တို့ဗမာအစည်းအရုံးဝင် နောက်ဆုံးလက်ကျန် သခင်ဖေသန့် (သထုံ) ကွယ်လွန်

 

နိုဝင်ဘာ ၂၄ – ၂၀၂၃

SN (VOM)

လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲအတွင်းမှ တို့ဗမာအစည်းအရုံးဝင် နောက်ဆုံး လက်ကျန်ပုဂ္ဂိုလ်ဖြစ်သူ သခင်ဖေသန့် (သထုံ) ဟာ မနေ့ နိုဝင်ဘာ ၂၃ ရက်၊ မနက် ၆ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ဆရာကြီးရဲ့မိသားစုက လူမှုကွန်ရက်ကတဆင့် အသိပေး ပြောကြားထားပါတယ်။

သခင်ဖေသန့်ဟာ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ရရှိထားသူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၁၀၁ နှစ် ရှိပြီဖြစ်ဖြစ်ပါတယ်။

“တို့ဗမာသခင်ထဲက ရှားရှားပါးပါးကျန်တဲ့သူမို့ နှမြောလည်း နှမြောသလို စိတ်မကောင်းလည်း ဖြစ်မိတယ်။ နယ်ချဲ့ကိုလည်း ခံချခဲ့သလို၊ ဖက်ဆစ်ကိုလည်း တော်လှန်ခဲ့တဲ့သူ၊ ဆန့်ကျင်ခဲ့တဲ့သူတယောက် ကောင်းရာသုဂတိရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ ဝါရင့်နိုင်ငံရေးသမားတယောက်က ပြောပါတယ်။

သခင်ဖေသန့်ဟာ စစ်ကြိုခေတ် ၁၉၃၈ ခုနှစ်၊ ကျောင်းသားသပိတ်မှာ သပိတ်မှောက်ကျောင်းသားတယောက်အဖြစ်လည်းကောင်း၊ ၁၉၄၂ ခုနှစ်မှာ သထုံခရိုင် တို့ဗမာအစည်းအရုံးအဖွဲ့ဝင်တဦးအဖြစ်လည်းကောင်း၊ ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေးအဖွဲ့ဝင် တော်လှန်ရေးတပ်သားတယောက်အဖြစ်လည်းကောင်း၊ စစ်အတွင်း အာရှလူငယ် အဖွဲ့ဝင်တယောက်အဖြစ်လည်းကောင်း၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ ပြောက်ကျားခေါင်းဆောင် တယောက်အဖြစ်လည်းကောင်း တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ပြီးခေတ်မှာလည်း သထုံခရိုင်၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်၊ ဆိုရှယ်လစ်ပါတီနဲ့ ဖဆပလခရိုင်ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သူဖြစ်သလို အငြိမ်းစား ကျောင်းဆရာတဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

သခင်ဖေသန့်ရဲ့ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်၊ နေ့လယ် ၂ နာရီမှာ ရေဝေးသုသာန်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW