ကျောက်မြောင်း၊ သီတာလမ်း ပစ်ခတ်မှု နှစ်ယောက် သေဆုံးပြီး အဖမ်းခံရသူတွေလည်းရှိ

 

ဒီဇင်ဘာ ၉ – ၂၀၂၃

SN (VOM)

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ သီတာလမ်းမှာ မနေ့ ဒီဇင်ဘာ ၈ ရက်၊ ညနေ ၆ နာရီခွဲဝန်းကျင်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် လူငယ်နှစ်ယောက် သေဆုံးသွားပြီး ဖမ်းဆီးခံရသူတချို့လည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူတွေဟာ ဆန္ဒပြသူတွေဖြစ်တယ်လို့ သိရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ လောင်စာဆီဈေးနှုန်း မြင့်တက်တာ၊ လောင်စာဆီ လုံလောက်မှုမရှိတာအပြင် ပြည်သူတွေ အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာနဲ့ပတ်သက်လို့ ကားလမ်းပေါ်မှာ တာယာကွင်းတွေကို မီးရှို့ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“အရင်ဆုံး သေနတ်သံတွေကြားရတာ။ သုံး၊ လေးချက်လောက်ရှိမယ်။ အဲ့နောက်ပိုင်း ညာသံတွေပေးပြီး လိုက်လိုက်ဆိုတဲ့ အသံတွေကြားရတော့တာပဲ။ ကြားကြားချင်း ချောင်းကြည့်လိုက်တော့ ကောင်လေးတယောက်ကတော့ လမ်းပေါ်မှာလဲနေတယ်။ စစချင်းတော့ ခြေထောက်လေးခဏ လှုပ်နေသေးတယ်။ နောက်တော့ လှုပ်ကိုမလှုပ်တော့ဘူး။ နောက်ထပ် အပစ်ခံရတဲ့ တယောက်ကတော့ လူနာတင်ကား‌ပေါ်မှာ သေတယ်လို့ ကြားတယ်။ ပြေးနေတဲ့သူတွေနောက်ကို လိုက်နေတဲ့သူတွေက အရပ်ဝတ်တွေနဲ့။ နောက်တော့ သီတာလမ်းထိပ်မှာ ဝီစီတွေဆက်တိုက်မှုတ်ပြီး ဖြတ်သွားဖြတ်လာတွေကို စစ်ဆေးနေတာတွေ့ရတယ်” လို့ တာမွေမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

အဲ့ဒီ့ ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ လုံခြုံရေးတပ်ဖွဲ့တွေက တာမွေမြို့နယ်၊ ၁၄၄ လမ်းရှိ ဗလီနားကနေ ဩဘာလမ်းအထိ လမ်းပိတ်ကာ သီတာလမ်းကိုလည်း ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အနီးအနားရှိ တိုက်တွေပေါ်ကိုလည်း ဝင်ရောက်စစ်ဆေးခဲ့သလို လမ်းမကြီးတွေကိုလည်း ပိတ်ဆို့စစ်ဆေးခဲ့ပြီး ဗညားဒလမ်းမကြီးကို မောင်းနှင်လာတဲ့ ကားတွေကိုလည်း ပြန်လွှတ်နေတာတွေ့ရတယ်လို့ ရပ်ကွက်နေ ပြည်သူတချို့က ပြောပါတယ်။

“သီတာလမ်းလိုပဲ ဒဂုံသီရိလမ်းကိုလည်း ကားနဲ့ ကန့်လန့်ဖြတ် ပိတ်ရပ်ထားတယ်။ ဘယ်သူ့ကိုမှ သွားခွင့်မပေးဘူး။ Air wave ကားအနက်ရောင်နဲ့ အရင်ဆုံး ၃ ယောက် ဖမ်းသွားတာတွေ့ရတယ်။ ယောင်္ကျားလေးတွေချည်းပဲ။ သေသွားတဲ့ နှစ်ယောက်ကလည်း ယောင်္ကျားလေးတွေပဲ။ အဲ့ဒီ့ အနီးအနားက တချို့ကလေးတွေလည်း အဖမ်းခံရတယ်ကြားတယ်။ နောက်ထပ် လုံခြုံရေးကားနှစ်စီး သီတာလမ်း G&G နားကို ရွှေ့လာတာတွေ့ရတယ်။ ဗုံးပေါက်တယ်ဆိုတာကလည်း လုံခြုံရေးတွေဖောက်တာ။ ည ၉ နာရီကျော်လောက်မှာ ဖြစ်မယ်။ သီတာလမ်းထိပ်နားမှာ ပွဲစျေးလည်းရှိတယ်။ သေနတ်သံတွေနဲ့ ဗုံးပေါက်သံတွေလည်းကြားရော ဆိုင်တွေအကုန် သိမ်းကုန်ကြတယ်” လို့ ရပ်ကွက်နေပြည်သူတယောက်က ပြောပါတယ်။

သပိတ်ပြုလုပ်ချိန်နဲ့ ပစ်ခတ်မှုဖြစ်စဉ်ဟာ တချိန်တည်းဖြစ်တယ်လို့ သိရပြီး လုံခြုံရေးတွေက သတင်းအရ ကြိုတင်စောင့်ဆိုင်းနေခြင်းမျိုး ဖြစ်တယ်လို့ လုံခြုံရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိမှာ သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူတွေဟာ မည်သူမည်ဝါဖြစ်တယ် ဆိုတာကို မသိရသေးသလို ဖမ်းဆီးခံရတဲ့ အရေအတွက်ကိုလည်း မသိရသေးပါဘူး။

အဲ့ဒီ့ ပစ်ခတ်မှုအတွင်း ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိတယ်လို့ သိရပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တာမွေရဲစခန်းက တာဝန်ရှိသူဆီ VOM က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW