှင့် စာပေါ်ပါ လိပ်စာအတိုင်း မေးပြီး စာလေးကိုဝင်ပေးတော့ ခြေတံရှည် အိမ်လေးကနေ ထောင်တံတိုင်းကြီးကို နီးကပ်စွာ မြင်နေရ၏။ သြော် တံတိုင်း ဟိုဘက်မှာက ထိုအိမ်လေးတွင် ကျန်ရစ်နေသော သားသည်မိခင်၏ အိမ်ဦးနတ် ရှိနေသည်လေ။ သူတို့မှာ နီးလွန်းသော်လည်း ဝေးလှချည့်လေ။ ထောင်ဝင်စာ မလာတာ ကြာလို့ မာကြောင်းသာကြောင်း အကြောင်းကြားတာ တဲ့လေ။
