တန့်ဆည်မှာ တိုက်ပွဲပြင်းထန်လို့ နှစ်ဘက် ထိခိုက် ကျဆုံးမှုတွေရှိ

 

နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၃

SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့ပေါ်မှာ မနေ့ နိုဝင်ဘာ ၂၉ ရက်နေ့အထိ နှစ်လအတွင်း တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တန့်ဆည်မြို့ခံတွေဆီက သိရပါတယ်။

” တန့်ဆည်မြို့မှာ မနေ့ နိုဝင်ဘာ ၂၉ ရက် မနက်အစောပိုင်း ၁ နာရီလောက်ကနေ တနေကုန် တိုက်ပွဲဖြစ်တယ် ၊ လေကြောင်း ပစ်ကူတွေနဲ့ တိုက်တယ် ၊ ရဟတ်ယာဥ် နှစ်စီးနဲ့ ဂျက်ဖိုက်တာ တစီးပါတယ်၊ တန့်ဆည်မှာက ပြီးခဲ့တဲ့ နှစ်လအတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်တယ် ၊ ပထမအကြိမ်က ပြီးခဲ့တဲ့ စက်တင် ဘာ ၂၂ ရက် မနက် ၁ နာရီလောက်မှာ စဖြစ်တယ် ၊ မေတ္တာမြိုင်ရပ်ကွက်ထဲက ဝန်ထမ်းရုံးပေါင်းစုံနေရာမှာ ဖြစ်တယ် ၊ အဲ့ဒီတိုက်ပွဲမှာ လဝကရုံးအပါအဝင် ဌာနဆိုင်ရာမြို့နယ်ရုံး လေးခုထက်မနည်း မီးရှို့ခံရတယ် ၊ နောက်ပြီး နစက ဘက်က ရဲ ငါးဦးနဲ့ ပြည်သူ့စစ် လေးဦး သေတယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တန့်ဆည်မြို့မှာ ဒုတိယအကြိမ် ထပ်ဖြစ်တယ် ၊ မြို့နယ်ထွေ/အုပ်ရုံးနဲ့ မြို့မရဲစခန်းဘေးနားတွေမှာ မိုင်းတွေ ထောင် ထားပြီး တိုက်ပွဲဖြစ်တဲ့အချိန် အဲ့ဒီမိုင်းတွေ ဖောက်ခွဲလိုက်တယ် ၊ အဲ့ဒါကြောင့် လာတိုက်တဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ အထိနာပြီး အသေအပျောက်များသွားတယ် ၊ ဒီတကြိမ်တော့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ လူအင်အား ၃ ထောင်ကျော်လောက်ပါတယ် ” လို့တန့်ဆည်မြို့ခံ တိုက်ပွဲလေ့လာသူတယောက်က ပြောပါတယ်။

တန့်ဆည်မြို့ပေါ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ပထမအကြိမ်တိုက်ပွဲပြီးကတည်းက မြို့ခံလူတွေအများစုက တခြားမြို့ရွာတွေကို တိမ်းရှောင်သွားကြပါတယ်။

မြို့ပေါ်မှာ ဌာနဆိုင်ရာရုံးတွေ ၊ အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်သွားသလိုဖြစ်ပြီး မြို့နယ်ထွေအုပ်ရုံးနဲ့ ရဲစခန်းလောက်ပဲ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေ စောင့်ကြည့်နေတဲ့ ဒေသခံတယောက်ပြောပြတာက

” ေဒသတွင်းအဖွဲ့ေတွက ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ် ၊ မနက် ၅ နာရီလောက်မှာ နစကဘက်က စတင်ပြီး လေကြောင်းပစ်ကူတွေ နဲ့တိုက်တယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဘက်ကလည် လေယာဥ်ပစ်ကူလာတဲ့အချိန်မှာ ပုန်းခိုနေလိုက် ၊ လေယာဥ်ပြန်သွားရင် ပြန်တိုက်လိုက်နဲ့ လုပ်ကြတယ် ၊ တနေကုန် နီးပါး အဲ့အတိုင်း တိုက်နေကြတာ၊ ညနေ ၃ နာရီဝန်းကျင်လောက်မှာ တန့်ဆည်မြို့စွန်မှာ နစက ခြေမြန်စစ်ကူတွေရောက်လာပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့ ငါးရာလောက်ရဲ့ နောက်ကနေ ပိတ်မိသွားပြီး ဒေသတွင်း လက်နက်ကိုင်တွေကို ညှပ်ပူးညှပ်ပိတ် တိုက်တာဖြစ်၊ အဲ့ဒီမှာ ထိခိုက်ကျဆုံးမှုတွေများသွားတယ်” လို့ ပြောပါတယ်။

အဲ့ဒီနောက် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဟာ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်ကောက်ယူပြီး တန့်ဆည်မြို့နယ် ၊ညရွာရှည် မြောက်ရွာဘက်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ဒီေန့မနက် ၂ နာရီဝန်းကျင်က အဲ့ဒီ ရွာရှည်မြောက်ရွာက ဆေးရုံနဲ့ စာသင်ကျောင်းနားကို လေကြောင်းနဲ့ လာရောက်ပစ်တာကြောင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့ ထိခိုက်ဒဏ်ရာရ လူနာတွေနဲ့ CDM ကျန်းမာရေးဝန်ထမ်းတချို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒီမနက် သိရပါတယ်။

တန့်ဆည်မြို့တိုက်ပွဲနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံး အရေအတွက်ကို နှစ်ဘက်စလုံးက အခုထိ ထုတ်ပြန်ပေးထားခြင်း မရှိတာကြောင့် ဒေသခံတွေ အပြောအရ VOM က သိရတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်း ၊ကောလင်းခရိုင် ကောလင်းမြို့အပါအဝင် ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့နယ်ခွဲနဲ့ ဟုမ္မလင်းခရိုင် ၊ ရွှေပြည်အေးမြို့သစ် မြို့နယ်ခွဲတွေကို အခုထိ ဒေသတွင်း ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW