ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထောင်ဒဏ် (၁၀) နှစ် ချ မှတ်ခံရ

 

နိုဝင်လာ ၂၉ – ၂၀၂၃

SN (VOM)

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အလုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ၊

ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ တို့နဲ့ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မှာ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃမှာ တပ်မတော်သားများ (သို့မဟုတ်) အစိုးရအမှုထမ်းများကို ဟန့်တားခြင်း (သို့မဟုတ်) နှောက်ယှက်ခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅ (က) ကတော့ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ ရေ၊ လေ စတဲ့ တပ်တခုခုမှ အရာရှိအား (သို့မဟုတ်) စစ်သည်အား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာတာဝန်ဝတ္တတရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် (သို့မဟုတ်) ထိုသို့ပြုလုပ်စေသည့် အကြောင်းရှိပါက တရားစွဲဆိုနိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ သိရပါတယ်။

“သူက လူမှုကွန်ရက်ပေါ်မှာ မမှန်မကန်သတင်းဖြန့်တယ်၊ ရေးတယ်ဆိုပြီးဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထောင် ၁၀ နှစ် ချလိုက်ပြီလို့ သိရတယ်” လို့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို သူနေထိုင်ရာ အလုံမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်ကနေအိမ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အလုံမြို့မရဲစခန်းမှာ မမှန်မကန်သတင်းဖြန့်မှု ရာဇသတ်ကြီး ပုဒ်မ – ၅၀၅-က နဲ့ စတင် အမှုဖွင့်ခဲ့ကာ အင်းစိန်ထောင်ကို ပို့ဆောင်ထားပြီး ဒီကနေ့မှာတော့ အလုံခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဦးရဲထွဋ်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်း အရာရှိတဦး ဖြစ်ပြီး ၁၉၇၇ ခုနှစ်အထိ စစ်တပ်မှာ ဒုတိယဗိုလ်မှုးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ကာ အဲ့ဒီ့နောက် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ညွှန်ကြားရေးမှူးချုပ်အဖြစ်ရာထူး တိုးမြှင့်ခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်လာပြီး ၂၀၁၄ ခုနှစ်မှာ ပြည်ထောင်စု ဝန်ကြီးဖြစ်လာခဲ့ပါတယ်။

၂၀၁၃ မှ ၂၀၁၆ ခုနှစ်အထိ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၆ ခုနှစ်မှာတော့ တာဝန်ကနေ အနားယူခဲ့ရပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအထိ စင်္ကာပူနိုင်ငံရှိ ISEAS-Yusof Ishak Institute မှာ အကြီးတန်းသုတေသီ (Senior Fellow) အဖြစ် သွားရောက် လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

ဦးရဲထွဋ်ဟာ သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် သူသွားရောက်ခဲ့တဲ့ ခရီးသွားဓာတ်ပုံတွေ၊ ခရီးသွားအတွေ့အကြုံဆောင်းပါးတွေ၊ အတွေးအမြင်ဆောင်းပါးတွေကို အခန်းဆက်ရေးသားနေသူတယောက်လည်း ဖြစ်ပါတယ်။

အဲ့ဒီ့ ရေးသားမှုတွေမှာ ပါဝင်တဲ့ အချက်အလက်တချို့ဟာ တပ်မတော်အပေါ် သွယ်ဝိုက်တဲ့ ဝေဖန်ရေးသားချက်တွေ ဖြစ်တယ်လို့ဆိုကာ တပ်မတော်ထောက်ခံသူတချို့ကလည်း သူ့အပေါ် ပြန်လည်ဝေဖန်ရေးသားမှုများရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဦးရဲထွဋ်ဟာ အခု ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက “ဘယ်ကိုသွားမလဲ….ကမ္ဘာကြီးနှင့် လှိုင်သာယာ” အမည်ရှိ စာအုပ်ကိုလည်း ထုတ်ဝေထားပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ဝန်ကြီးတာဝန်ယူခဲ့သူတွေထဲ ဖမ်းဆီးအရေးယူခံရတာ ဒါက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Photo Crd: Original Uploader

 

Related posts

✕
VOM News

FREE
VIEW