ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်

 

 

နိုဝင်ဘာ ၂၇ – ၂၀၂၃

SN (VOM)

လက်ရှိ နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းရွှေဈေး၊ ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေဟာလည်း အတက်အကျမငြိမ် ဖြစ်နေခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ တပတ်တာကာလအတွင်း ပြည်တွင်းရွှေဈေးဟာ ၃၆ သိန်းကျော်ဝန်းကျင်နဲ့ အမြင့်ဈေးမှာ အတက်အကျ အနည်းငယ်ဖြစ်ပေါ်နေပြီး အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကတော့ ၃၅၀၀ အောက်ကို ပြန်လည် ရောက်ရှိနေပါတယ်။ ကားတန်းရှည်တွေနဲ့ အချိန်ပေး စောင့်ဆိုင်းပြီး တန်းစီဝယ်ယူနေရတဲ့ စက်သုံးဆီဈေးတွေကတော့ အနည်းငယ် ပြန်လည်မြင့်တက်လာပါတယ်။

နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘဏ်တွေမှာ ငွေထုတ်မရတဲ့ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ခြင်း၊ ဘဏ်ခွဲတချို့ ပိတ်သိမ်းခြင်းနဲ့ စက်သုံးဆီ ဝယ်ယူလို့မရခြင်း စတဲ့ အခက်အခဲတွေကြောင့် လုပ်ငန်းရှင်တချို့ ရွှေဝယ်ယူစုဆောင်းလာကြတဲ့အတွက် ပြည်တွင်း ရွှေဈေးနှုန်းဟာ အခု နိုဝင်ဘာလ တတိယပတ်က ကျပ် ၃၈ သိန်း ဝန်းကျင်အထိ မြင့်တက်သွားခဲ့ပြီး လက်ရှိမှာတော့ ကျပ် ၃၆ သိန်းကျော် ဝန်းကျင်‌ဈေးကို ရောက်ရှိနေပါတယ်။

ဒါ့ကြောင့် လာမယ့်တပတ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးကွက်အနေအထားတွေကို ချိန်ဆနိုင်ဖို့အတွက် အခုတပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက် အခြေအနေနဲ့ သုံးသပ်ချက်တွေကို VOM ကနေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

#ရွှေဈေးနှုန်း

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ၂၀၀၀ ဒေါ်လာစွန်းစွန်း ရောက်ရှိနေပေမယ့် ပြည်တွင်းရွှေဈေးကတော့ ပြန်လည် ကျဆင်းနေပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်း တကျပ်သားကို ၃၈ သိန်းကျော်အထိ မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ လက်ရှိမှာ ကျပ် နှစ်သိန်းခန့် ကျဆင်းလာနေပြီး အခုအပတ်ထဲ တကျပ်သား သုံးဆယ့်ခြောက်သိန်း ခြောက်သောင်းဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ ပြီးခဲ့တဲ့တပတ်က တအောင်စကို အမေရိကန်ဒေါ်လာ ၁၉၆၀ ကျော်အထိ ကျဆင်းခဲ့‌ပေမယ့် ဒီတပတ်ထဲမှာတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၂၀၁၀ အထိ မြင့်တက်လျက်ရှိပါတယ်။

“လက်ရှိ ရွှေဈေးကွက်ကတော့ အခြေအနေ စောင့်ကြည့်နေကြတဲ့ သဘောပေါ့။ တိုးဝှေ့ဝယ်တာမျိုးတွေလည်း မရှိတော့ဘူး။ ဈေးက ထပ်ကျလာဦးမလားဆိုပြီး အားလုံးက စောင့်ကြည့်နေကြတဲ့သဘောပေါ့။ အခုက ဘဏ်တွေကို အယုံအကြည်နည်းပြီး ငွေထုတ်ကြတဲ့သူတွေကလည်း ငွေထုတ်ပြီး ရွှေဝယ်ကြတာများတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ ဈေးက ဘာမှန်းမသိသေးဘူး၊ အတက်၊အကျကလည်း မငြိမ်သေးတော့ အားလုံးက စောင့်ကြည့်နေကြတဲ့ အနေအထားပေါ့” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။

လက်ရှိမှာ ရွှေတူးဖော်ရာ ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ စက်သုံးဆီ မရရှိတဲ့ အခက်အခဲတွေကြောင့် ရန်ကုန်တိုင်း ရွှေဈေးကွက်အတွင်း ရွှေကုန်ကြမ်း ဝင်ရောက်မှု နည်းပါးနေတယ်လို့ သိရပါတယ်။ ရွှေကုန်ကြမ်းတွေ ဝင်ရောက်မှုတွေ များပြားလာခဲ့ရင်တော့ ပြည်တွင်းရွှေဈေးကွက် အခြေအနေဟာ ထပ်မံပြီး အပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

#ငွေလဲနှုန်း

ဖြစ်သင့်တဲ့ဈေးထက် များပြားနေတဲ့ နိုင်ငံခြားငွေကြေးဈေး‌တွေဟာ လက်ရှိမှာတော့ ပြီးခဲ့တဲ့တပတ်ကထက် ဈေးကျသွားခဲ့ပါတယ်။ ရွှေဈေးနဲ့ အဆက်အစပ် ရှိနေတဲ့ အမေရိကန်ဒေါ်လာဈေးဟာလည်း ၃၄၀၀ ကျော်ဝန်းကျင်နဲ့ အတက်ဈေးမှာပဲ ရှိနေပြီး အတက်အကျ မှန်းဆရ ခက်နေသေးတယ်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတွေက ပြောပါတယ်။

“ငွေ‌လဲနှုန်းတွေကတော့ အခုလက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ်၊ နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့်ရယ်၊ နစကရဲ့ ဈေးကွက်ထိန်းချုပ်မှုတွေကြောင့်ရယ် ဈေးကွက်အတက်အကျကို ခန့်မှန်းဖို့ခက်နေပါသေးတယ်။ လက်ရှိမှာတော့ ကန်ဒေါ်လာဈေးက ၃၄၂၅ ပေါက်နေတယ်ပေါ့။ အတက်အကျကတော့ မငြိမ်သေးဘူး” လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတယောက်က ပြောပါတယ်။

‌အမေရိကန်ဒေါ်လာ ငွေလဲနှုန်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ် နိုဝင်ဘာ ၂၀ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်က တဒေါ်လာကို ၃၅၂၀ ကျပ်အထိ မြင့်တက်ခဲ့ပေမယ့် တပတ်အတွင်း အနိမ့်ဆုံးဈေး ၃၃၉၀ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်မှာတော့ ၃၄၂၅ ကျပ် ဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။

နယ်စပ်ကုန်သွယ်ရေးတွေမှာ အဓိက အသုံးပြုနေတဲ့ ငွေလဲနှုန်းတွေကတော့ ဒီကနေ့ ဈေးကွက်အဖွင့်မှာ တရုတ်ယွမ် ၄၇၇ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၇.၀၈ ကျပ်ဝန်းကျင်နဲ့ အိန္ဒိယရူပီး ၄၁.၁၄ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် ဈေးကွက်အဖွင့်မှာတော့ တရုတ်ယွမ် ၄၈၃ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၇.၅၆ ကျပ်ဝန်းကျင်နဲ့ အိန္ဒိယရူပီး ၄၁.၁၆ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

#စက်သုံးဆီဈေးနှုန်း

‌စက်သုံးဆီဈေးကွက်မှာတော့ ဓာတ်ဆီဝယ်ယူရခက်နေပြီး တန်းစီ ဝယ်ယူနေရတဲ့အချိန်မှာ ဈေးနှုန်းအပြောင်းအလဲ နည်းခဲ့ပါတယ်။ လက်ရှိမှာ အောက်တိန်း 92၊ 95၊ ရိုးရိုးဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ်တွေအားလုံး ဈေးနှုန်း အပြောင်းအလဲ အနည်းငယ်နဲ့ အတက်အကျမငြိမ် ဖြစ်နေပါတယ်။

စက်သုံးဆီ အသုံးပြုသူတွေကတော့ တန်းစီဝယ်နေရဆဲဖြစ်သလို တစီးကို ကျပ်နှစ်သောင်းဖိုးပဲ ဝယ်ခွင့်ပြုထားဆဲဖြစ်တယ်လို့ သိရပါတယ်။

“အခုက ဓာတ်ဆီဈေးကျ၊ ဒီဇယ်ဈေးက တက်နေတယ်။ ဝယ်ရတာကလည်း အရင်လိုပဲ၊ အလွယ်တကူ ဝယ်လို့မရသေးဘူး။ ဒီလိုပဲ ရနိုင်မယ့်ဆိုင်တွေ လိုက်ရှာပြီး ထည့်နေရတုန်းပဲ” လို့ အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။

အဲ့ဒီ့လို ဈေးကွက်အတွင်းမှာ စက်သုံးဆီတွေ ဝယ်ယူရ ခက်ခဲနေပေမယ့် နစက ကတော့ ရန်ကုန်က စက်သုံးဆီဆိုင်တိုင်းမှာ ဆီကို အလုံအလောက် ဖြည့်တင်းပေးလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း၊ သီလဝါဆိပ်ကမ်းရှိ Terminal တွေဆီကို ပြည်ပမှ စက်သုံးဆီတင်သင်္ဘောတွေ အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး Terminal တွေရှိ စက်သုံးဆီတွေကို စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး

ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တွေရှိ စက်သုံးဆီအရောင်းဆိုင်တွေကို စက်သုံးဆီသယ်ယာဉ် (Bowser) တွေနဲ့ နေ့၊ညမရွေး အဆက်မပြတ် ဖြည့်တင်း သယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ့လို ဖြန့်ဖြူးလျက်ရှိတာမှာ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတဝန်းရှိ စက်သုံးဆီအရောင်းဆိုင်

(၂,ဝ၅၅) ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၂၉၄ စီးနဲ့ 92 Ron ဂါလန် တသန်း သိန်းသုံးသောင်းကျော်၊ 95 Ron ဂါလန် နှစ်သိန်းရှစ်သောင်းကျော်၊ ဒီဇယ်ဆီ ဂါလန် ခုနစ်သိန်းလေးသောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ တသန်းတသိန်းကိုးသောင်းကျော်ကို ပို့ဆောင် ဖြန့်ဖြူး

ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ဈေးနှုန်းတွေကတော့ ရန်ကုန်မြို့မှာ အောက်တိန်း 92 တလီတာ ၂၁၇၀ ကျပ်၊ 95 တလီတာ ၂၃၀၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၀၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၂၉၀ ကျပ်၊ မန္တလေးမြို့မှာ အောက်တိန်း 92 တလီတာ ၂၂၂၀ ကျပ်၊ 95 တလီတာ ၂၃၅၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၄၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၄၀ ကျပ်၊ နေပြည်တော်မှာ အောက်တိန်း 92 တလီတာ ၂၂၁၅ ကျပ်၊ 95 တလီတာ ၂၃၄၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၄၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၄၀ ကျပ် သတ်မှတ်ထားပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW