CNG ဆိုင်တွေမှာ မိုဘိုင်းအက်ပလီကေးရှင်း တုံကင်စနစ် ကျင့်သုံးမယ်

 

နိုဝင်ဘာ ၂၅ – ၂၀၂၃

SN (VOM)

CNG သဘာဝဓာတ်ငွေ့သုံး အရောင်းဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရတာတွေကို လျှော့ချနိုင်ဖို့အတွက် မိုဘိုင်းအက်ပလီကေးရှင်း တုံကင်စနစ်ကို ကျင့်သုံး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနက သိရပါတယ်။

ဒီအက်ပလီကေးရှင်းမှာ CNG အရောင်းဆိုင်တွေရဲ့ ကြေညာချက်တွေ၊ နောက်ဆုံးရသတင်းတွေနဲ့ ခန့်မှန်းစောင့်ဆိုင်းရမယ့် ကြာချိန်တွေကို သိရှိရမှာဖြစ်ပြီး လက်ရှိမှာ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီတခုနဲ့ ညှိနှိုင်းနေပြီး ကနဦးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ YBS ယာဉ်မောင်းတယောက်က “ဂက်စ်မကောင်းလို့ ကားတန်းရှည်တာ။ ဂက်စ်ကောင်းတဲ့အချိန်ဆို ဘယ်အချိန်မှ အကြာကြီးတန်းမစီရဘူး။ ဂက်စ်ကောင်းနေရင် ဘာအက်ပလီကေးရှင်းမှ လုပ်နေစရာမလိုဘူး။ ဂက်စ် အရည်အသွေးကောင်း၊ မီးမှန်၊ တွဲဆိုင်တွေ ခုထက်ပိုပေးနိုင်ရင် အဆင်ပြေပြီးသားလို့” လို့ ပြောပါတယ်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနဘက်ကတော့ CNG အရောင်းဆိုင်တွေမှာ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိဖို့ကို သက်ဆိုင်ရာ၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီး လျှပ်စစ်မီးတွေ အလှည့်ကျစနစ်နဲ့ ရရှိနေတာကို ပုံမှန်ရရှိဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) အစီအစဉ်နဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတွေကနေ CNG အရောင်းဆိုင်တွေကို အဓိက ဓာတ်အားလိုင်းတွေ တိုက်ရိုက်သွယ်တန်းပြီး လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေတယ်လို့ အသိပေး ပြောကြားထားပါတယ်။

“ဘယ်ဆိုင်ချောင်တယ်၊ တန်းစီနေတာ ဘယ်နားအထိ ရောက်နေတယ်။ ဂက်စ်သား ကောင်း၊ မကောင်း၊ ပရက်ရှာ ပြည့်၊ မပြည့်၊ လေးပိုက်ရှိတာ နှစ်ပိုက်ပဲပေးတယ်၊ မီးစက်ပျက်နေတယ် စသဖြင့်ပေါ့။ ဆိုရှယ်မီဒီယာတခုခုကနေ သတင်းပေး ဝေမျှနေရင် ရနေပြီကို အခုက မရောင်ရာ ဆီလူး ဖြစ်နေတယ်” လို့ မြောက်ဒဂုံမြို့နယ်က CNG သုံး အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။

လက်ရှိ အသုံးပြုဖို့ စီစဉ်နေတဲ့ မိုဘိုင်းအက်ပလီကေးရှင်းစနစ်ဟာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတာကို လျှော့ချနိုင်မှာဖြစ်တဲ့အပြင် CNG အရောင်းဆိုင်တွေရဲ့ ကြေညာချက်တွေ၊ နောက်ဆုံးရသတင်းတွေ၊ ခန့်မှန်းစောင့်ဆိုင်းရမယ့် ကြာချိန်တွေကိုပါ သိရှိနိုင်မယ်လို့ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနက သိရပါတယ်။

Photo Crd – Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW