ဒေလီ၊ နိုဝင်ဘာ-၂၈-၂၀၂၃
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် လူ ၂၄ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလိုဆိုးရွားတဲ့ ရာသီဥတုဖြစ်စဉ်တွေကြောင့် ဂူဂျာရတ်ပြည်နယ်အနောက်ပိုင်း တလျှောက်မှာ နေအိမ်များစွာ ပျက်စီးခဲ့ပြီး တိရိစ္ဆာန်သေဆုံးမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ၂၄ ယောက်ထဲက ၁၈ ယောက်ဟာ မိုးကြိုးပစ်တာကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ မိုးရွာသွန်းမှုနဲ့ မိုးသီးကြွေကျမှုတွေဟာ အိန္ဒိယအနောက်ပိုင်းမှာ ဆက်လက်ဖြစ်ပေါ်နေဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ဂူဂျာရတ်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မိုးရေချိန် ၅ ဒသမ ၇ လက်မထိရွာသွန်းခဲ့တယ်လို့ အစိုးရက ထုတ်ပြန်တဲ့အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဂူဂျာရတ်မှာ ဒီလိုအခြေအနေတွေဖြစ်တာဟာ မိုးလေးဝသအခြေအနေ သုံးခုတိုက်ဆိုင်တာကြောင့်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အာရေဗျပင်လယ်က စီးဆင်းလာတဲ့ အရှေ့လေတိုက်တာ၊ အနောက်ဟိမဝန္တာတောင်တန်းတွေပေါ်က လေစီးကြောင်းနဲ့ ပြည်နယ်အတွင်း ဆိုင်ကလုန်းဝင်ရောက်မှုကြောင့်လို့ အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
သေဆုံးသွားသူတွေအတွက် လွန်စွာဝမ်းနည်းရကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးက ထုတ်ပြန်ထားပြီး လက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် နှစ်စဉ်နှစ်တိုင်း လူထောင်ချီသေဆုံးလေ့ရှိပါတယ်။
Ref:BBC
Photo:Reuters