ဂန့်ဂေါမြို့နယ်ထဲက ရဲစခန်းတွေကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထား

 

နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃

SP ( VOM)

မကွေးတိုင်း ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ်ထဲက ရဲစခန်းတချို့ စွန့်လွတ်လိုက်တာကြောင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ၊ ဂန့်ဂေါ ကလေးကားလမ်းပေါ်မှာရှိတဲ့ ကန်ရွာ ၊ ကန်နယ်မြေရဲစခန်းကို မနေ့ နိုဝင်ဘာ ၂၇ ရက်က ရဲတွေ စခန်းကို စွန့်လွတ်ထွက်သွားတယ် ၊ ဒီမနက် ကန်စခန်းထဲမှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ရှင်းလင်းရေးတွေလုပ်ပြီး စခန်း အဆောက်ဦးတွေ မီးရှို့ဖျက်ဆီးလိုက်တယ် ” လို့ ကန်ရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ကန်ရဲစခန်းမှာ လူအင်အား ၅၀ ဝန်းကျင်လောက်ရှိပြီး စခန်းကို စွန့်လွတ်ပြီး ဂန့်ဂေါမြို့ပေါ် ရဲစခန်းကို သွားရောက် ပေါင်းတာလား ၊ ဒါမှမဟုတ် တခြား နေရာတခုခုကို ထွက်သွားတာလားဆိုတာ ဒေသခံတွေက မသိရဘူးလို့ ပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဂန့်ဂေါခရိုင် လုံခြုံရေး အဖွဲ့ဆီ VOM က ဆက်သွယ်ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က ဂန့်ဂေါမြို့နယ် တောင်ပိုင်းမှာရှိတဲ့ မင်းရွာ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး အဲ့ဒီစခန်းမှာနေတဲ့ ပြည်သူစစ်တပ်ဖွဲ့ဝင်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ၁၇ ယောက်နီးပါး လူ ၊ လက်နက်တွေပါ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဂန့်ဂေါ မြောက်ပိုင်းမှာရှိတဲ့ တောင်ခင်ရန်း ရဲကင်းစခန်းမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က တစခန်းလုံး စွန့်လွတ်သွားတယ်လို့ သိရပါတယ်။

” ဂန့်ဂေါမြို့နယ်ထဲမှာ ကျောစခန်း၊ မင်းရွာစခန်း ၊ ကန်းစခန်း ၊ တောင်ခင်ရန်းစခန်းနဲ့ ဟံသာဝတီ စခန်းဆိုပြီး ရဲစခန်း ၅ ခုရှိတယ် ၊ အဲ့ဒီထဲက ကန်စခန်း ၊ မင်းရွာစခန်းနဲ့ တောင်ခင်ရန်းစခန်း မှာ တပ်ဖွဲ့တွေ စွန့်လွတ်သွားကြပြီ ၊ အဲ့ဒါကြောင့် တရားဥပဒေ စိုးမိုးရေး ၅၀ ရာခိုင်နူန်း ပျက်ပြားတယ်လို့ ပြောရမှာဖြစ်တယ် ၊ နောက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က ဂန့်ဂေါမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တယ် ၊ အဲ့ဒီလို ကြေညာခံရပြီးနောက် အခုလို ရဲစခန်းတွေ စွန့်လွတ်လိုက်ရတာဖြစ်တယ် ” လို့ ဂန့်ဂေါမြို့ခံ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဂန့်ဂေါနဲ့ ကလေးမြို့ကြားမှာရှိတဲ့ ရန်ကြီးအောင် တပ်စခန်း ၊ ကလေးနဲ့ တမူးမြို့ကြားမှာရှိတဲ့ ခါမ်းပါတ်မြို့နယ်ခွဲ စတဲ့နေရာတွေမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်နေဆဲဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW