ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းရပ်ဆိုင်းမှုကြောင့် ဖားကန့် ကျောက်စိမ်းဈေးကွက်နဲ့ စီးပွားရေးလုပ်ငန်းတချို့အခက်တွေ့လာ

ဒီဇင်ဘာ ၉၊ ၂၀၂၃

MH(VOM)

 

ကချင်ပြည်နယ် ဖားကန့်မြို့က ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းတွေ လုပ်ငန်းရပ်ဆိုင်းလိုက်တာကြောင့် စီးပွားရေးလုပ်ငန်းတချို့ ကုန်ဝယ်ဖို့အခက်တွေ့နေကြရတယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ် ။

 

ပုဂ္ဂလိက လုပ်ငန်းတွေဖြစ်တဲ့ ရွှေကြောင်ရောင်းဝယ်ရေး ၊ အေဝမ်း လျပ်စစ်ပစ္စည်းရောင်းဝယ်ရေး ၊ သန့်ဇင် ၊ ဂျာနူး ၊ ကြည်ရတနာမြေ ရွှေဆိုင် အပါအဝင် ဖားကန့် ဆိပ်မူ လုံးခင်းမှာရှိတဲ့ ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းတွေက ငွှေလွှဲလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာကြောင့်ကျောက်စိမ်းအရောင်းအဝယ်တွေမှာ သက်ရောက်လာပြီး တခြားအရောင်းအဝယ် ရပ်တန့်သွားနိုင်တဲ့အခြေအနေကိုရောက်နေတယ်လို့လုံးခင်းညဝိုင်းက ကျောက်ကုန်သည်တဦးက ပြောပါတယ် ။

 

” ငွေလွှဲမရတော့ ကုန်သည်တွေက ကျောက်ကြိုက်လည်း မဝယ်ကြတော့ဘူး ၊ တခုတော့ရှိတယ် မန္တလေး ဒါမှမဟုတ် အောက်ပိုင်းမှာငွေယူမလား ၊ဒါဆိုရင်တော့ အရောင်းအဝယ်ဖြစ်တယ် ။ ဒီအပေါ်မှာဘဲ ငွေပေးရမယ်ဆိုရင်တော့ အရောင်းအဝယ်ကမရှိသလောက်ပဲ ” လို့ဆိုပါတယ် ။

 

ဖားကန့်ကျောက်စိမ်းတွင်းဒေသရဲ့နေ့စဉ်လည်ပတ်ငွေဟာ ကျပ်သန်းပေါင်းသောင်းချီရှိနိုင်ပြီး အဆိုပါလည်ပတ်ငွေေေေတွရဲ့ ရှစ်ဆယ်ရာခိုင်နှုံးဟာ ပုဂ္ဂလိက ငွှေလွှဲလုပ်ငန်းတွေဆီကနေ စီးဆင်းနေရတာလို့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ် ။

 

” ဖားကန့်ကို သိန်းပေါင်း လေးငါးသောင်းကို ဘယ်ဘဏ်ကမှလွှဲမရဘူး ။ဒီပုဂ္ဂလိကငွှေလွှဲ လုပ်ငန်းတွေကိုပဲ အားကိုးနေရတာ ။ ခုတော့လွှဲလို့မရတော့ ဒီကျောက်အရောင်းအဝယ်လုပ်ငန်းက ရပ်သလောက်ဖြစ်သွားပြီ။ တူးမှမတူးနိုင်တော့တာ၊ ဘယ်ကျောက်နဲ့ သွားရောင်းလို့ရမှာလဲ ” လို့ ဆိုပါတယ် ။

 

ဖားကန့်မြို့နယ်အတွင်းမှာ ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းဆယ်ခုခန့်ရှိနေပြီး ခုတော့ လုပ်ငန်းအားလုံး ရပ်တန့်ထားတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ် ။

 

ဖားကန့်မြို့နယ်အတွင်းမှာ အောက်တိုဘာလနဲ့ နိုဝင်ဝင်ဘာလတွေက ဓါးပြတိုက် လူသတ်မှု ၊ ခိုးဆိုးလုယက်မှု ၊ မတရားခြိမ်းခြောက် ပြန်ပေးဆွဲမှုတွေ ရှိခဲ့ပြီး ၊ပြန်ပေးဆွဲဂိုဏ်းေတွက ပုဂ္ဂလိကငွေလွှဲလုပ်ငန်းေတွကိုအသုံးအချကာ ငွေပေးငွေယူ လုပ်ဆောင်ခဲ့တယ်လို့လည်းမြို့ခံတွေဆီက သိရပါတယ် ။

 

မြို့ခံတဦးပြောပြတာကတော့ ” ပြီးခဲ့တဲ့လတွေက တရုတ်လောပန်းတွေကို ပြန်ပေးဆွဲတာတွေရှိတယ် ။ပီးရင် ငွေလွှဲခိုင်းတာတွေရှိတယ်။ငွေလွှဲရင်လည်း ဒီပုဂ္ဂလိက ငွှေလွှဲတွေဆီကပဲ လွှဲခိုင်းကြတာလို့ပြောနေကြတယ် ” လို့ဆိုပါတယ် ။

 

ပုဂ္ဂလိကငွေလွှဲလုပ်ငန်းတွေအခုလို ရပ်ဆိုင်းလိုက်တာဟာ လုံးခင်းကျေးရွာက ဂျာနူး ငွေလွှဲဆိုင်ကို ဓါးပြဝင်တိုက်ခံရပြီးနောက် အခုလိုလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာလို့လည်း သိရပါတယ် ။ လုံခြုံရေး စိတ်မချရတာကြောင့် ရပ်ဆိုင်းတာလည်း ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ် ။

 

ယခုလို ပုဂ္ဂလိကငွေလွှဲလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာကြောင့် ငွေလွှဲခဈေးနှုံးတွေလည်းအဆမတန် မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ် ။အရင်ကအောက်ပိုင်းကနေ ဖားကန့်ကိုငွေလွှဲရင် သိန်းတထောင်ကို ငါးသောင်းနဲ့တသိန်းကြားသာ ဝန်ဆောင်ခ ပေးရပေမယ့် အခုတော့ အမြန်လွှဲချင်ရင် သိန်းတထောင်ကို လွှဲခ (၁၅)သိန်းအထိ ပေးနေရတယ်လို့လည်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

 

” ကျနော် ဟိုရက်က ကျောက်ရောင်းရတဲ့ငွေ ဖားကန့်လွှဲဘို့မေးကြည့်တာ သိန်းတထောင်ကို လွှဲခက ဆယ့်ငါးသိန်း(၁၅သိန်း) ပေးရမယ်ပြောတယ် ။ အဲလိုဆိုဘယ်လိုမှမကိုက်တော့ဘူး။ ပုံမှန် ဆိုရင်တော့ သိန်းတထောင်ကို လွှဲခ ဝန်ဆောင်ခပေါ့ လေးငါသိန်းလောက်တော့ပေါက်ပါတယ် ဟု ” သူကဆိုပါတယ် ။

 

အခုလို ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ကျောက်စိမ်းအရောင်းအဝယ်လုပ်ငန်းအပါအဝင် ကုန်စည်စီးဆင်းမှုတွေလည်း နှေးကွေးသွားနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ် ။ဖားကန့်ဒေသခံတွေဟာ ပုဂ္ဂလိကငွေလွှဲလုပ်ငန်းတွေကိုသာ အားကိုးနေကြရပြီး ၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာကြောင့် အွန်လိုင်းငွေကြေးစီးဆင်းမှုတွေလည်း ရပ်တန့်နေခဲ့ပြီဖြစ်ပါတယ်။

 

#vom #voiceofMyanmar #ဖားကန့် #ပုဂ္ဂလိကငွေလွှဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW