ကျွန်မတို့ငယ်ငယ်က နှင့် လွမ်းဖွယ့် မွေးနေ့ပွဲများ

 

ဆူးငှက်

 

 

 

၁၉၉၄ခုနှစ် လူထုကြီးပွားရေး စာအုပ်တိုက်ကို ရောက်တော့ ကျွန်တော် ပထမဆုံး ပရု(ပ်)ဖတ်ရသည့် စာအုပ်ကဒေါ်ဒေါ်၏ ကျွန်မတို့ ငယ်ငယ်က စာအုပ်ဖြစ်သည်။ သည်စာအုပ်က စန္ဒာမဂ္ဂဇင်း၊ သဘင်မဂ္ဂဇင်းနှင့် လုံမလေး မဂ္ဂဇင်းတို့တွင်ဒေါ်ဒေါ်ရေးခဲ့သော ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်၏။

 

 

“ကျွန်မတို့ ငယ်ငယ် က” စာအုပ်မှာ ဒေါ်ဒေါ်ရေးနေကျ စာပေအနုပညာ ယဉ်ကျေးမှု မဟုတ်ဘဲ ဒေါ်ဒေါ့် ငယ်ဘ၀ အစိပ်အပိုင်းဖြစ်လေတော့ စိတ်ဝင်စားစရာ ကောင်းလှသည်။ ငယ်ဘဝကို ရေးသားရင်း ကိုလိုနီခေတ် မန္တလေး၏ ပုံရိပ်တွေကို အထင်းသားမြင်လာရသည်။ အထူးသဖြင့် ဒေါ်ဒေါ်က သူ့မိခင်၏ မိဘများဇာတိ လက်တောင်းကြီးက အမျိုးတွေအကြောင်း ရေးရာတွင်သရုပ်ပီလွန်းလှသည်။ ဒေါ်ဒေါ့်အဘွား ဒေါ်ရုပ်ဆိုးနှင့် လက်တောင်းကြီးက အဘွား ညီအစ်မဝမ်းကွဲ ဒွေးခုံ၊ ဒွေးဆုံနှင့် ဒွေးလုံတို့အကြောင်း။ ဒေါ်ဒေါ်ပြောပြသော အဘွားညီအစ်မ ဝမ်းကွဲတွေ အကြောင်းက စိတ်ဝင်စားဖွယ် ကောင်းလှသည်။ တကယ့်အညာကျေးလက်က ဗမာမကြီးများ စရိုက် အပီအပြင်ဖြစ်ပါ၏။ ကျေးလက်သူ ကြီးများ ပီပီ အသက်အရွယ်အိုမင်းချိန်အထိကျန်းမာသန်စွမ်း သွက်လက် ချက်ချာပုံတွေက ကြည်နူး ပျော်ရွှင်စရာတွေချည်း ဖြစ်သည်။

 

 

မြို့က အလည်လာသော မြေးတွေကို ကျွေးဖို့ ပန်တော်ချင်း ထန်းလျက်ခဲကြီးကို ကျောက်ပြင်ပေါ် သနပ်ခါးတုံးနှင့် တဒုံးဒုံး ထုခွဲနေသော အဘွားဒွေးလုံ၊ မြို့က ဝမ်းကွဲညီအစ်မက ပေးလိုက်သော အင်္ကျီလေးကို မဝတ်ရက်ဘဲ ခေါက်သိမ်းကာ မြေသောက်ရေအိုး ဟောင်းကြီးထဲ မှောက်သိမ်းထားသော အဘွား ဒွေးခုံ၊ လင်းမြွေကြီး တစ်ကောင် အမြဲခိုနေသော ထင်းပုံကြီးအပေါ် ကျော်ခွနင်းကာ ဟိုဘက်ဝိုင်း ဒီဘက်ဝိုင်း ကူးလေ့ရှိသည့် သွက်လက်ချက်လှသော ခါးကုန်းကုန်းနှင့် အဘွား ဒွေးဆုံ။ ဒေါ်ဒေါ်၏ သူ့ဆွေမျိုးများအကြောင်း အရေးအသား တွေက သရုပ်ပေါ်လှသည်။

 

 

 

လူထုဒေါ်အမာ (၁၉၁၅-၂၀၀၈)

 

ကျွန်မတို့ ငယ်ငယ်က စာအုပ်မှာ ၁၉၉၄ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့ ဒေါ်ဒေါ့် ၇၉နှစ်မြောက် မွေးနေ့အမီ ထုတ်ဝေရမည့် စာအုပ်ဖြစ်သည်။ ထိုအချိန်က စာအုပ်တစ်အုပ်အတွက် စာမူကို စီစစ်ရေးတင်တာက အနည်းဆုံး ၆လကြာသည်။ အထူးသဖြင့် လူထုဒေါ်အမာ စာမူဆိုလျင် ပို၍ ကြံ့ကြာသည်။ ဆီလို အပေါက်ရှာ အပြစ်ရှာ စစ်သည်။ စာမူ ခွင့်ပြုချက် ကျပါမှ မျက်နှာဖုံး ခွင့်ပြုချက်တင်ရ၏။ သည်တော့ နိုဝင်ဘာမီဖို့ အတော် လုံးပမ်းရသည်။ ဒါတောင် လူထုတိုက် စာမူများနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ ဆရာလူထုဦးစိန်ဝင်းက စီစစ်ရေးကိစ္စ လျင်မြန်ရေးကို ဒိုင်ခံကာ အားစိုက် ပေးနေသည်။ စာမူကလည်း အဖြတ်အတောက် မပါမဖြစ်ပါပြီး ခွင့်ပြုချက် ကျတော့ မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော်ပုံများ ထပ်တင်ရ၏။ အတွင်းပုံများကို ပန်းချီ ကိုချမ်းအေးကရေးဆွဲပေးသည်။ မျက်နှာဖုံးက ရှေးဟောင်း ရွှေချည်ထိုးကားပုံကို တင်သည်။ အတွင်းသရုပ်ဖော် ပုံအချို့နှင့် မျက်နှာဖုံးကို စီစစ်ရေးက ခွင့်မပြု။ ရှေးဟောင်း ရွှေချည်ထိုးကားက ဒေါင်းပုံဖြစ်နေလို့ ခွင့်မပြုတာတဲ့။ အတွင်းသရုပ်ဖော် အချို့ကလည်းတက္ကသိုလ်နှင့် ပတ်သက်သော ပုံရိပ်တွေ ပါလို့တဲ့။ အတွင်း သရုပ်ဖော်ပုံ ခွင့်မပြုတာတော့ ဖြုတ်ရုံပေါ့။ မျက်နှာဖုံးကတော့အသစ်ထပ်တင်ဖို့ အချိန်က အတော် ခက်ခဲသွားသည်။ သည်တော့ ရွှေချည်ထိုးဒေါင်းပုံအစား ရှေးဟောင်းထွက်တော်မူကြီး နံရံဆေးရေးပန်းချီထဲက အစိတ်အပိုင်း တစ်ခုကို အစားထိုးပြီး တင်လိုက်ရသည်။

 

 

ထိုစဉ် မျက်နှာဖုံး ကာလာခွဲကလည်း ကွန်ပြူတာကာလာ ခွဲဆိုပါက ရန်ကုန်မှတဆင့် နိုင်ငံခြား ပို့ရသည်။ စရိတ်နှင့်အချိန်က အတော်စားသည်။ ပြန်လည် ထူထောင်ခါစ လူထုတိုက်အဖို့ အသားကျ အဆင်ပြေနေသော ယခင်ဖြန့်ချိရေးပုံစံ ဗွီပီပီစံနစ်က စတင်အဆင်မပြေစဉ်ကာလမို့ ဖြန့်ချီရေးက ကမောက်ကမ။ သည်လိုအချိန်မှာ တိုက်ထုတ်စာအုပ်များအတွက် စရိတ်စကကို အစစ စိစစ်နေရသည်။ သည်လိုအခြေအနေတွင် စာအုပ်များကို စီစဉ်ထုတ်ဝေခဲ့ရခြင်းဖြစ်သည်။ ကျွန်မတို့ငယ်ငယ်တုန်းကစာအုပ်မှာ မွေးနေ့အမီ ထုတ်ဝေရသည်မို့ နိုဝင်ဘာ ၂၇ရက်နှင့် ၂၈ရက်နေ့များတွင် ညလုံးပေါက် မိုးအလင်းရိုက်ရသည်။ နိုဝင်ဘာ၂၇ရက်နေ့တွင် စာဖောင်ဖလင်တွေ ရသည်နှင့် ကျွန်တော်က ချက်ချင်းဖလက်တွဲ စက်ကချက်ချင်း ပလိတ်ကူး၊ ချက်ချင်းရိုက်တာမို့ ကျွန်တော်လည်း မိုးလင်းသည်။

 

 

ထို နံနက်အရုဏ်တက် ၄နာရီခွဲလျှင် ဒေါ်ဒေါ်က လမ်းလျှောက်ထွက်တာမို့ ၂၈ရက်နေ့ နံနက်စောတွင် တိုက်အောက် အလုပ်ခန်း၌ ကျွန်တော့်ကို တွေ့တော့ “ သြော် မင်းက အိမ်မပြန်လိုက်ရဘဲ ဒီမှာ လင်းသွားတာလား၊ မင်းအိမ်ကိုရော ပြောခဲ့ရဲ့လားကွယ့်၊ အိမ်က စိတ်ပူ နေပါ့မယ်ကွယ်၊ မင်း ဇနီးရော သေချာ ပြောခဲ့ရဲ့လား” စသည်ဖြင့် မေးသည်။ ကျွန်တော်က အိမ်ကို ပြောခဲ့ပါကြောင်း၊ အိမ်ပြန်ကာ ပြောပြီးမှ လာပါကြောင်း၊ ဒေါ်ဒေါ် စိတ်မပူဖို့ ပြောပါသည်။ ထို့နောက် ဒေါ်ဒေါ်က စက်က ရိုက်ပြီး စာဖောင်တွေ ယူကြည့်သည်။ ခဏနေတော့ ဒေါ်ဒေါ်က သူ့ စာရေးစာပွဲရှိရာ အခန်းထဲ ဝင်သွားပြီး ကျွန်တော့်ကို လှမ်းခေါ်သည်။ “ အခုမှ ၄နာရီခွဲပဲ ရှိသေးတာကွယ့်၊ မလင်းသေးဘူး။ မင်း အိပ်ချိန်ရှိသေးတယ်၊ ဒီမှာ အိပ်ဦး၊ ၂နာရီလောက် အိပ်လို့ရသေးတယ်” ဟု ဆိုကာ စာပွဲဘေးက ခုတင်လေးကိုပြသည်။

 

 

 

တကယ်တော့ ထိုခုတင်လေးက နေ့လယ်နေ့ခင်း ဒေါ်ဒေါ် တစ်ရေးတမော အိပ်သည့် အိပ်ရာဖြစ်သည်။ ဖြူဖွေးသန့်စင်သောခေါင်းအုံးပေါ်တွင် ပခုက္ကူချည်ထည် စောင်လေးတွေ သပ်ရပ်စွာ ခေါက်တင်ထားသည်။ ကမ္ဘာကျော် နိုင်ငံကျော် သတင်းစာဆရာစာရေးဆရာမကြီး နေ့လယ်နေ့ခင်း အနားယူသော နေရာမှာ ဘယ့်နှယ်လုပ် ကျွန်တော် အိပ်ဝံ့ပါ့မလဲ။ ကျွန်တော် မဝံ့မရဲဖြစ်နေသည်။ “အိပ်ဦး၊ အိပ်ဦး၊ စောသေးတယ်၊ မပြန်နဲ့ဦး..” ဟု တိုက်တွန်းနေတော့ ဒေါ်ဒေါ်ကျေနပ်အောင် ဝင်အိပ်လိုက်ရသည်။ဒေါ်ဒေါ်ထွက်သွားပြီး လမ်းလျောက်ထွက်ရန် သံတံခါးပိတ်သံကြားမှ ကျွန်တော် ခုတင်လေးပေါ်က အသာဆင်းပြီး စက်ဆရာမောင်သောင်းတို့နှင့် ၂၈လမ်း သံဖြူတန်းထိပ်က အလင်းဆိုင်သို့ ချီတက်ကြလေကုန်၏။

 

 

 

နိုဝင်ဘာလ ၂၈ရက်ညတွင်လည်း ကျန်စာဖောင်များနှင့် မျက်နှာဖုံးကို ချက်ချင်းရိုက်ကာ ၂၉ရက်နေ့ မနက် အရုဏ်တက်ဒေါ်ဒေါ်လမ်းလျောက်ဆင်းမလာမီ တောင်လေးလုံးမွေးနေ့ပွဲမှာဝေဖို့ ကျွန်မတို့ငယ်ငယ်က စာအုပ် အုပ်ရေ ၁၀၀ခန့် ဖော်ပြီးပြီ။ဖြတ်စက်ပေါ်က ချပြီး စာအုပ်တွေက ကော်နံ့ပင် မပျောက်သေး။ ဒေါ်ဒေါ်ဆင်းလာလျှင် ချက်ချင်းတွေ့နိုင်အောင် ဧည့်ခန်းအထွက်က ဆက်တီ စာပွဲပုလေးပေါ် တင်ထားပေးသည်။ ဒေါ်ဒေါ် အပေါ်ထပ်က ဆင်းလာပြီး အလုပ်ခန်း ဖြတ်တာနှင့် စာအုပ်တွေကို တွေ့တော့ “စာအုပ်လေးက လှသားပဲကွယ့်၊ ဒီနေ့လည်း မင်းတို့ အလင်းရိုက်ကြရတာပေါ့” ဟုပြောကာ စာအုပ်လေးကိုယူပြီး သေချာကြည့်သည်။ စာပွဲရှေ့က ဆက်တီခုံပေါ် ထိုင်ပြီး စာအုပ်လေးကို လှန်လှော ဖတ်နေ၏။

 

 

 

 

 

ထို့နောက် စာအုပ်လေးကို ချပြီး တွေဝေငေးရီကာ သက်ပြင်း မြှင်းမြှင်းချပြီး “ ကိုလှရှိရင် ဒို့ကို ဒီအလုပ်တွေ လုပ်ရမှာမဟုတ်ဘူး၊ အခု ဒို့လုပ်နေတာ ကြည့်ပြီး အပြစ်တင်မှာ၊ သူက မွေးနေ့တွေ ဘာတွေ မော်မော်ကြွားကြွားလုပ်တာ မကြိုက်ဘူး၊ ပြီးတော့ကိုလှက ဥပဒေအတိုင်း မချိုးမဖောက် ဘောင်ထဲက လုပ်ချင် ကိုင်ချင်တဲ့သူ၊ု အခုလို စီစစ်ရေးက ဖြန့်မိန့် မကျသေးဘဲ စာအုပ်တွေဝေရင် ကန့်ကွက်မှာ၊ ဒို့ကို အမာ.. မင်းဘာတွေ လျောက်လုပ်နေတာလဲလို့ အပြစ်တင်မှာ၊ တကယ်တမ်း ဒို့တိုက် အခုချိန်ထိတည်မြဲနေတာ ကိုလှရှိစဉ် တလျောက်လုံး သူက စည်းကမ်း ဥပဒေအတိုင်း တိတိကျကျ လိုက်နာပြီး အလုပ်လုပ်ခဲ့လို့။ ဒို့ကတော့ သူ့လိုမဟုတ်ဘူး၊ လုပ်ချင်တာဆို ရှေ့နောက် သိပ်ကြည့်တာမဟုတ်ဘူး၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ချင်တာလုပ်လိုက်ရမှ” ဟု လွမ်းလွမ်းဆွတ်ဆွတ် ပြောသည်။

 

တကယ်တော့ ဒေါ်ဒေါ်ကလည်း မွေးနေ့တွေ ဘာတွေ သူ့အတွက် လုပ်တာ သဘောမကျလှ။ လက်ဆောင်တွေ ဘာတွေပေး၊ လာကြပြုကြ ဒုက္ခများမှာ မလိုလား၊ ဧည့်ဝတ်မကျေမှာလည်း မျက်နှာပူသည်။ သို့သော် ထိုစဉ်ကာလ အကွပ်အညှပ်အကျပ်အတည်းတွေကြား ဒေါ်ဒေါ့်မွေးနေ့ကို အကြောင်းပြု၍ အထက်အောက် စာပေသမားတွေ ဆုံကြ တွေ့ကြရသော အခွင့်အရေးမို့ ဒေါ်ဒေါ်က လိုက်လျောပုံရသည်။ စုံထောက်၊ သတင်းပေး၊ ထောက်လှမ်းရေးနှင့် ချိန်းခြောက်မှု ပေါင်းစုံကြားက ကျင်းပကြရသော မွေးနေ့ပွဲများ၊ မတရားသော အဓမ္မများကို ခေါင်းငုံ့မခံဘဲ အံကြိတ် ဆန့်ကျင်ပြခဲ့သော မွေးနေ့ပွဲများ၊ ရန်-ငါ စည်းပြတ်ဘယ်သူဘာလဲ မှတ်ကျောက်တင်ခဲ့သော မွေးနေ့ပွဲများ။ လွမ်းစရာ။

ဆူးငှက်

 

#voiceofmyanmar #VOM #လူထုဒေါ်အမာ #ဆူးငှက် #ကျမတို့ငယ်ငယ်က

Related posts

Leave a Comment

VOM News

FREE
VIEW