၈၅ နှစ်ပြည့် လူထုကြီးပွားရေးစာအုပ်တိုက်

 

 

ဆူးငှက်

 

 

ဒီနှစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ မန္တလေးက “လူထုကြီးပွားရေး”စာအုပ်တိုက် ၈၅ နှစ် သက်တမ်းပြည့်ပါတယ်။ လူထုကြီးပွားရေးစာအုပ်တိုက်ကို ရန်ကုန်မြို့ ၃၈ လမ်း၊ အမှတ် ၂၂၃ မြေညီထပ်မှာ စတင်တည်ထောင်ခဲ့ပါသတဲ့။ အဲဒီအချိန်ကြီးပွားရေးကိုလှလို့ အမည်တွင်တဲ့ နောင် လူထုဦးလှတို့ စတင်တည်ထောင်ခဲ့ကြတာပါ။

 

ကြီးပွားရေးစာအုပ်တိုက်ကို စတင်ထူထောင်တာကတော့ ၁၉၃၈ ဇူလိုင်လပါတဲ့။ ကြီးပွားရေးစာအုပ်တိုက်မထူထောင်မီ ၁၉၃၄ ခုနှစ်လောက်ကတည်းက ကြီးပွားရေးမဂ္ဂဇင်းကို အယ်ဒီတာ ကိုလှ ကထုတ်ဝေနေပါပြီတဲ့။ အဲဒီခေတ် အဲဒီအခါကထုတ်ဝေတဲ့ကြီးပွားရေးမဂ္ဂဇင်းဟာ လူငယ်များ ကျန်းမာသန်စွမ်းပြီး ပညာတွေတတ်၊ အမြင်တွေကျယ်ကာ တိုင်းပြည်လွတ်လပ်ရေးကြီးပွားရေးလမ်းကြောင်းကို စိတ်အားထက်သန်စွာ ကြံဆောင်ကြစေဖို့ ရည်ရွယ်ခဲ့တာပါပဲ။

 

 

ဒါ့ကြောင့်လည်း ကြီးပွားရေးမဂ္ဂဇင်းက အဲဒီခေတ် အဲဒီအချိန် အခြားမဂ္ဂဇင်းစာစောင်များမှာ ပါလေ့ရှိတဲ့ မိန်းကလေးလှလှနဲ့မျက်နှာဖုံးမျိုးမဟုတ်ဘဲ ကျိုးနေတဲ့ထီး ပေါက်နေတဲ့ စည်ရှေ့မှာ မားမားရပ်နေတဲ့လူငယ်ပုံမျိုး၊ ကြွက်သားအပြိုင်းပြိုင်းနဲ့ ပုဆိန်ကို တအားလွှဲပေါက်နေတဲ့လူငယ်ပုံမျိုး၊ စူးဆောင်ကိုင်ပြီး တစ်စုံတစ်ခု ဖန်တီးနေတဲ့လူငယ်ပုံမျိုး၊ မြန်မာပြည်မြေပုံပေါ်ကအပင်ကို ရေလောင်းနေကြတဲ့ ယောက်ျားပျို၊ မိန်းမပျိုပုံမျုးတွေပဲဖြစ်သတဲ့…။

 

 

ကြီးပွားရေးမဂ္ဂဇင်း

မဂ္ဂဇင်းအတွင်းမှာလည်း လူငယ်တွေ စုပေါင်း လမ်းလျှောက်လေ့ကျင့်ကြတဲ့ ဓာတ်ပုံသတင်းလို၊ ကာလကတ္တားမှာကျင်းပတဲ့ ကိုယ်ကာယအလှပြိုင်ပွဲမှာ ဇော်ဝိတ်ကြီးဗိုလ်စွဲသွားတဲ့သတင်းမျိုး၊ ပညာချွန်တဲ့ ကျောင်းသားတွေ အထ္တုပ္ပတ္တိအကျဉ်း၊မဟာဝိဇ္ဇာဘွဲ့ရ မောင်သိန်းဟန် အင်္ဂလန်သွားပြီး စာကြည့်တိုက်ပညာသင်ယူတဲ့အကြောင်း၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရ မောင်အစန်း၊အင်္ဂလန်မှာအိုင်စီအက်စ်အုပ်ချုပ်ရေး ပညာသွားရောက်သင်ယူတဲ့အကြောင်း၊ နေသူရိန်ရဲ့ “မကြောက်တရား”ဆောင်းပါးများ။ ဦးတင့်ဆွေ(ဘီအေ-ဘီအမ်)က မန္တလေးမှာ လူမျိုးခြားတွေ စီးပွားရေး လက်ဝါးကြီး အုပ်ထားတဲ့အကြောင်း၊ ဝါးခယ်မ ဦးဘထွား(ရှေ့နေ)က ဒိစတြိတ်ကောင်စီလူကြီးတွေ လာဘ်စားတဲ့အကြောင်း၊ ကလေးစာပေအကြောင်း၊ မှော်ဘီဆရာသိန်းကြီးရဲ့ရှေးဟောင်းနှောင်းဖြစ် စာတမ်း… စတဲ့… စတဲ့… လူငယ်တွေ တိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်းဆောင်းပါးတွေ၊ ပြဇာတ်တွေ၊ စာတမ်းတွေ ထည့်သွင်းထား ပါသတဲ့။ အသက် ၂၃ နှစ်အရွယ်မှာပဲ ကြီးပွားရေးမဂ္ဂဇင်းကို လူငယ်များကြီးပွားရေးအသင်းခွင့်ပြုချက်နဲ့ အယ်ဒီတာတာဝန်ယူကာ ကြီးပွားရေကိုလှက ထုတ်ဝေသလို တစ်ဖက်ကလည်း သူ့ရဲ့ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်တဲ့  “ဆိုဗီယက်ရုရှား”နဲ့ “ထိပ်ဆုံးသို့”ဆိုတဲ့ စာအုပ် ၂ အုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့ပါတယ်။ကြီးပွားရေး စာအုပ်တိုက် အနေနဲ့ ပထမဆုံးထုတ်ဝေတဲ့စာအုပ်ကတော့ ကာတွန်းဦးဘဂျမ်းရဲ့ “ကိုပြူးနဲ့ မပြုံး”ရုပ်ပြကာတွန်းဖြစ်ပါတယ်။ မဂ္ဂဇင်းရော စာအုပ်တိုက်ရော ပြိုင်တူလုပ်ကိုင်နေရာက ၁၉၃၉ ခုနှစ် နိုဝင်ဘာလမှာ မန္တလေးသူ၊ သပိတ်မှောက်ကျောင်းသူ မအမာနဲ့ အကြောင်းပါပြီး မဂ္ဂဇင်းရော စာအုပ်တိုက်ပါ မန္တလေးရွှေ့ပြီး မန္တလေးအခြေစိုက် ထုတ်ဝေပြန်ပါတယ်။

 

 

မန္တလေးရောက်ပြီးမကြာခင်မှာပဲ ဒုတိယကမ္ဘာစစ်ဖြစ်လို့ တစ်မိသားစုလုံး မန္တလေးခွာပြီး မတ္တရာဘက် စစ်ပြေးကြသတဲ့။ မတ္တရာနယ် ကပိုင်ရွာမှာ စစ်ခိုတုန်း ကြီးပွားရေးစာအုပ်တိုက်အနေနဲ့ “လူထုဂျာနယ်”ကို စတင်ထုတ်ဝေနေပါပြီ။ ၁၉၄၅ခုနှစ် ဇူလိုင်လကစပြီး ထုတ်ဝေတာပါ။ ၁၅ ရက် တစ်ကြိမ်ထုတ်ဂျာနယ်ဟာ စစ်ကြီးအတွင်းမို့ စက္ကူဖြူမရှိလို့ မီးခြစ်ပုံခွံပြားများနဲ့ ထုတ်ဝေကြရတယ်။ စစ်ပြေးနေရင်းပဲ “လူထုဂျာနယ်”အပြင်၊ သားဦး ယောက်ျားလေး အတွက် “ဆုထူးပန်ယောက်ျား”ဆိုတဲ့စာအုပ်အပါအဝင် စာအုပ် ၂ အုပ်လည်း ထုတ်ဝေခဲ့သတဲ့။ ၁၉၄၆ ခုနှစ်ဧပြီ ၁၉ ရက်နေ့မှာတော့ လူထုသတင်းစာကို စတင်ထုတ်ဝေပါတယ်။ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ်များအဖြစ် ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ ဖြစ်တယ်။

 

ရွှေဥဒေါင်း၊ သခင်ကိုယ်တော်မှိုင်း၊ လူထုဦးလှ ( ပီကင်းငြိမ်းချမ်းရေး ညီလာခံ)

 

လူထုသတင်းစာက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာပေဂုဏ်ဒြပ်တွေ ဖြစ်တဲ့ အလုပ်သမား၊ လယ်သမားအရေး၊အမျိုးသားရေး၊ စာပေယဉ်ကျေးမှုနဲ့ ငြိမ်းချမ်းရေးတွေကို ဆက်လက် သယ်ဆောင်ခဲ့တယ်။ မြန်မာ့သတင်းစာသမိုင်းမှာ “သိက္ခာရှိသောသတင်းစာ”အဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့တယ်။ ဒါကြောင့်လည်း အဆက်ဆက်အစိုးရများရဲ့ မျက်စိစပါးမွှေးစူးခံရကာ ဖိနှိပ်မှုတွေလည်း ဆက်တိုက်ခံခဲ့ရတယ်။ ၁၉၄၉ ခုနှစ်မှာ အစိုးရက သတင်းစာတိုက်ကို မိုင်းခွဲဖျက်ဆီးခဲ့တယ်။ ဆရာကြီးရွှေဥဒေါင်း၊လူတုဦးလှတို့လည်း အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခဲ့တယ်။ လူထုအယ်ဒီတာတွေ လူထုနဲ့ပက်သတ်သူတွေကိုလည်းမျက်မုန်းကျိုးကာ အပြစ်မရှိ အပြစ်ရှာဖမ်းဆီးခဲ့တယ်။ သတင်းစာကိုလည်း ၁၉၆၇ ခု ဇူလိုင်လ ၇ ရက်နေ့မှာ ဆက်လက်ထုတ်ဝေနိုင်ခြင်းမရှိအောင် လုပ်ငန်းလိုင်စင်ချထားမှု ရပ်ဆိုင်းခဲ့တယ်။

 

သတင်းစာမရှိတော့တဲ့ နောက်မှာပင် ရန်ညှိုးရန်စမပြေသေးလို့ လူထုဒေါ်အမာကို ဖမ်းဆီးထောင်ချကာ သားဖြစ်တဲ့ ညီပုလေးကို ဖမ်းဆီး ထောင်ချတာတွေ ရှိခဲ့တယ်။

 

 

လူထုကြီးပွားရေးစာအုပ်တိုက်ဟာ မင်းဒဏ်လည်း အကြိမ်ကြိမ်သင့်ခဲ့သလို သဘာဝဘေးဒဏ်အဖြစ် ၁၉၈၄ ခုနှစ် မတ်လ ဦးကျားကြီးဝင်း မီးဘေးမှာ ပုံနှိပ်တိုက်အလုပ်ရုံနဲ့ ဂိုဒေါင်တွေဘာမှ ပြန်မရလောက်အောင် မီးဘေးသင့်ခဲ့ပါတယ်။ စက်တစ်လုံးမှမရှိတော့တဲ့ အခြေအနေ၊ သားဖြစ်သူ ထောင်တန်းကျနေတဲ့ အခြေအနေကနေ မိခင်မုဆိုးမကြီးနဲ့ အိမ်မှာကျန်ရစ်တဲ့ သမီးများကဦးစီးပြီး လုပ်ငန်းပြန်လည် လည်ပတ်ကြရတယ်။ ဖခင်ကြီးလက်ထက်ကတည်းက ကိုင်စွဲခဲ့တဲ့မူအတိုင်း လူထုကြီးပွားရေးစာအုပ်တိုက်ကနေ စာအုပ်တွေဆက်တိုက် အစဉ်မပြတ်ထုတ်ဝေခဲ့တယ်။

 

 

ပြည်သူလူထုအတွက်၊ စာပေယဉ်ကျေးမှုအတွက်၊ အမျိုးသားရေးအတွက်၊ တစ်လျှောက်လုံး ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ကြီးရပ်ဆိုင်းပြီး ငြိမ်းချမ်းမှုအတွက်ရှေ့ရှု့တဲ့စာအုပ်တွေကိုပဲ အချိန်ယူ ထုတ်ဝေခဲ့တယ်။ လူကိုခင်ပြီး စာအုပ် ထုတ်ေ၀ ပေးတာမျိုးမဟုတ်၊ မူအရလက်ခံလောက်မှ ထုတ်ဝေပေးတဲ့ စာအုပ်တွေဖြစ်တယ်။ “လူထုကြီးပွားရေး” စာအုပ်တိုက်ရဲ့ သဘောသဘာဝကိုနားမလည်သူများက သတို့စာအုပ်တွေ ကျသင့်သလောက် ပိုက်ဆံပေးပြီး “လူထုကြီးပွားရေး” စာအုပ်တိုက် တံဆိပ်နဲ့ ထုတ်ချင်ကြတာမျိုးရှိတယ်။ ဒါပေမယ့် လုပ်ငန်းသဘောအရ ပုံနှိပ်ထုတ်လုပ် ဖြန့်ချီပေးပေမယ့် “လူထုကြီးပွားရေး စာအုပ်တိုက်”တံဆိပ်ရိုက်နှိပ်မပေးခဲ့ပါဘူး။

 

 

လူထုသတင်းစာတိုက်

လူထုကြီးပွားရေး စာအုပ်တိုက်ရဲ့ ဒီကနေ့အထိ ၈၅ နှစ်သက်တမ်း အတွင်း တကယ်အကျိုးရှိတဲ့ စာအုပ်တွေကိုပဲသတ်သတ်မှတ်မှတ် စီစီစစ်စစ် ရွေးချယ်ထုတ်ဝေခဲ့ပါတယ်။ စာအုပ်စင်မှာ ထာဝရထားရှိရမယ့် စာအုပ်တွေပဲပေါ့။

၂၀၁၃ခုနှစ် ဇူလိုင်လမှာတော့ “လူထုကြီးပွားရေး”စာအုပ်တိုက် ၇၅ နှစ် အထိမ်းအမှတ်အဖြစ် “စာအုပ်ပြပွဲ”ကို အဲ့ဒီနှစ်သြဂုတ်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပခဲ့ပါတယ်။ နေရာကတော့ လူထုကြီးပွားရေးစာအုပ်တိုက်ရဲ့ လက်ရှိ ပင်မနေရာဖြစ်တဲ့ မန္တလေးလက်ဆည်ကန်ရပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း(၈၄ လမ်း)နဲ့ ၃၃ လမ်းထောင့် “လူထုတိုက်”မှာပါ။ မနက် ၉ နာရီက ညနေ ၆ နာရီအထိ လူထုကြီးပွားရေးတိုက်က ထုတ်ဝေခဲ့တဲ့ လူထုဂျာနယ်၊ လူထုသတင်းစာများအပါအဝင် စာအုပ်စာတမ်းတွေ၊ စာအုပ်မျက်နှာဖုံး မူရင်းပန်းချီတွေ၊ စာအုပ်တိုက်နဲ့ ပက်သတ်တဲ့ မှတ်တမ်းဓာတ်ပုံတွေ ပြသခဲ့ပါတယ်။

 

မန္တလေးမှာ အခုအချိန်အထိ ဥမကွဲ သိုက်မပျက် ဆက်လက် တည်တံ့ တိုးတက်နေဆဲ အသင်းကြီးတွေ လုပ်ငန်းကြီးတွေရှိတယ်။ မလွန်ဈေး ဆန်လှူအသင်းကြီး(သက်တမ်း ၁၂၇ နှစ်)၊ ပရိယတ္တိသာသနဟိတအသင်းကြီး (သက်တမ်း ၁၂၅ နှစ်)၊ ဗုဒ္ဓဘောဇနိယ ဥဿဟအသင်း(နှစ် ၁၀၀)၊ မြို့မ တူရိယာအသင်း(၉၈နှစ်)၊ ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း(၉၃နှစ်) အပါအဝင် အခြား သက်တော်ရှည် အသင်းကြီးတွေ လုပ်ငန်းကြီးတွေ ရှိပါသေးတယ်။

 

 

အခု လူထုကြီးပွားရေးစာအုပ်တိုက် ၈၅ နှစ်ပြည့်ပါပြီ။ နောင်နှစ်ပေါင်း များစွာ သားစဉ်မြေးဆက်တိုင်… နိုင်ငံနှင့်လူမျိုး အကျိုးဆောင်ရွက်ဦးမှာ သေချာပါတယ်။

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW