မန္တလေး – ပြင်ဦးလွင်လမ်းမှာ ကားနှစ်စီးတိုက်မိလို့ လေးယောက်သေဆုံး၊ ငါးယောက်ဒဏ်ရာရ

 

နိုဝင်ဘာ ၂၄ – ၂၀၂၃

SN (VOM)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လာရှိုးလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၈/၄) မိုင်၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်းမှာ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်၊ မနက် ၈ နာရီဝန်းကျင်အချိန်က ကားနှစ်စီးတိုက်မိလို့ လေးယောက်သေဆုံးပြီး ငါးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ သိရပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်မှာ Light Truck ယာဉ် တစီးဟာ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း ညာဘက်ခြမ်းမှာရပ်ထားတဲ့ Saloon KIA Cerato (အနီရောင်) ယာဉ်ကို နောက်ကနေ ဝင်ရောက် တိုက်မိခဲ့တာဖြစ်ပြီး (၁၀) ပေခန့်အနက်ရှိတဲ့ မြောင်းထဲကို ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“Light Truck က အဆင်းကိုမှ အရှိန်မထိန်းနိုင်ဘဲ Saloon ကားကို ဝင်တိုက်မိပြီး ဘေးကချောက်ထဲကျသွားတာပေါ့။ သေဆုံးတာတော့ Light Truck ပေါ်က အမျိုးသား သုံးယောက်ပါ။ အဲ့ဒီ့ Light Truck ပေါ်ကပဲ အမျိုးသမီးတဦးကဆေးရုံရောက်မှ သေဆုံးသွားတယ်။ နောက်ထပ် ဒဏ်ရာရသူတွေက‌တော့ မစိုးရိမ်ရဒဏ်ရာပေါ့။ သူတို့ဝင်တိုက်လိုက်တဲ့ ကားပေါ်က အမျိုးသမီး နှစ်ဦးကလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်” လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရှာဖွေကယ်ဆယ်ရေးယာဉ်နဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ထွက်ခွာကာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကူညီမှု ပြုလုပ်ခဲ့ပြီး လက်ရှိမှာ သေဆုံးသူတွေကို ပြင်ဦးလွင်ဆေးရုံကို ပို့ဆောင်ထားကာ ဒဏ်ရာ ရရှိသူတွေကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Photo-Myanmar Rescue Mandalay

 

Related posts

Leave a Comment

VOM News

FREE
VIEW