မန္တလေးချစ်သော သမိုင်းပါမောက္ခ

 

ဆူးငှက်

 

 

ကျွန်တော်က မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို ၁၉၇၅-၇၆  စာသင်နှစ်မှ ရောက်သည်။ တမာလမ်း၊ ရေနီမြောင်းနှင့်အဓိပတိဆောင်၏ တိုင်လုံးကြီးများနှင့် ခံ့ထည်သည့် မန္တလေးတက္ကသိုလ်ကို ရှေးရှေးက မျိုးဆက်များ၏ အသီးသီးသောဂုဏ်ရည်ဖြင့် လေးစားမြတ်နိုးစိတ် အပြည့်အလျှံ ရှိခဲ့ပါ၏။ မန္တလေးတက္ကသိုလ်မှာ (ထိုစဉ်က) ပါမောက္ခ ဦးနက်ရှိသည်။ဒေါက်တာဘကြည်ရှိသည်။ ဦးသိန်းမောင်ရှိသည်။ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ရှိသည်။ ဦးဆန်းထွန်း (မန်းတက္ကသိုလ်) ရှိသည်။ ရုက္ခဗေဒ ဒေါက်တာသန်းထွန်းရှိသည်။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရှိသည်။

 

 

တကယ်တော့ မန္တလေးတက္ကသိုလ်နှင့် ပတ်သက်၍ ရှေးရှေ့က အတွေ့အကြုံများမှာ မန်းတက္ကသိုလ် ကလောင်ရှင်များ အသင်းကထုတ်ဝေသော ကဗျာစာအုပ်များထဲက ဖတ်မှတ် လွမ်းဆွတ်၊ အားတက်ခဲ့ရသော စာတွေ့များပဲ ဖြစ်ပါ၏။ တက္ကသိုလ် မတက်ခင်က စာအုပ်တွေ ဖတ်ပြီး တက္ကသိုလ်ရောက်ရင် ပညာတွေ ဆည်းပူးလိုက်မယ်။ ပညာရှိ ဆရာကြီးများထ ံဆည်းကပ် လိုက်မယ်။ ပခုံးပြောင်း တာဝန်တွေ ယူလိုက်စမ်းမယ် ဟူသော အတွေးတွေက တကယ်တမ်း တက္ကသိုလ်ရောက်တော့ ကြက်ပျောက်၊ငှက်ပျောက် ပျောက်ကုန်ပြီ။

 

 

မနက် ကျောင်းမသွားမီ ဆေးရုံကြီးရှေ့က စိန်မြင်းမိုရ် လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသည်။ ကျောင်းရောက်တော့ အတန်းထဲမျက်နှာပြရုံ၊ စတိမျှ တက်ပြီး မိန်းအနောက်ဘက်က မဌေးမာတို့ “ချိုကြီး” လက်ဖက်ရည်ဆိုင် ကို ရောက်ကြသည်။ မနက် ၉နာရိလောက်က ထိုင်လိုက်တာမွန်းလွဲ ၁နာရီကျော် မှ ထကြသည်။ အပြန် မင်္ဂလာလမ်းက သီတာဦးမှာ ဝင်ထိုင်ကြတာ ညနေစောင်းရော။ ညနေ အိမ်ပြန်၍ ထမင်းစားသောက်ပြီး ညပိုင်း အလင်းဆိုင် တစ်ဆိုင်မှာ ထပ်ထိုင်ကြတာ သန်းခေါင်မှ ပြန်ကြတော့၏။ဤသို့ လက်ဖက်ရည်ဆိုင်တွေမှာမိုးလင်းမိုးချုပ် ထိုင်ကြရင်းမှ ကျွန်တော် ဆရာကြီးကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

 

မိန်းအနောက်ဘက် မဌေးမာတို့ ချိုကြီးကဖေးက လူမစည်လှ။ အလွန်ဆုံးရှိလှ နှစ်ဝိုင်း သုံးဝိုင်းပဲ ဖြစ်သည်။ ကျွန်တော်တို့ဝိုင်းက ပင်တိုင်ပေါ့။ ကျောင်းသားဝိုင်းက ကျွန်တော်တို့ပဲ ရှိသည်။ ကျန်ဝိုင်းတွေက ဆရာတွေ ဖြစ်သည်။ အလွန် သဘောထားပြည့်ဝ၍ အပြန်အလှန် လေးစားမှုဖြင့် တပည့်များအပေါ် နားလည်ပေးသော ဆရာများမို့ပေါ့။ အတန်းတက်ချိန် ရောက်တိုင်းလက်ဖက်ရည်ဆိုင်မှာချည်း တွေ့နေရသော တပည့်များအပေါ် အလိုလိုက်လွန်း လှသည်။ ထိုဆရာများဝိုင်းတွင် မနက်ပိုင်း၁၁နာရီဝန်းကျင် ရောက်လာတတ်သော ဆရာများတွင် သမိုင်း ပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်း က ဦးဆောင်လာသည်။ ဆရာက သူ့လက်ထဲမှာ စာအုပ်၊ စာတမ်း၊ စာရွက်ထပ်များ အမြဲတမ်း မပါမဖြစ် ပါလာတတ်၏။ ဆရာကြီးဘေးမှာဆရာ လေးတွေ ၃ဦး၊ ၄ဦး လိုက်ပါလာသည်။ ဆရာကြီးက လက်ဖက်ရည်ဆိုင် စားပွဲမှာ စာတမ်းများ၊ စာအုပ်များကို ဖွင့်ပြီးအလုပ်လုပ်ချင် လုပ်သည်။ အလုပ်လုပ်သည် ဆိုသော်လည်း နှုတ်မှ စာအကြောင်း၊ ပေအကြောင်း ဖွယ်ဖွယ်ရာရာတွေကို သူ့တပည့် ဆရာများနှင့် ပြောတတ်၏။

 

 

ကျွန်တော်တို့နှင့် စားပွဲချင်း ယှဉ်လျက်နေရာမှာချည်း ဆရာတို့က ထိုင်သည်မို့ ဆရာတို့ စကားတွေကို သဲသဲကွဲကွဲ အမြဲကြားနေရသည်။ လက်ဖက်ရည်ဆိုင်မှာ ပြောသော ဆရာ့စကားတွေက သမိုင်းဆိုင်ရာတွေ၊ သုတေသနတွေ မဟုတ်။ ဆရာဒဂုန်တာရာ၏“လေနုအေးက နော့ နေဆဲကို” ဟူသော အရေးအသားနှင့် ကဗျာများအကြောင်း။ တစ်နေ့မှာတော့ ဆရာက ဗန်းမော်တင်အောင်၏ “ကိုလိုနီခေတ် ဗမာ(မြန်မာ) နိုင်ငံ သမိုင်း” စာအုပ်နှင့် ပတ်သက်၍ သူ့အမြင်ကို ပြောပြနေ၏။ “ဗန်းမော်တင်အောင်က သမိုင်းကို ရေးပြီဆိုတော့ ဒိုင်ယာလစ်တစ် အမြင်နဲ့ ရေးမလားလို့ အတော် မျှော်လင့်မိတယ်ဗျ ” ဟူသော စကားများကိုကျွန်တော် အလွန် စိတ်ဝင်စားသွားသည်။

 

 

 

ဤသို့ဖြင့် နံနက်တိုင်း “ချိုကြီး” ကဖေးမှာထိုင်ရင်း ဆရာကြီး ဒေါက်တာသန်းထွန်းတို့ လက်ဖက်ရည်ဆိုင် ထိုင်မည့် အချိန်ကိုမျှော်နေမိသည်။ ဆရာတို့ ရောက်လာလျှင် ဝမ်းမြောက်သွား၏။ ဆရာတို့ ဘာစကား ပြောမလဲ ဆိုတာ အငမ်းမရ နားစွင့်မိသည်။နားစွင့်မိသလို ပြောသောစကားများကလည်း အဖိုးတန် စိတ်ဝင်စားစရာ တွေချည်း။ ညိုမြနှင့် တောင်သမန်အကြောင်း၊ မြသန်းတင့်နှင့် “…ဆက်၍ ရေးချင်သော ဝတ္ထုများအကြောင်း”၊ “ဇင်၊ နိုး၊ ကြူး” ကဗျာ ဝါဒအကြောင်း။ ဗန်းမော်တင်အောင်နှင့် “တော့၊ကာ၊ သာ၊ ဘဲ၊ ရယ်၊ နဲ့” အကြောင်း၊ မောင်လေးအောင်၏ “ပညာတတ်ကြိမ်လုံး” အကြောင်း..”။ ထို့နောက် အထက်ဗမာနိုင်ငံစာရေးဆရာအသင်း၏ စာတမ်းများအကြောင်း …။ ကျွန်တော်က ဆရာတို့ဝိုင်းမှ ဆရာဦးဆောင်ပြောသော စကားများကိုနားစွင့်ပြီး သိချင်သော စာတွေ ရှာဖွေ ဖတ်ဖြစ်တော့သည်။

 

 

၁၉၇၅ မှ သည် ၁၉၇၉ ထိ ၄နှစ်၊ ၄မိုးတိုင် မန္တလေးတက္ကသိုလ်မှာ နေခဲ့ငြား ဆရာနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ဖူးသည်က တစ်ကြိမ်တစ်ခါပဲ ဖြစ်သည်။ မုံရွာမှ ရသော အုတ်ခွက်ဘုရား တစ်ဆူကို ဆရာ့ထံ ပေးပို့ကာ ခေတ်ကာလ အခြေအနေ မေးမြန်းစူးစမ်းခြင်းဖြစ်သည်။ ဆရာ့ရုံးခန်းထဲမှာက အဲလို အုတ်ခွက်ဘုရားတွေက အများအပြား အပုံအပင်။ “ခင်ဗျား ဒီဘုရားက ဘယ်လို တွေ့တာလဲ။ ဘုရားအုတ်တံတိုင်းထဲ ဘယ်နေရာမှာ တွေ့တာလဲ။ ဘုရားစေတီထဲကလား၊ မြေကြီးထဲကလား၊ အနက် ဘယ်လောက်လဲ၊ဘာပစ္စည်းတွေ ပါသေးလဲ၊ ဘယ်နေရာကလဲ၊ ဒါတွေ အတိအကျ သိမှ ဖြစ်မှာပေါ့ ”တဲ့။ ထိုအရာများ ကျွန်တော်မသိ။ ကျွန်တော်က မုံရွာရှိ အိမ်တစ်အိမ်၏ ခေါင်းရင်း အုတ်ခုံဘေးမှာ ထောင်ထားတာ တွေ့လို့ ယူလာခြင်း ဖြစ်သည်။ ကျွန်တော့်မှာ သမိုင်းသုတေသနနှင့် ပတ်သက်၍ ဗဟုသုတအရာ ဤရွေ့ဤမျှ ညံ့ဖျင်း လှခြင်းအတွက် ရှက်မိသည်။ နောက် ဆရာနှင့် ကျွန်တော် ချိုကြီးကဖေးမှာပဲ သူမသိ ကိုယ်မသိ တွေ့ဖြစ်နေကြ တော့သည်။

 

 

နောက် ကျွန်တော် စာလေးပေလေး မတောက်တခေါက်ရေး၊ လူထုစာအုပ်တိုက်က အယ်ဒီတာစားပွဲမှာ ပညာယူဖြစ်နေတော့ အမေလူထုဒေါ်အမာဆီ လာရောက်တတ်သော ဆရာ့ကို အမြဲတွေ့ဖြစ်သည်။ ထို့နောက် တောင်လေးလုံး အောင်ခြင်းရှစ်ပါး ဓမ္မာရုံနှင့် သူဋ္ဌေးဘုရား ရင်ပြင်မှာ။ ၁၉၉၇ ခုနှစ်လောက်က တောင်လေးလုံး ကျောင်းတိုက်မှာ ကျွန်တော့်သားတွေ ရှင်ပြုတော့ မထင်မှတ်ဘဲ ဆရာရောက်လာသည်။ ဆရာက ဆရာတော် ဦးပညာ(အမရပူရ)၏ အခန်းမှာ ဝက်အူချောင်းကြော် တစ်ပန်းကန်နှင့်အကြာကြီး ထိုင်ကာ ချီးမြှင့်ပေးသွားသည်။

 

 

တစ်နေ့တော့ အမေလူထုဒေါ်အမာက ကျွန်တော့်ကို “မင်းကလည်း မန္တလေးအကြောင်းတွေ ရေးနေတော့ ဆရာက မင်းကို တွေ့ဦးမယ်တဲ့။ ညနေ ဆရာလာလိမ့်မယ်၊ စောင့်လိုက်ဦး” တဲ့။ ဘုရား  … ဘုရား …။ ကျွန်တော် မန္တလေးအကြောင်း ရေးတယ်ဆိုတာက တောင်ရောက် မြောက်ရောက်။ “ကျွန်တော် ကြားဖူးသလို ပြောဆိုပါမည်” ချည်းဖြစ်သည်။ ဘာမှ ခိုင်ခိုင်မာမာ တိတိကျကျ မရှိလှ။ ဟော ဆရာလည်း ရောက်လာရော၊ ကျွန်တော့်ကို တစ်ယောက်တည်း ခေါ်တွေ့ပြီး “ကဲ ကိုဆူးငှက် ပြောစမ်းဗျာ။ မန္တလေးက ရွှေကျင်သာသနာဝင် အကြောင်း” တဲ့။ ဆရာက မှတ်စုစာအုပ် ထုတ်ပြီး ခဲတံနှင့် စောင့်သည်။

 

 

 

သေပါလေရော …။ ဘယ့်နှယ် ကျွန်တော်က မန္တလေး ရွှေကျင်သာသနာဝင်အကြောင်း ဘယ်သိပါ့လဲ။ မတတ်နိုင်။ သည်တော့ကျွန်တော်က သည်မလာခင် ဖတ်မှတ် မှတ်စုထုတ်ထားသည့် ရွှေကျင်သမိုင်းကို ပြောတော့ ဆရာကြီးက မျက်စိမှိတ်ပြီးနားထောင်ရင်း အိပ်ပျော်သွားသည်။ ကျွန်တော်ပြောတာဆုံးမှ မျက်စေ့ဖွင့်ပြီး အဲဒါက အသစ်မဟုတ်ဘူးလေ၊ ကျွန်တော်ရေးပြီးသားတွေကို ခင်ဗျားက ပြန်ဖတ်ပြနေတာပဲဗျ ဟု ပြောသည်။ ထိုအခါ ကျွန်တော်က “ဆရာ ကျွန်တော် မသိပါဘူးဆရာ” ဟုဆိုတော့ ဆရာက ပြုံးပြုံးကြီး ကြည့်ပြီးခေါင်းရမ်းသည်။ “ကဲ ဒါဆိုရင် ခင်ဗျား သိတာပဲပြော” ဟုဆိုသည်။ ကိုင်း ကျွန်တော်ကလည်း အရပ်ပြောပဲ ပြောနိုင်သည်။ ဆရာသိချင်သော အချက်နှစ်ချက် သုံးချက်လောက်တော့ ရပုံပေါ်ပါရဲ့။ သမိုင်းတော့ မဟုတ်။လက်ရှိ မြင်ကွင်း အနေအထားအချို့ပဲ ဖြစ်သည်။ လူထုအယ်ဒီတာစားပွဲမှာ ဆရာ့စာအုပ် တစ်အုပ်စ၊ နှစ်အုပ်စကိုင်ရတိုင်း အထူးဂရုစိုက်မိ၏။ ဆရာက အလွန်တိကျ၊ သေချာ၊ စနစ် ရှိသောကြောင့် ဖြစ်သည်။ စာပိုဒ် အဖွင့်တွေကိုပင် အမှားမခံ ..။

 

 

ကုန်လွန်ခဲ့သော ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့က ဆရာချစ်သော မန္တလေးတက္ကသိုလ်၏ ဆရာချစ်သော ရုံးခန်းအတွင်း၌ပင်ကွယ်လွန်ကာ ဆရာချစ်သော တောင်လေးလုံး ပရိဝုဏ်၌ ထာဝရခေါင်းချသွားခဲ့သဖြင့် ဒီနှစ်ဆိုလျှင် ဒေါက်တာသန်းထွန်း ကွယ်လွန်တာ ၁၈နှစ်ပြည့်ပြီ။ မန္တလေးအကြောင်း ပြောကြလေတိုင်း မန္တလေးသားမဟုတ်သော ဆရာကြီး ဒေါက်တာသန်းထွန်းအကြောင်းက ထိပ်ဖျားမှာ ပါနေဦးမည်သာ။ ဆရာကြီး သမိုင်းကား မန္တလေးနှင့်အတူ တည်ရှိနေမည်မှာ မလွဲပါ။                   ။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM  #ဆူးငှက် #ဒေါက်တာသန်းထွန်း

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW